Healthy Life Ad
Life Style

ထစ်ခနဲရှိ ဒေါသထွက်နေတယ် . . .

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း၊ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

ဒေါသဖြစ်သည့် အကြောင်းရင်းများ

ဒေါသဖြစ်တဲ့ အကြောင်းရင်းက လေးချက်ရှိပါတယ်။
(၁) အလိုမပြည့်ရင်လည်း ဒေါသဖြစ်တယ်၊
(၂) မျှော်လင့်ချက်နဲ့ လက်တွေ့နဲ့ကွာဟတာကို လက်ခံဖို့ အဆင်သင့်မဖြစ်ရင်လည်း ဒေါသဖြစ်တယ်၊
(၃) အလိုလိုနေရင်း ထစ်ခနဲရှိ ဒေါသနဲ့တုန့်ပြန်တတ်တဲ့ အပြုအမူကြောင့်လည်း ဒေါသဖြစ်တယ်၊
(၄) ပြဿနာတစ်ခုကို ချည်းကပ်တဲ့အခါမှာ စိတ်အေးလက်အေး မချည်းကပ်ဘဲနဲ့ ဆန္ဒဇောတွေများပြီး မိမိရဲ့အလိုဆန္ဒကို ဦးစားပေးတာတွေ များတဲ့အခါမှာလည်း ဒေါသဖြစ်ပြီး ပေါက်ကွဲတတ်တယ်။

ဒေါသဖြစ်စေသည့် အကြောင်းအချက်များ

ဒေါသဖြစ်စေတဲ့ အကြောင်းအချက်တွေက
(၁) ကာယကံရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေရှိတယ်၊
(၂) ပတ်ဝန်းကျင်ရဲ့ ဒေါသဖြစ်အောင်လှုံ့ဆော်တဲ့ အကြောင်းအချက်တွေရှိတယ်၊
(၃) ဒီအခြေအနေကို စေ့ဆော်တဲ့ ပတ်ဝန်းကျင် (ဥပမာ ပြောရမယ်ဆိုရင် လူတစ်ယောက်က ကိုယ့်ဘာသာ မတော်တဆ ခလုတ်တိုက်လဲတယ်၊ ဘယ်သူမှ မမြင်ရင် ပြဿနာမရှိဘူး၊ ခလုတ်တိုက်တာက လူရှေ့သူရှေ့မှာ ဖြစ်ပြီး သတိလက်လွတ်ဖြစ်၊ ရှက်ရှက်နဲ့ ဒေါသထွက် ပေါက်ကွဲတာမျိုးဖြစ်တာမျိုး)ရှိတယ်. .

ဟိုးတလောက မြန်မာနိုင်ငံက Miss Universe မေဘရဏီသော်ဟာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း ခလုတ်တိုက်ပြီးလဲသွားတယ်၊ သူ့ဘာသာ သတိမလွတ်ဘဲ အပြုံးမပျက် လက်ခုပ်တီးပြီးပြန်ထတယ် . . ဒါက ချီးကျူးစရာကောင်းတဲ့ အပြုအမူဖြစ်ပါတယ်။

‘ထစ်ခနဲရှိ ဒေါသထွက်လွယ်တာ၊ စိတ်က အလိုမကျတာ၊ လူတိုင်းနဲ့ ရန်ဖြစ်ချင်နေတာ . . အဲဒါ ဘာကြောင့်ပါလဲ၊ မဖြစ်အောင် ဘယ်လိုထိန်းချုပ်သင့်ပါသလဲ၊ ဆေးကုသဖို့ လိုပါသလား သိချင်ပါတယ် . . .

ဒေါသထွက်တာက ရောဂါမဟုတ်ပါ

ခြုံပြောရမယ်ဆိုရင် ဒေါသထွက်တာက ရောဂါကြောင့်မဟုတ်ပါဘူး၊ အခြေအနေကြောင့် ဖြစ်တတ်ပါတယ်။ ဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေက ကာယကံရှင်အပေါ်မှာ မူတည်ပါတယ်။ ဥပမာပြောရရင် ခြံစောင့်ခွေးကို ခြံလုံစေချင်တယ်ဆိုရင် ညနေစာမကျွေးရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ညနေစာ မစားထားရတဲ့အတွက် အလိုလိုနေရင်း စိတ်တိုနေတော့ ခြံစောင့်ခွေးက မြင်မြင်ရာကို ဒေါသနဲ့တုန့်ပြန်တတ်ပါတယ်။

