Healthy Life Ad
Life Style

တီဘီလား၊ ကင်ဆာလား . . .(၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဒီနေ့ဆေးရုံကို တီဘီရောဂါဖြစ်တဲ့ လူနာအသစ်တစ်ယောက်ရောက်လာလို့ ကြည့်ပေးဖို့ပြောလာတာနဲ့ ဦးတင်မြင့်ဆိုတဲ့လူနာနဲ့ စတွေ့ခဲ့ရပါတယ်။ အသက် ၅၉နှစ်လောက်ရှိပြီး ခပ်ပိန်ပိန်ရှိတဲ့ ဦးတင်မြင့်ကသတိရပေမယ့် မှိန်းနေတာတွေ့ရပါတယ်။ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရပါတယ်။ သူ့အနားမှာဝန်းရံလျက် ပါလာတာကတော့ သူ့ညီဖြစ်သူနဲ့ သူ့အမျိုးသမီးတွေပဲ ဖြစ်ကြပါတယ်။

တီဘီရောဂါဖြစ်သူတွေက မောနေပြီဆိုရင်တော့ အဆုတ်နှစ်ဖက်လုံးမှာပျံ့နှံ့နေတဲ့ အပြင်းအထန်တီဘီ (Extensive TB) ဖြစ်ဖို့များမှာပဲလို့ မှန်းထားရင်း လူနာနဲ့မိသားစုကို ရောဂါရာဇဝင် စမေးလိုက်ပါတယ်။

“ကျွန်တော်တို့လူနာကို ဆေးရုံကြီးကနေ ဆင်းခွင့်ပြုဖို့တောင်းဆိုပြီး ဆင်းလာတာပါဆရာမ။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက တီဘီဆေးဒဏ်မခံနိုင်တော့လို့ပါ ဆရာမ . . ကျွန်တော့်အစ်ကိုရဲ့ အခြေအနေကပိုဆိုးလာပြီး ဒီ့ထက်ကြာရင် လုံးပါးပါးသွားမှာစိုးလို့ပါ”လို့ လူနာရဲ့ညီဖြစ်သူက ဆိုပါတယ်။

“အင်း . . တီဘီသိပ်ဆိုးရင်တော့ မောနေတတ်တယ်၊ အစပိုင်းမှာ ရောဂါကြောင့်ရော၊ ဆေးဒဏ်ရော နှစ်ခုစလုံးခံနေရလို့ ပိုဆိုးသလို ဖြစ်တတ်ပါတယ်။ တီဘီဆေးကို သည်းညည်းခံပြီး ဆေးထိရောက်တဲ့အထိ လုံလောက်တဲ့အချိန်ပေးသောက်သင့်ပါတယ်။ အခု ဆေးသောက်တာ ဘယ်လောက်ကြာပြီလဲ”လို့ ဆရာမကမေးလိုက်တော့ လူနာရဲ့ ဇနီးဖြစ်သူကဝင်ဖြေပါတယ်။

“အခုသုံးပတ်တောင်ကျော်ပြီ ဆရာမ၊ လူနာက ဆေးရုံတက်တုန်းက လမ်းလျှောက်နိုင်တယ်၊ နည်းနည်းပါးပါးမောတာ၊ ချောင်းဆိုးတာပဲ၊ အဓိကကပိန်လို့ သွားစစ်ဆေးတာပါပဲ၊ အခုတော့ ပိုမောလာပြီး သတိတွေလည်း မေ့၊ ကယောင်ခြောက်ခြားနဲ့ ခေါ်လို့သိပ်မရဘူး ဆရာမ၊ စားလည်းမစားတော့ဘူး၊ ကျွန်မအမျိုးသားကိုကယ်ပါဦး ဆရာမရယ် . .”

သူ့ဓာတ်မှန်ကို ယူကြည့်လိုက်တော့ အဆုတ်နှစ်ဖက်လုံး ပျံ့နှံ့နေတဲ့ တီဘီလိုမျိုးဖြစ်နေတာတွေ့ရတယ်။ “ဒီဓာတ်မှန်အရ တီဘီပဲလို့ လူတိုင်းပြောကြမှာပဲ။ ဒါပေမဲ့ တခြားဆင်တူတဲ့ ရောဂါတချို့ရှိတယ်၊ ဒီဓာတ်မှန်ပုံမျိုး ဆင်တူတာက ပျံ့နှံ့နေတဲ့ကင်ဆာ (Lympharigitis Carcinomatosis) ရောဂါလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာ ပြန့်နေတော့ မြန်မြန် ဆိုးရွားသွားတတ်တယ် . .၊ သူဆေးလိပ်သောက်တတ်သလား . . ၊ ပြီးတော့ ညနေစောင်းရင် အဖျားငွေ့ငွေ့ကော တက်တတ်သလား”
(ညနေစောင်းရင် အဖျားငွေ့ငွေ့တက်တာက တီဘီရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။)

