Healthy Life Ad
Health Tips

အရပ်အမောင်းနှင့် ကျန်းမာရေး

၊ သဒ္ဒါထက် ၊

ရွယ်တူတွေကြား အရပ်ရှည်လွန်းတဲ့သူဆိုရင် “ အရှည်ကြီး ” ၊ “ ထန်းပင် ” စသဖြင့်ခေါ်တတ်ကြသလို အရပ်ပုလွန်းနေပြန်ရင်လည်း “ ဂျပု ” ၊ “ ခွေးပု ” စသဖြင့် ကျီစယ်နောက်ပြောင်တတ်ကြပါတယ်။ ဆေးပညာအရအရပ်အမောင်းဟာ ကင်ဆာဖြစ်နိုင်ခြေရှိသလား၊ နှလုံးရောဂါဖြစ်နိုင်ခြေရှိသလား စတာတွေကို ပြောပြနိုင်သလို သင်ဘယ်လောက်ဆွဲဆောင် မှုရှိသလဲဆိုတာနဲ့ အနာဂတ်မှာသင့်အနေနဲ့ ဝင်ငွေဘယ်လောက်ရမှာလဲဆိုတဲ့ အချက်တွေနဲ့လည်း ဆက်စပ်နေပါတယ်။

– အရပ်ရှည်တာက သင့်နှလုံးကို ကျန်းမာစေပါတယ်

ဥရောပနှလုံးကျန်းမာရေးဂျာနယ်က ပြုလုပ်တဲ့လေ့လာမှုတစ်ခုအရ အရပ်ပုတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့သိရပါတယ်။ လေ့လာမှုအရ အရပ်ငါးပေသုံးလက်မအောက်ပုတဲ့ အရွယ်ရောက်သူတွေဟာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများပြီး အဲဒီရောဂါနဲ့သေဆုံးနိုင်ခြေ ရှိတယ်လို့သိရပါတယ်။

– အရပ်ရှည်တာက ကိုယ်ဝန်ရနိုင်ခြေများပြီး ကလေးမွေးဖွားရလွယ်ကူစေပါတယ်

အရပ်ငါးပေနှစ်လက်မနဲ့ အောက်ရှိသူအမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ လေ့လာမှုအရသိရပါတယ်။ မျိုးရိုးဗီဇဟာဂလူးကို့စ်ကို ခံနိုင်ရည်ရှိတာနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်မယ်လို့လေ့လာသူတွေက သုံးသပ်ထားပါတယ်။

– အရပ်ပုတာကကင်ဆာကို တွန်းလှန်နိုင်ခြေများပါတယ်

အရပ်အမောင်းနဲ့ သိသိသာသာဆက်စပ်မှုရှိနေတဲ့ တချို့ကင်ဆာတွေရှိပါတယ်။ အဲဒါတွေကတော့ မှဲ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အစာဟောင်းအိမ်ကင်ဆာတို့ ဖြစ်ကြပါတယ်။ အရပ်ငါးပေနှစ်လက်မရှိသူတွေက အရပ်ငါးပေ ၁၀ လက်မရှိသူတွေနဲ့ယှဉ်ရင် ကင်ဆာဖြစ်နိုင်ခြေ ပိုလျော့နည်းပါသတဲ့။

– အရပ်ပုတာက သွေးခဲတဲ့ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်

အရပ်အမောင်းငါးပေနှစ်လက်မနဲ့ အောက်ရှိသူတွေက ပုံမှန်ကိုယ်အလေးချိန်အောက်ရှိရင် အရပ်ပိုရှည်သူတွေထက် သွေးခဲတဲ့ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အရပ်ပိုရှည်တဲ့သူတွေက သွေးလှည့်ပတ်မှုကောင်းဖို့ ပိုကြန့်ကြာတတ်တဲ့အတွက် လေဖြတ်နိုင်ခြေများပြီး သွေးစီးဆင်းမှုလျော့နည်းရတာ ဖြစ်ပါတယ်။

– အရပ်ပုတာက သင့်ကိုပိုပြီး သက်ရှည်ကျန်းမာစေပါတယ်

သင်က အသက် ၉၀ ကျော်အရွယ်အထိ အသက်ရှည်နိုင်ပါတယ်၊ တကယ်လို့များ အရပ်ပုသူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီ့ထက်ပိုပြီး အသက်ရှည်ကျန်းမာနိုင်ပါတယ်။ အဲလ်ဘတ်အိုင်းစတိုင်း ဆေးကောလိပ်မှသိပ္ပံပညာရှင်တွေက အသက်ရှည်တာနဲ့အရပ်အမောင်းက ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

မှတ်သားရန်

အရပ်ပုသူတွေကော အရပ်ရှည်သူတွေပါ သိထားသင့်တဲ့အချက်က သင့်ကျန်းမာရေးအခြေအနေတစ်ခုလုံးဟာ သင့်အရပ်အမောင်းပေါ် မူတည်နေတယ်လို့မဆိုလိုပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံရှိတာက သက်ရှည်ကျန်းမာပြီး နေပျော်ဖို့ကောင်းတဲ့ဘဝ ပိုင်ဆိုင်စေမယ့်သော့ချက်တစ်ခုပါ။

(Ref;SN)

Most Popular

Healthy Life Ad
To Top