ဒီလိုပဲ လူတစ်ယောက်ရဲ့ ဒေါသကို လေ့ကျင့်တဲ့အခါ အလိုမပြည့်မှုတွေ၊ နစ်နာမှုတွေနဲ့ စေ့ဆော်ထားရင် ဘာပဲဖြစ်ဖြစ် ဒေါသနဲ့ တုန့်ပြန်တတ်ပါတယ်။ အဲဒါကို Conditioned Reflex လို့ ခေါ်ပါတယ်။ အရင်က စစ်ဆင်ရေးထွက်တဲ့အခါ စစ်ပွဲမှာသုံးမယ့် ဆင်တွေကို စိတ်ကြွအောင်လုပ်တဲ့အပြင် သတိလွတ်စေမယ့် အရက်/ဆေးဝါး တိုက်တာမျိုးတွေပါ လုပ်လေ့ရှိပါတယ်။ အခုခေတ်မှာ ပေါ်နေတဲ့ စိတ်ကြွဆေးတွေကလည်း ဒီအတိုင်းပဲ . . အဲဒီဆေးတွေသုံးရင် အလိုလိုနေရင်း ဒေါသထွက်နေတယ်၊ ထစ်ခနဲရှိရင် အပြုအမူတွေက လက်လွန်ခြေလွန်တွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် အဲဒီဆေးတွေကို စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများလို့ အမည်ပေးထားတာဖြစ်ပါတယ်။

နောက်တစ်ချက်က ခန္ဓာကိုယ်ထဲမှာ ကြိတ်မနိုင်၊ ခဲမရ ရောဂါဝေဒနာတစ်မျိုး ဒါမှမဟုတ် နာတာရှည် ခံစားနေရတဲ့ ရောဂါဝေဒနာတစ်မျိုးရှိနေရင် အလိုလိုနေရင်း စိတ်တိုနေတတ်တယ်၊ ဒေါသထွက်နေတတ်တယ် . . ‘ငါ့မှာ ဒီဝေဒနာ ခံရလေခြင်း’ ဆိုတဲ့စိတ်နဲ့ မကျေမနပ်ဖြစ်နေတတ်ပါတယ်။

အခြေအနေရယ်၊ ပုဂ္ဂိုလ်ရယ်၊ စေ့ဆော်မှုရယ် . . သုံးမျိုးပေါင်းပြီး ဒေါသထွက်တတ်ပါတယ်။ ရောဂါဝေဒနာအနေနဲ့ စိတ်ကြွရောဂါ၊ စိတ်ဖောက်ပြန်တဲ့ရောဂါ၊ အတက်ရောဂါ စတဲ့ စိတ်ရောဂါဝေဒနာ လက္ခဏာတွေကြောင့်လည်း ထစ်ခနဲရှိ ဒေါသထွက်တတ်ပါတယ်။

ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ

ဒေါသဖြစ်စေတဲ့ အကြောင်းရင်းတွေပေါ်မူတည်ပြီး ဒေါသထိန်းချုပ်နည်းက အများကြီးကွဲလွဲနေပါတယ်။ စိတ်ပညာမှာဒေါသထိန်းချုပ်မှု “Anger Management” ဆိုပြီး သီးခြားဘာသာရပ်တစ်ခုရှိပါတယ်။ အလွယ်ဆုံးဥပမာပေးရမယ်ဆိုရင် ဂတ်စ်မီးခြစ်ကို ကျောက်နဲ့ဘီးလုံးနဲ့ထိပြီး မီးပွင့်သွားတဲ့အခါ ဂတ်စ်ကို ဖွင့်ပေးထားရင် မီးတောက်က ဆက်ပွင့်နေပါမယ်။ ဂတ်စ်မီးခြစ်ကို ပိတ်လိုက်ရင် မီးတောက်က ပိတ်သွားမှာ ဖြစ်ပါတယ်။ အဓိကရုဏ်းတွေရဲ့ဖြစ်စမှာ ဒေါသထွက်စေတဲ့အကြောင်းတွေကို နောက်ကနေလောင်စာဆိုတဲ့ စေ့ဆော်မှုတွေ ထည့်ပေးသွားရင် အဓိကရုဏ်းကပိုဆိုးလာပြီး ရုန်းရင်းဆန်ခတ်မှုတွေ၊ ဒေါသထွက်ပေါက်ကွဲမှုတွေ ပိုဖြစ်လာတတ်ပါတယ်။

ဒေါသထွက်တာကိုရပ်ပြီး အသက်ကို တအားရှိုက်ပြီး ပြင်းပြင်းရှူရပါမယ်။ ပြီးတဲ့အခါ ဖြည်းဖြည်းချင်း ပြန်ထုတ်ရပါမယ်။ အသက်ပြင်းပြင်းရှူ . . ဖြည်းဖြည်းထုတ် . . အဲဒါကို ၇ကြိမ်ကနေ ၁၀ ကြိမ်လောက် သတိမလွတ်ဘဲ လုပ်ကြည့်မယ်ဆိုရင် ဒေါသက အလိုလို ပြေလျော့သွားပါလိမ့်မယ် . . .

