Healthy Life Ad
Child

ကလေးငယ်ဖျားလျှင်

မီမိုး ( ဆေးဝါးတက္ကသိုလ် )
ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ကနေ အန္တရာယ်ရှိတဲ့ ရန်သူတွေကို ကိုယ်ခံအားစနစ်က တွန်းလှန်ပေးတဲ့ နည်းလမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ဦး ဖျားပြီဆိုရင် လူကြီးမိဘတွေကတော့ ခြေမကိုင်မိ၊ လက်မကိုင်မိ ပြာယာခတ်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိအောင် ပူလောင်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ ကလေးငယ်ရဲ့ အဖျားဝေဒနာသက်သာစေဖို့ သင်လုပ်ဆောင်ပေးနိုင်တဲ့ နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးပါ
ဖျားနေချိန်မှာ ကလေးငယ်ကို အနွေးထည် အထူတွေ ဝတ်၊ စောင်ထူထူခြုံတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပြီး အေးမြတဲ့ အခန်းထဲမှာ ထားသင့်ပါတယ်။ ကလေးရဲ့ နဖူးပေါ်ကို ရေခဲဝတ်အုပ်ပေးတာ၊ ကလေးရဲ့ ချိုင်းကြား၊ ပေါင်ခြံစတဲ့ နေရာတွေကို ရေဝတ်နဲ့ သုတ်ပေးတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အခန်းအပူချိန်ကိုအေးမြအောင်ထားပြီး လေဝင်လေထွက်ကောင်းတဲ့ အခန်းထဲမှာထားတာက ကလေးငယ်ကို ပိုပြီး သက်သောင့်သက်သာရှိစေပါတယ်။ ကလေးချွေးထွက်လာရင် အဝတ်အစားကို ချက်ချင်းလဲပေးသင့်ပါတယ်။ ချွေးစိုနေတဲ့အဝတ်တွေကို လဲမပေးရင် ကလေးပြန်ဖျားစေနိုင်ပါတယ်။

(၂) ကြက်သီးနွေးရေ ချိုးပေးပါ
ကလေးရဲ့ ကိုယ်အပူချိန်က အလွန်မြင့်နေရင် ကြက်သီးနွေးရေနဲ့ ချိုးပေးပါ။ ရေနွေးထဲ ဆားခါး (Epsom Salt) ဒါမှမဟုတ် ချင်း(ဂျင်း)မှုန့်ထည့်ပေးရင် ဖျားတာကြောင့်ဖြစ်တဲ့ ကြွက်သားကိုက်ခဲနာကျင်တဲ့ ဝေဒနာသက်သာစေပါတယ်။ အချိန် ၁၀ မိနစ်အတွင်း ကိုယ်အပူချိန်ကျသွားပါလိမ့်မယ်။ ခဏတာ ရေချိုးပြီးတဲ့အခါ ရေစင်အောင်သုတ်ပေးပြီး ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ အဆီတစ်မျိုးလိမ်းပေးကာ အဝတ်အစား ဝတ်ပေးပါ။

(၃) ကလေးကို အရည်များများတိုက်ရန် မမေ့ပါနှင့်
ကလေးကို ရေများများတိုက်ပေးပါက ဆီးထဲကတစ်ဆင့် ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို ထွက်ရှိသွားစေပါတယ်။ ကလေးက ရေများများသောက်လေလေ၊ အဖျားဝေဒနာမှ ပြန်လည်သက်သာနှုန် မြန်လေလေဖြစ်ပါတယ်။

(၄) ကလေး ဖျားနေချိန် ပြည့်ပြည့်ဝ၀ အနားယူခိုင်းပါ
ကလေးဖျားနေချိန်မှာ ကာတွန်းကားကြည့်တာ၊ စာကျက်တာစတဲ့ အလုပ်တွေ မလုပ်ခိုင်းပါနဲ့။ ကလေးကို သက်သောင့်သက်သာ အိပ်စက်အနားယူခိုင်းပါ။ အိပ်စက်အနားယူတာက ကလေးကို ခပ်မြန်မြန် သက်သာစေပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို တည်ဆောက်ပါ
ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် မြင့်တက်စေဖို့ ဗီတာမင်စီနဲ့ ဇင့်(သွပ်)ဓာတ်ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေးကို ဖြည့်တင်းပေးပါ၊ ဒီနည်းက ကလေးငယ်ရဲ့ ဖျားနာတဲ့ဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ ကလေးက အစားကြေးများသူဖြစ်ရင် အာဟာရရှိတဲ့ အစာတွေကိုစားအောင် ဆွဲဆောင်ဖို့ ပင်ပန်းပေမယ့် အိမ်မှာ ပြုပြင်ကာ ကျွေးသင့်ပါတယ်။

– ကြက်ရိုးစွပ်ပြုတ်နှင့် အခြားစွပ်ပြုတ်များ
ကလေးက ဖျားနာတဲ့ ဝေဒနာသက်သာဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်ရရှိအောင် ကြက်ရိုးစွပ်ပြုတ်နဲ့ တခြားစွပ်ပြုတ်တွေကို အိမ်မှာ ချက်ကျွေးသင့်ပါတယ်။

– ပူဒီနာ (ပူစီနံ)လက်ဖက်ရည်
ရေနွေးကြမ်းထဲ ပူဒီနာ(ပူစီနံ)ရွက်ခတ်ပြီး တိုက်တာကြောင့် ဖျားတာနဲ့ ဆက်စပ်ခံစားရတဲ့ ကြွက်သားကိုက်ခဲနာကျင်မှုနဲ့ ခေါင်းကိုက်တာတို့ သက်သာစေပါတယ်။

(၆) ကယ်လ်ဆီယမ် တိုက်ကျွေးပါ
ကယ်လ်ဆီယမ်က ရိုးတွင်းခြင်ဆီကနေ ကျန်းမာတဲ့ သွေးတွေ ထွက်လာအောင် ကူညီပြီး ခန္ဓာကိုယ်ရဲ့ အဓိကရောဂါတွန်းလှန်တဲ့ သွေးဖြူဥတွေကို အထွက်များစေတာကြောင့် ဖျားတဲ့အခါ အသုံးဝင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးကို ကယ်လ်ဆီယမ် အားဆေးတိုက်ကျွေးသင့်ပါတယ်။

(၇) ပါရာစီတမော တိုက်ပါ
ကလေးဟာ ဖျားနေရင် ကလေးသုံး ပါရာစီတမောကို ကလေးရဲ့ အသက်အရွယ် ဒါမှမဟုတ် ကိုယ်အလေးချိန်နဲ့ ချိန်ညှိပြီး တိုက်ကျွေးနိုင်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top