Healthy Life Ad
Health Tips

၀က်ခြံပေါက်တိုင်း ဖဲ့ဆိတ်တတ်တဲ့ အကျင့်ရှိနေသူတို့အတွက် . .

၊ ငွေကြယ်စင်ယံ ၊

မျက်နှာမှာ ဝက်ခြံပေါက်တဲ့အခါ ထိချင်၊ ဆိတ်ချင်၊ ညှစ်ကြည့်ချင်တာ လူ့သဘာဝပါ။ ဝက်ခြံကို မညှစ်သင့်ဘဲညှစ်တာ၊ ထိတာ၊ ဆိတ်တာတို့ လုပ်တာကြောင့် မျက်နှာမှာ အမာရွတ်တွေ ထင်တာနဲ့ ဝက်ခြံဖုတွေ ပိုဆိုးဝါးတာတို့ ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံဖုကို ဖဲ့ဆိတ်လိုက်လျှင် ဖြစ်တတ်သော နောက်ဆက်တွဲ အခြေအနေများ

– ဝက်ခြံဖုကို လက်နဲ့ ညှစ်လိုက်တဲ့အခါ ဘက်တီးရီးယား၊ ပြည်နဲ့အဆီအညစ်အကြေးတွေ ထွက်လာပြီး အရေပြားအပေါ်ယံလွှာမှာ ပျံ့နှံ့ကာ ဝက်ခြံ အဖုအပိမ့်များများ ထွက်လာစေနိုင်ပါတယ်။

– ဝက်ခြံဖုကို ထိတာနဲ့ ဖောက်တာတွေလုပ်တာကြောင့် ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေဟာ အရေပြားရဲ့ ပိုနက်နဲတဲ့ အပိုင်းထဲကို ဝင်ရောက်သွားနိုင်ပါတယ်။

– ဝက်ခြံဖုကို ထိတွေ့တဲ့ သင့်လက်က မသန့်ရှင်းရင် ဝက်ခြံဖုဟာ ဘက်တီးရီးယားပိုးအသစ်တွေနဲ့ ထိတွေ့ရာက ပိုမို နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ ပိုးဝင်တာတို့ ဖြစ်ပြီး အနာပိုရင်းလာတတ်ပါတယ်။ အဲဒီလိုဖြစ်ရာက အမာရွတ်ကြီး စွဲထင်သွားတတ်ပါတယ်။

ဝက်ခြံဖုကို မဖဲ့ဆိတ်ဘဲ ထားလျှင်

ဝက်ခြံဖုကို လက်နဲ့ မထိတွေ့ဘဲ၊ မဖဲ့ဆိတ်ဘဲ၊ မညှစ်ဘဲထားတာ အကောင်းဆုံးပါ။ ဝက်ခြံဖုကို ဆေးလိမ်းပြီး ဒီအတိုင်းထားရင် အနာက ၃-၇ ရက်အတွင်း အလိုလို အနာကျက်သွားပါလိမ့်မယ်။

ဝက်ခြံဖုကို မဖဲ့ဆိတ်ရ မနေနိုင်သူတို့ လုပ်ဆောင်သင့်သည့် အချက်များ

– အရေပြားအထူးကု ဆရာဝန်တွေနဲ့ ကျွမ်းကျင်တဲ့ သူတွေက ဝက်ခြံကို အန္တရာယ်ကင်းအောင် ဘယ်လိုထိတွေ့ကိုင်တွယ်ရမယ်ဆိုတာ သိနားလည်ကြပါတယ်။ လက်အိတ်ဝတ်ပြီး ပိုးသတ်ထားတဲ့ အပ်နဲ့ ဝက်ခြံဖုကိုဖောက်လေ့ရှိပါတယ်။ အဲဒီအခါ ပြည်တွေထွက်လာပြီး အနာက ချက်ချင်းသက်သာသွား တတ်ပါတယ်။ အမာရွတ်လည်း မကျန်ပါဘူး။

တကယ်လို့ မိမိဘာသာ ဝက်ခြံဖုကို ညှစ်ထုတ်မယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာပေးပါ။

(၁) ဝက်ခြံကို အစောကြီး မဖောက်ထုတ်ပါနဲ့။ ဝက်ခြံထိပ်က အဖြူဆံလေး တင်းမာတဲ့အထိ စောင့်ပါ။ ဒါက ပြည်တွေဟာ မျက်နှာပြင်နားကပ်ပြီး ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

(၂) လက်ကို ကြက်သီးနွေးရေ၊ ဆပ်ပြာတို့နဲ့ သေချာ ဆေးကြောသန့်စင်ပေးပါ။

(၃) အပ်ကို ပိုးသေအောင် ပြုတ်ပြီး အေးအောင် ထားကာ အရက်ပြန်သုတ်ပေးပါ။ ပြီးမှ တစ်သျှူးစနဲ့ အပ်ကို ကိုင်ပြီး ဝက်ခြံရဲ့ ပြည်ရှိတဲ့ အဖြူဆံနေရာကို ညင်ညင်သာသာ ထိုးဖောက်ပေးရမှာ ဖြစ်ပါတယ်။

(၄) လက်ချောင်းတွေကို သုံးပြီး ဝက်ခြံကို ညှစ်ထုတ်ပေးပါ။ ပြည်တွေ အလွယ်တကူ ထွက်မလာရင် ဝက်ခြံက ပေါက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။

(၅) ပြီးရင် ဝက်ခြံ ဘေးပတ်လည်ကို သန့်စင်အောင် ဆေးကြောလိုက်ပါ။

ဝက်ခြံဖုကို မိတ်ကပ်ဖြင့် ဖုံးအုပ်ခြင်း

ဝက်ခြံဖုကို လက်နဲ့ ညှစ်မယ့်အစား ကြည့်ရဆိုးနေရင် မိတ်ကပ်နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ သင်ဖုံးအုပ်မယ့် မိတ်ကပ်က ဝက်ခြံမပေါက်စေတဲ့ Noncomedogenic အမျိုးအစား ဖြစ်သင့်ပါတယ်။

မိတ်ကပ်အများကြီးနဲ့ ဝက်ခြံဖုကို ဖုံးအုပ်စရာ မလိုပါဘူး။ အပြစ်အနာအဆာကို ဖုံးအုပ်ရာမှာ မိတ် ကပ်နည်းလေ၊ ကောင်းလေ ဖြစ်ပါတယ်။

ဝက်ခြံဖုကို ဖုံးအုပ်တဲ့အခါ နီမြန်းတဲ့အပိုင်းကိုပဲ ဖုံးအုပ်ပါ။ အဲဒီနေရာမှာ မိတ်ကပ်တွေပုံနေရင် တောင်ပို့ငယ်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ အဲဒီအခါ ပိုထင်ရှားပြီး ပိုမို သိသာနေစေပါတယ်။ ဒါကြောင့် အသားအရေအရောင်နဲ့ တစ်သားတည်း ဖြစ်နေတဲ့ ကွန်ဆဲလ်လာ အမျိုးအစားကိုသုံးပြီး ဝက်ခြံဖုကို ဖုံးအုပ်ပေးသင့်ပါတယ်။

ဝက်ခြံဖုကို ဖုံးအုပ်ရာမှာ လက်နဲ့မဖိပါနဲ့။ ကွန်ဆဲလ်လာလိမ်းတဲ့ ဘရပ်ရှ်နဲ့ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။

(Ref;WM)

Most Popular

Healthy Life Ad
To Top