Healthy Life Ad
Health Tips

အစပ် စားခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုး

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ငရုတ်သီးစိမ်းထဲမှာပါတဲ့ Capsaicin ဓာတ်က စွဲလမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ငရုတ်သီးစိမ်း ကို ဒီနေ့ တစ်တောင့်စားလိုက်ရင် နောက်သုံးပတ်လောက် ကြာတဲ့အခါ နှစ်တောင့်စားဖြစ်သွားတယ်။ ငရုတ်သီးမှာပါတဲ့ ကပ်ဆိုက်စင်ဓာတ်ကြောင့် တစ်တောင့်ကနေ နှစ်တောင့်-နှစ်တောင့်ကနေ သုံးတောင့်စားဖြစ်သွားကြတယ်။ ငရုတ်သီးစားတဲ့သူတွေက လျော့သွားတယ်ဆိုတာ မရှိပါဘူး။ တချို့ဆိုရင် ၁၀တောင့်လောက်ကို စားတဲ့အထိ တွေ့ရပါတယ်။

….. * အစပ်စားခြင်းကြောင့် ရရှိနိုင်သည့် ကောင်းကျိုး * …..

ငရုတ်သီးက အကျိုးရှိသလားလို့မေးရင် အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ကင်ဆာကို ကာကွယ်နိုင်တဲ့ ကောင်းကျိုးတော့ ရှိပါတယ်။ ဗီတာမင်စီ ပါဝင်မှုကတော့ နည်းပါတယ်။

နောက်တစ်ချက် ငရုတ်သီးစိမ်းဟာ လူတွေကို အစာပိုစားလို့ ကောင်းသွားစေပါတယ်။ ပူလည်း ပူတဲ့အတွက် စားလို့ ပိုအရသာရှိသလို စွဲလမ်းစေတဲ့ ကောင်းကျိုးလည်း ရှိပါတယ်။ ဥပမာ ထမင်းစားလို့ မကောင်းရင် ငရုတ်သီးစိမ်းနဲ့ တွဲစားတဲ့အခါ ထမင်းစားလို့ ကောင်းသွားစေပါတယ်။

ရခိုင်လူမျိုးတွေ ငရုတ်သီးစိမ်း စားတာများပေမယ့် ဗိုက်မနာကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငရုတ်သီးစိမ်းကို ပြုတ်ပစ်လိုက်ပါတယ်။ ပြုတ် စားတာနဲ့ အစိမ်းစားတာ ဘာကွာသလဲဆိုရင် ပြုတ်လိုက်တော့ ပိုးသေသွားပါတယ်။ အဲဒီတော့ ပိုးမပါ တော့တဲ့အတွက် ဗိုက်မနာတော့ပါဘူး။

….. * အစပ်စားခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုး * …..

အစပ်ကြိုက်သူတွေအတွက် ကျန်းမာရေး ဆိုးကျိုးကတော့ ရင်ပူတယ်၊ ဗိုက်နာတယ်၊ အစပ်များ များစားရင် ဆီးသွားတဲ့အခါ ပူတယ်၊ ဝမ်းသွားတဲ့ အခါ ပူတယ်။

တကယ်လို့ အစာအိမ်ရောဂါရှိရင် အစပ်နဲ့ မတည့်ပါဘူး။ အစာအိမ်ရောဂါ ရှိသူတွေ အတွက် ဝေဒနာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါ ရှိသူတွေဆိုရင် ငရုတ်သီး မစားသင့်ပါဘူး။

ငရုတ်ကြမ်းမှုန့် စားသင့်သလား ?…

ငရုတ်သီးအခြောက်တွေဆိုရင်တော့ အားမပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှိုတွေပါနိုင်ခြေ များတဲ့အတွက် ငရုတ်သီးအခြောက် များများ စားတဲ့ သူတွေက အသည်းထဲမှာရှိတဲ့ Alfafeto_proteinဆိုတဲ့ အင်ဇိုင်းကို တက်စေပါတယ်။ ဒီတော့ အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ငရုတ်သီးအခြောက်မှုန့်တွေ ခပ်စားတာမျိုး တတ်နိုင်ရင် ဆင်ခြင်စေချင်ပါတယ်။ အစပ်ကြိုက်တယ် ဆိုရင်တောင် ငရုတ်သီးစိမ်းကို ရေဆေးပြီးမှ ကိုက်စားတာ၊ ထောင်းစားတာ လုပ်စေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top