Healthy Life Ad
Life Style

တီဘီလား၊ ကင်ဆာလား . . .(၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ကင်ဆာဆိုတာ အစောဆုံးမပြန့်နှံ့ခင်သိပြီး ဖယ်ရှားပစ်မယ်၊ ကုသမှုခံယူခွင့်ရမယ်ဆိုရင် သက်တမ်းအများကြီး ပိုရှည်သွားနိုင်ပါတယ်။ တချို့သူတွေလုံးဝပျောက်ကင်းမှုကိုရရှိကြပါတယ်။ ဒါကြောင့် တီဘီဆေးပေးပြီး နှောင့်နှေးစေဖို့ မသင့်ပါဘူး။ ဆန့်ကျင်ဘက်ဖြစ်စဉ်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကင်ဆာတွေကပဲများပြီး တီဘီရောဂါက ရှားပါးတဲ့အတွက် တီဘီကို အဆုတ်ကင်ဆာထင်ပြီးလည်း မှားယွင်းမိတတ်ကြပါတယ်။ တီဘီဆေးမပေးမိဘဲ သေဆုံးကြတာကိုလည်း တွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရောဂါနှစ်မျိုးစလုံး ရှိနေတာလည်း ကြုံတွေ့ရတတ်ပါတယ်။

ခြုံပြီးပြန်ပြောရရင်တော့ အဆုတ်ကင်ဆာကို တီဘီနဲ့မှားယွင်းတတ်တာက ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးမှာ ဖြစ်တတ်ပြီး တီဘီကိုကင်ဆာထင်ပြီး ကုမိတာက ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလိုမှားယွင်းတာကို ပိုဖြစ်စေတဲ့အကြောင်းအမျိုးမျိုး ရှိစေပါတယ်။ ရောဂါကို တိတိကျကျ သတ်မှတ်ရာမှာ ကျွမ်းကျင်မှုလိုနေလို့၊ ပစ္စည်းကိရိယာမစုံလင်လို့၊ အသေးစိတ်စစ်ဖို့ စရိတ်မတတ်နိုင်လို့ စသဖြင့် အကြောင်းအမျိုးမျိုးပေါ် အခြေခံနေပါတယ်။ ဒါပေမဲ့ အများအားဖြင့် ဒီရောဂါနှစ်ခုဟာ တစ်ခါတစ်ရံ ခွဲခြားရခက်အောင် ဆင်တူနေလို့ပါပဲ။

ဒီလိုမှားယွင်းနေရင် ကင်ဆာကုသရာမှာနှောင့်နှေးကြန့်ကြာပြီး ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ကင်ဆာမှန်းမသိဘဲ တီဘီဆေးသောက်နေရရင် အခြေအနေက တိုးတက်လာစရာမရှိဘဲ တီဘီဆေးဒဏ်နဲ့ ရောဂါဒဏ်ပူးပေါင်းပြီး လူနာနေမကောင်းတာ ပိုခံစားရကာ အခြေအနေပိုဆိုးလာမှာ ဖြစ်ပါတယ်။ အဖြေမသိဘဲ ကင်ဆာကြောင့် သေဆုံးသွားခဲ့ရင် တီဘီဆေးပြင်းလို့သေဆုံးရတယ်လို့ ထင်ယောင်ထင်မှားစရာလည်း ရှိတတ်ပါတယ်။

တီဘီဆေးတွေကို အစမ်းမပေးခင် ဆေးရဲ့ဆိုးကျိုးတွေကိုရှင်းပြဖို့နဲ့ ရောဂါမသေချာပေမယ့်လည်း အစမ်းသဘောပေးကြည့်ဖို့ လိုအပ်တဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားဖို့ရာ ဆရာဝန်တွေမှာလည်း တာဝန်ရှိလာပါတယ် . . .