တကယ်တော့ အဲဒီအချိန်မှာ သတိတရားနဲ့ ထိန်းဖို့လိုပါတယ်။ တုန့်ပြန်မှုတိုင်းကို ဒေါသမပါဘဲ တုန့်ပြန်တတ်တဲ့ အလေ့အကျင့်ရအောင် လေ့ကျင့်ရပါမယ်။ ဒေါသထွက်နေတာကို ချက်ချင်းသိရင် ဆင်ခြင်ပါ၊ ဒေါသထွက်နေတာကို ချက်ချင်းမသိရင်တောင် ကိုယ်ဒေါသထွက်နေပါလားဆိုတာကို သိတဲ့အချိန်ကစပြီး ဒီအပြုအမူကို ရပ်ဖို့လိုပါတယ် . . ဒေါသထွက်လာပြီဆိုရင် ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေက ကြမ်းတမ်းတဲ့အတွက် ပထမဆုံးလုပ်သင့်တဲ့အချက်က ဒေါသထွက်တာကိုရပ်ပြီး အသက်ကို တအားရှိုက်ပြီး ပြင်းပြင်းရှူရပါမယ်၊ ပြီးတဲ့ အခါ ဖြည်းဖြည်းချင်းပြန်ထုတ်ရပါမယ်၊ အသက်ပြင်းပြင်းရှူ . . ဖြည်းဖြည်းထုတ် . .အဲဒါကို ၇ကြိမ်ကနေ ၁၀ ကြိမ်လောက် သတိမလွတ်ဘဲ လုပ်ကြည့်မယ်ဆိုရင် ဒေါသက အလိုလိုပြေလျော့သွားပါလိမ့် မယ်။ ဒါက ချက်ချင်းရရှိမယ့် အကျိုးကျေးဇူးပဲဖြစ်ပါတယ်။ ဆရာတော်ဦးဆေကိန္ဒကပြောပါတယ်။ လူတိုင်းပါးစပ်မှာ ဘရိတ်တပ်ဖို့လိုနေပြီတဲ့။

နောက်တစ်ချက်က ရေနွေးဆူနေတာကို အဖုံးဖုံးထားရင်ရေနွေးလျှံကျသွားပါမယ် . . ဒီတော့ နည်းမှန်၊ လမ်းမှန်နဲ့ ထွက်ပေါက်ပေးရပါမယ်။ နည်းမှန်၊ လမ်းမှန်နဲ့ ထွက်ပေါက်ပေးနိုင်ဖို့ဆိုတာ ကိုရီးယားကားတွေထဲမှာ တွေ့ရလိမ့်မယ်၊ ေဒါသဖြစ်လာရင် အလုပ်ခေါင်မိုးပေါ်ကနေ တက်အော်တယ်၊ ဟန်မြစ်နားမှာ သွားအော်တယ် . . ဒါက ဒေါသထိန်းချုပ်တဲ့ ‘Anger Management’ မှာ အရေးကြီးတဲ့ နည်းပါပဲ။ အန္တရာယ်အကင်းဆုံး၊ ဘေးပတ်ဝန်းကျင် အနှောင့်အယှက်အနည်းဆုံး နေရာတွေမှာ ကိုယ်ရဲ့အင်အားတစ်ခုကိုသုံးပြီး ထွက်ပေါက်ပေးရမှာ ဖြစ်ပါတယ်။ ရေနွေးဆူနေချိန် အဖုံးဖွင့်ပေးထားရင် ရေလျှံမကျသလိုမျိုးပါပဲ။

တတိယတစ်ချက်က ဒေါသကိုကိုယ်ရဲ့ ဖန်တီးမှုတစ်ခုနဲ့ အာရုံလွှဲတာမျိုးပါ။ ဥပမာ တချို့လူတွေ ဒေါသထွက်နေ ပြီဆိုရင် ကာရာအိုကေဆိုင်သွားပြီး သီချင်းဆိုတယ်၊ ပန်းချီဆွဲတယ်၊ အားကစား သွားလုပ်တယ်၊ တချို့လူတွေ ကျတော့ ဘောက်စင်သွားထိုးတယ်၊ ဒေါသထွက်တာကို မှန်ကန်တဲ့ အပြုအမူနဲ့ ပြောင်းလဲပြီး လုပ်လိုက်ရင် ဒေါသပြေလျော့သွား ပါလိမ့်မယ်။ အားလုံးခြုံပြီးပြောမယ်ဆိုရင် ဆရာတို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သတိမလွတ်တဲ့ အပ္ပမာဒတရားကို လက်ကိုင် ထားပြီး ဒေါသဖြစ်စရာ အကြောင်းတွေကို အမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားပေးဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top