Healthy Life Ad
International

လှသွေးကြွယ်ဆဲ ၆၄ နှစ်အရွယ် ဘွားဘွား အရွယ်တင်နုပျိုလှပမှု လျှို့ဝှက်ချက်ကို ဖွင့်ဟ

၊ မိုးမင်းထွန်း ၊

သူစိမ်းတွေကတော့ အသက် ၆၄ နှစ်အရွယ် ဝင်ဒီအီဒါကို ၃၀ ကျော်အရွယ်လောက်သာရှိမယ်လို့ အထင်မှားကြပါတယ်။ အသက် ၄၃ နှစ်အရွယ်မှာ အိမ်ထောင်ရေး အဆင်မပြေမှုဖြစ်ပြီးတဲ့နောက် မြေးသုံးယောက်ရှိပြီဖြစ်တဲ့ဝင်ဒီဟာ ခန္ဓာကိုယ်လေ့ကျင့်ခန်းပြုလုပ်တာကို စတင်ခဲ့တယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တာက စိတ်ညစ်တာတွေပျောက်ဖို့ ထွက်ပေါက်ပါပဲလို့ သူကပြောပါတယ်။ ပြင်းပြင်း ထန်ထန်လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် ကိုယ်အလေးချိန် ၇၇ ပေါင်ကျဆင်းသွားခဲ့ပြီး ချပ်ရပ်တဲ့ဝမ်းဗိုက်နဲ့ ကိုယ်အနေအထား ကြော့ရှင်းလာခဲ့ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်တာက အစပိုင်းမှာတော့ မလွယ်ကူခဲ့ပါဘူးလို့ သူကဆိုပါတယ်။ ယုံကြည်မှုကျဆင်းနေပြီး သူဟာအသက်ကြီးလွန်းနေပြီလို့ ထင်ခဲ့မိတယ်လို့ပြောပါတယ်။

မိသားစုမောင်နှမတွေအကုန်လုံးက ခန္ဓာကိုယ်ဝတာကြောင့် သူဟာလည်း အမြဲဝနေမယ်ထင်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှုဟာ ချက်ချင်းဖြစ်မလာခဲ့ပေမယ့် ကခြင်း၊ ပြေးခြင်းနဲ့ ကိုယ်ခန္ဓာအလှအပ လေ့ကျင့်ခန်းတွေ ပေါင်းစပ်လုပ်ကိုင်တာကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း သွယ်လျလာခဲ့ပါတယ်။

အသက် ၅၇ နှစ်မပြည့်ခင်မှာ ဝင်ဒီဟာ ပထမဆုံးခန္ဓာကိုယ် အလှပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုသုံးဆုရယူနိုင်ခဲ့ပါတယ်။ ၁၈နှစ်ကျော်အမျိုးသမီး ပြိုင်ပွဲမှာ ဒုတိယဆု၊ ၃၅ နှစ်ကျော်ပြိုင်ပွဲမှာ ဒုတိယဆုနဲ့ ၄၅ နှစ်ကျော်ပြိုင်ပွဲမှာ ပထမဆုတို့ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ ဝင်ဒီဟာ ပြည်တွင်းချန်ပီယံရှစ်ကြိမ်လည်း ဖြစ်ခဲ့ပါတယ်။

ဝင်ဒီဟာ အသက်အကြီးဆုံး ခန္ဓာကိုယ်လှပမှုဆိုင်ရာ နည်းပြဆုနဲ့ တစ်မိနစ်အတွင်း အကြိမ် ၃၇ ခါ ဒိုက်ထိုးနိုင်မှုတို့အတွက်လည်း ဂင်းနက်စံချိန်နှစ်ခါ တင်ထားဖူးပါတယ်။ အခုအခါမှာ အတိတ်က နာကျင်စရာ ဒဏ်ရာတွေရှိတဲ့ အမျိုးသမီးတွေ စိတ်ဓာတ်မကျဘဲ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ကူညီပေးနေတယ်လို့လည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top