တစ်ခါတစ်ရံ တီဘီဆေးမတည့်လို့ အသည်းရောင်အသားဝါပြီး စောစောသေဆုံးသွားကြ တာလည်းရှိပါတယ်။ အဖြေမှန် မပေါ်တဲ့အတွက် ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ တီဘီဆေးတွေကို အစမ်းမပေးခင် ဆေးရဲ့ဆိုးကျိုးတွေကို ရှင်းပြဖို့နဲ့ ရောဂါမသေချာပေမယ့်လည်း အစမ်းသဘောပေးကြည့်ဖို့ လိုအပ်တဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားဖို့ရာ ဆရာဝန်တွေမှာလည်း တာဝန်ရှိလာပါတယ်။

ဒီရောဂါနှစ်ခုမှာ ဆင်တူတဲ့ အချက်လေးတွေကို အရင်ဆုံးရှင်းပြပါမယ်။ ပထမဆုံးက အရှေ့မှာဖော်ပြထား သလို တီဘီရောဂါရော အခုနောက်ပိုင်းမှာ အဆုတ်ကင်ဆာပါ အတွေ့များတဲ့ ရောဂါတွေပဲ ဖြစ်ကြပါတယ်။ ရောဂါလက္ခဏာတွေကလည်း အတော်လေးဆင်ကြပါတယ်။ ဥပမာ-ဖျားတာ၊ ချောင်းဆိုးတာ၊ သလိပ်ထဲ သွေးပါတာ၊ ပိန်တာ၊ အစားပျက်တာအပြင် ဓာတ်မှန်မှာပေါ်တဲ့ အရိပ်ကလည်း ဆင်တူယိုးမှား ဖြစ်နေတတ် ကြပါတယ်။ ဒါတွေအားလုံးဟာ ဒီရောဂါနှစ်မျိုးစလုံးမှာ ဖြစ်ပေါ်နေကျလက္ခဏာတွေပါပဲ။

ဓာတ်မှန်အဖြေ ဖတ်သူ၊ ဓာတ်မှန်ကျွမ်းကျင်သူတွေကတော့ လူနာမမြင်ရဘဲ အရိပ်ကို ခန့်မှန်းရတဲ့အတွက်မှတ်ချက်ကို တီဘီဘက် စောင်းပေးလေ့ရှိကြပါတယ်။ ဒါကြောင့် ဓာတ်မှန်အဖြေတစ်ခုတည်းကို စံထားပြီး အတိကျဆုံး မှန်ကန်တဲ့ အဖြေပဲလို့ မှတ်ယူတတ်ကြသူတွေ သတိပြုဖို့လိုပါတယ်။ ရောဂါလက္ခဏာနဲ့ ဓာတ်မှန်အဖြေ ကိုက်ညီမှု ရှိ၊ မရှိ စုံစမ်းသင့်ပါတယ်။

ဒီရောဂါနှစ်ခု မတူခြားနားတာကတော့ တီဘီကကူးစက်ရောဂါ၊ ကင်ဆာကမကူးစက်တဲ့ရောဂါ၊ ရှေ့မှာဆက်ပြီး ဖြစ်ပျက်လာမယ့် အကျိုးဆက်တွေ မတူကြပါဘူး၊ ကုသရပုံချင်းကလည်း မတူခြားနားပါတယ်။ အသက်ကြီးသူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ကင်ဆာပိုတွေ့နိုင်ပေမယ့် အသက်သိပ်မကြီးသေးဘဲ လူလတ်ပိုင်းအရွယ်မှာ ဆေးလိပ်မသောက်ဘဲတောင် အဆုတ်ကင်ဆာ ဖြစ်တာတွေက အရင်ထက်ပိုပြီး တွေ့လာရတော့ ခွဲခြားရတာ ပိုခက်ခဲစေပြန်ပါတယ်။ လူငယ်တွေမှာကတော့ တီဘီပဲဖြစ်တတ်လို့ မှားယွင်းမိတာ ရှားပါတယ်။

