Healthy Life Ad
Life Style

တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုသလို ဘယ်အရာမှ အရမ်းစွဲလမ်းပြီး လွန်လွန်ကြူးကြူးမလုပ်သင့်ဘူး ဆိုတဲ့ ဖိုးကာ

phoeKar2

အစ်ကိုတို့မိသားစုမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် အတုယူလိုက်နာတာ မျိုးရှိပါသလား။
အဓိက အစ်ကိုသားလေးဆို အငြိမ်မနေဘူး၊ ဆော့တယ်၊ လှုပ်လှုပ်ရှားရှားနေတယ်။ သားလေးကို ကြည့်လိုက်ရင် အမြဲတက်ကြွလန်းဆန်းနေတာပဲ၊ အဲဒါကို သဘောကျတယ်။ သမီးလေးကျတော့ အေးတယ်၊ လှုပ်ရှားမှုသိပ်မရှိဘူး။ အဲ့ဒါကြောင့် Gym တွေ သွားဆော့ခိုင်းတယ်။ အရပ်ရှည်ပြီး တက်ကြွလန်းဆန်းမှုရှိအောင်လည်း လမ်းညွှန်ပေးဖြစ်တယ်။ အိမ်မှာနေရင်းလည်း လမ်းပုံမှန်လျှောက်တယ်။ ကိုယ်တတ်နိုင်သလောက် အားကစားလေးတွေလုပ်ဖြစ်ပါတယ်။ အစ်ကိုက ဒိုက်ထိုးရတာလည်း ဝါသနာပါတယ်။

အစ်ကိုရဲ့ ဇနီးကိုရော ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဂရုစိုက်လမ်းညွှန်အကြံပေးဖြစ်ပါသလဲ။
အစ်ကိုတို့ လင်မယားနှစ်ယောက်စလုံးကတော့ တစ်ယောက်ရဲ့ ကျန်းမာရေးကို တစ်ယောက်က အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖြစ်ပါတယ်။ အစားအသောက်ဆိုလည်း ဘယ်အစားစာက ကျန်းမာရေးအတွက် ကောင်းတယ်၊ ဘယ်လိုမျိုးစားသုံးသင့်တယ်ဆိုတာမျိုးတွေ ပြောဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း မြင်းခွာရွက်စားရင် ကျန်းမာရေးအတွက် အထောက်အကူပြုလို့ နေတိုင်းစားဖြစ်နေပါတယ်။

အစ်ကိုတို့မိသားစုမှာ တစ်ယောက်ယောက် ကျန်းမာရေးမကောင်းရင် ဘယ်လိုကုသမှုတွေ ဆောင်ရွက်ဖြစ်ပါသလဲ။
အစ်ကိုတို့ကတော့ အဓိက ဆရာဝန်နဲ့ပဲ ပြသတာများတယ်။ မိသားစုဝင်တွေ နေမကောင်းဖြစ်ရင် ကိုယ်တိုင်ကုသမှုလုပ်တာထက် တကယ်တော်တဲ့ တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါ။ အခုလက်ရှိမှာလည်း ကျန်းမာရေး အရမ်းဆိုးဝါးတဲ့ အခြေအနေမျိုးမရှိသေးပါဘူး။ အစ်ကိုတို့အားလုံး ကျန်းမာရေး ကောင်းကြပါတယ်။

phoeKar3

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဆေးလိပ်အရမ်းသောက်တာ၊ အစားအသောက် မဆင်ခြင်တာမျိုးတွေရှိရင် မိသားစုက ဘယ်လိုမျိုး ဝေဖန်အကြံပေးဖြစ်လဲ။
အစ်ကိုကတော့ အခုချိန်ထိ ကျန်းမာရေး အရမ်းမကောင်းဖြစ်တာလည်း မရှိခဲ့ဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာကိုလည်း မလုပ်ပါဘူး။ အဲ့ဒီအတွက် မိသားစုက အရမ်းကြီးမကြိုက်တာမျိုး မရှိပါဘူး။ တစ်ခါတလေတော့ ကောင်းမယ် ထင်တာလေးတွေကို အကြံပေးပြောပြတာမျိုးတော့ ရှိပါတယ်။

မိသားစုမှာ ကျန်းမာရေးအတွက် အရမ်းဆိုးဝါး တာမျိုးကြုံခဲ့ဖူးပါသလား။
အဲဒီလိုမျိုးတော့ မရှိခဲ့ဖူးပါဘူး။ တစ်ခုတော့ရှိတယ်၊ အစ်ကိုအမျိုးသမီး လွန်ခဲ့တဲ့ ၃-၄ နှစ်ကတော့ အမျိုးသမီးရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံခြားမှာ ကျန်းမာရေးစစ်ဆေးမှုတော့ လုပ်ခဲ့ဖူးတယ်။ အရမ်းဆိုးဝါးတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။

အစ်ကိုတို့ မိသားစုရဲ့ လက်ရှိကျန်းမာရေး စောင့်ရှောက်မှုပုံစံ
အဓိက အိပ်ရေးဝအောင် အိပ်တယ်။ ခရီးသွားရင် အားဆေးလေးတွေ ဆောင်သွားတယ်။ ပြီးတော့ အစ်ကိုက ဗီတာမင်စီကို အမြဲဆောင်ထားတယ်။ အစ်ကိုက အပြင်စားကို သိပ်မစားဖြစ်ဘူး။ အိမ်စာကို စားတာ ပိုများတယ်။ အစ်ကိုက အဆိုတော် တစ်ယောက်ဖြစ်တဲ့အတွက် အသံကိုတော့ ဂရုစိုက်ရပါတယ်။ အဓိက အရက်ရှောင်တယ်။ အရက်ကိုလည်း ကိုယ်တိုင် မကြိုက်ပါဘူး။ ဆေးလိပ်ကို တစ်ခါတလေတော့ သောက်တယ်။ အရမ်းစွဲစွဲလမ်းလမ်း လွန်လွန်ကြူးကြူး မလုပ်ဘူး။ ကျန်းမာရေး ဗဟသုတတွေကိုလည်း အတတ်နိုင်ဆုံး လေ့လာမှတ်သားပါ တယ်။

အစ်ကိုတို့ မိသားစုကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်
ကျန်းမာရေး အကြံပြုချက်ကတော့ ဘယ်အရာမှ အရမ်းစွဲလမ်းပြီး လွန်လွန်ကြူးကြူးလုပ်တာမျိုး မကောင်းပါဘူး။ တန်ရင်ဆေး၊ လွန်ရင်ဘေးဆိုသလိုပါပဲ။ ကျန်းမာရေး စစ်ဆေးမှုတွေလည်း လုပ်ကြပါလို့ ပြောချင်ပါတယ်။ ပရိသတ်အားလုံး ကျန်းမာပျော်ရွှင်သော ဘဝလေးတွေ ပိုင်ဆိုင်ကြပါစေ။

Most Popular

Healthy Life Ad
To Top