တီဘီကို အတိကျဆုံးပြောနိုင်တဲ့ အထောက်အထားက ဓာတ်မှန်ပုံရိပ်မဟုတ်ပါဘူး။ သလိပ်မှာ တီဘီပိုးတွေ့ရှိတာပဲ ဖြစ်ပါတယ်။ သလိပ်စစ်တာ (Spu-tum for AFB)၊ သလိပ်ကို တီဘီပိုးမွေးတာ (Spu-tum for Mycobacterium culture) နဲ့ တီဘီပိုးရဲ့ မျိုးရိုးဗီဇ (Gene)ကို စစ်တာ (PCR နဲ့ gene expert) ဒါတွေအားလုံးဟာ တီဘီဟုတ်မှန်ကြောင်းပြောပြတဲ့ အခိုင်လုံးဆုံးသော သက်သေတွေဖြစ်ပါတယ်။

တီဘီပိုးမွေးတာက ရောဂါရှာဖွေတာ ပိုထိရောက်ပေမယ့် တစ်လကျော်လောက် ပိုးပေါက်ဖို့စောင့်ဆိုင်းရတော့ လူနာအတွက် လက်ငင်းဆုံးဖြတ်ချက်မပေးနိုင်ပါဘူး။ သွေးကနေတီဘီရဲ့ ပဋိပစ္စည်း (Antibody) ရှာတဲ့ စစ်ဆေးမှု၊ ဥပမာ -ICT Test နဲ့ Quantiferon Gold Testတွေဟာ တီဘီပိုး ဝင်ဖူးတာကိုပဲ ပြောပြနိုင်ပြီး အခုလက်ရှိ ပြဿနာက တီဘီဖြစ်နေတယ်လို့ မပြောနိုင်ပါဘူး။

ကင်ဆာအတွက် အသေချာဆုံးအဖြေကလည်း ပုံရိပ်မဟုတ်ပါဘူး။ Biopsy လို့ခေါ်တဲ့ အသား စကိုယူပြီး Histology စစ်ဆေးကြည့်တဲ့အခါ ကင်ဆာဆဲလ်ကလာပ်စည်း (Cancer Cell) တွေ့မှသာ ကင်ဆာရယ်လို့ ရတိပြတ်သေချာတဲ့အဖြေကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တီဘီဖြစ်ပြီး တီဘီပိုးရှာမရရင် ဒါမှမဟုတ် ကင်ဆာဖြစ်ပြီး ကင်ဆာဆဲလ်ရှာမရရင် ဆေးမကုဘဲ ဒီအတိုင်းထားလို့လည်း မရပြန်ပါဘူး။

ဒီလိုအဖြစ်တွေက ကြုံတွေ့ရစမြဲပါပဲ။ ဘာလုပ်သင့်သလဲဆိုတော့ အရင်ဆုံး ရင်ဘတ်ဓာတ်မှန်ထက်ပိုတိကျတဲ့ တခြားစစ်ဆေးမှုတွေ လုပ်ရပါမယ်။ တီဘီပိုးမတွေ့ဘဲ တီဘီဆေးသောက်သင့်၊ မသင့်ကို အထူးကုတွေရဲ့ အတွေ့အကြုံနဲ့ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လူနာက တီဘီဆေးသောက်ပြီး နှစ်ပတ်-သုံးပတ်လောက် မှာစပြီးမသက်သာသေးဘဲ ပိုဆိုးလာရင် ပြန်လည်မေးမြန်းသင့်ပါတယ်။

တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေ လိုအပ်ရင် လုပ်ဖို့ပဲဖြစ်ဖြစ်၊ ပိုသေချာတဲ့ အထောက်အထားတွေ ထပ်ရှာဖွေဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ဥပမာ- ဓာတ်မှန်ရဲ့ ပုံရိပ်တစ်ခုကိုပဲမူတည်ပြီး ဆုံးဖြတ်ခဲ့ရင် ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကြည့်သင့် ပါတယ်။ CTကတော့ ကင်ဆာအတွက် အများကြီးအထောက်အကူရပါတယ်။ ရိုးရိုးရင်ဘတ်ဓာတ်မှန် (Chest X-ray) မှာ မခွဲခြားနိုင်ပေမယ့် CT Scan ရိုက်ရင် တီဘီလား၊ ကင်ဆာလားဆိုတာ ပိုပြီးကွဲပြားသွားပါတယ်။

Most Popular

Healthy Life Ad
To Top