“ဆေးလိပ်ကတော့ အသက် ၃၀ အရွယ်ကတည်းက အခုဆေးရုံမတက်ခင်အထိ သောက်ခဲ့တာ ဆရာမ . . ဖျားတာတော့ လုံးဝမဖျားဘူး ဆရာမ” တီဘီဆေးသုံးပတ်မှာ မသက်သာရင် တီဘီမဟုတ်ဖို့တော့များနေပါပြီ။ ဒါဆိုတီဘီပိုးစစ်ထားတာ ရှိ၊ မရှိ မှတ်တမ်းမှာ ရှာကြည့်တော့လည်း “မတွေ့ ဘူး” (Negative) ဆိုတာတွေ့ရတယ်။ တီဘီပိုး မတွေ့ပေမယ့် တီဘီမဟုတ်ဘူးလို့ ပြောလို့မရပါဘူး။

“အင်း . . တီဘီဆေးသောက်လို့ မသက်သာတာရယ်၊ တီဘီပိုး မတွေ့တာရယ်၊ ဒီလောက် ဓာတ်မှန်မှာ များတာတောင် မဖျားတာရယ် . .ပေါင်းလိုက်ရင်တော့ တီဘီမဟုတ်ဘဲ တခြားရောဂါတစ်ခုဖြစ်ဖို့ များနေတယ်”လို့ ဆရာမက ပြောလိုက်တော့-

“ဘာရောဂါများ ဖြစ်နိုင်သလဲ ဆရာမ”လို့ လူနာရဲ့ညီက အလောတကြီး မေးပါတော့တယ်။ “အဆုတ်မှာ ကင်ဆာပြန့်နေတာ ဖြစ်နိုင်တယ်။ ဇာစ်မြစ်က အဆုတ်မှာဖြစ်ဖြစ်၊ တခြားအင်္ဂါ အစိတ်အပိုင်း တွေကပဲဖြစ်ဖြစ် အစပျိုးပြီး အဆုတ်မှာလာပြန့်နှံ့နေတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုထပ်ပြီး စစ်ကြည့်ရမယ်၊ စီတီစကင် (CT Scan) ရိုက်ကြည့်မယ်၊ သွေးထဲကလည်း ကင်ဆာအမှတ်အသားတွေလည်း ရှာကြည့်မယ်၊ အဖြေက တီဘီမဟုတ်ရင် တီဘီဆေးရပ်ပေးပါမယ်” ဆရာမ ဖြေလိုက်တော့-

“အားလုံးလိုတာ စစ်ပေးပါ ဆရာမ”လို့ လူနာရဲ့ဇနီးက တောင်းဆိုပါတယ်။ စီတီစကင် (Chest CT Scan) အဖြေရလာတော့ ကင်ဆာရောဂါ ပြန့်နှံ့နေတာ သေချာသွားပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့ အရိပ်တစ်ခုလည်း တွေ့နေရပါတယ်။ နံရိုးနဲ့ အက်ဒရီနယ်ဂလင်း (Adrenal Gland) တွေမှာလည်း ကင်ဆာပြန့်နေတာ တွေ့ရပါတယ်။ သွေးထဲမှာ ကင်ဆာအမှတ်အသား (Cancer Marker) တွေကလည်း အများကြီးတက်နေတော့ ပိုသေချာသွားပါတယ်။

“တီဘီဆေးသောက်နေရတာ တီဘီပဲ ဖြစ်လိုက်စေချင်ပါတယ်။ တီဘီကကုလို့ ပျောက်နိုင်တဲ့ရောဂါမို့ပါ။ အခုတွေ့ရတာကတော့ စိတ်မကောင်းစရာ အဖြေဖြစ်နေတယ်လေ . . တီဘီမဟုတ်တော့လည်း ပိုဆိုးနေတဲ့ ကင်ဆာရောဂါ ဖြစ်နေတယ်။ ဆေးရုံတက်စဉ်ကတည်းက ပြန့်နှံ့နေပြီးဖြစ်တော့ ဘယ်လိုပဲကုကု သိပ်မကောင်းနိုင်တာ အမှန်ပဲ။ ရောဂါအဖြေမတူတာပဲ ကွာခြားပါတယ်။ အခု တီဘီဆေး ဖြုတ်ပစ်လိုက်နိုင်လို့ ဆေးဒဏ်တော့ လွတ်သွားတာပေါ့၊ အခုတော့ သူ့ကိုသက်သောင့်သက်သာရှိအောင်ပဲ ဦးစားပေးပြီး ကုရတော့မယ်။ လိုအပ်သလိုလွှဲအပ်ပြီး အကောင်းဆုံးဖြစ်အောင် ကုသပေးပါ့မယ် . .”

“အခုအဖြေမှန်သိရလို့ ကျေးဇူးတင်ပါတယ် ဆရာမ၊ ကင်ဆာဖြစ်တာတော့ မတတ်နိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့က တီဘီဆေးကြောင့် ဆေးပြင်းလို့ လူနာပိုဆိုးသွားတာလို့ ထင်နေမိတာ၊ ရောဂါနဲ့ ဆေးနဲ့ တခြားစီဖြစ်နေတာ အခုတော့ ရှင်းသွားပါပြီ”

မြန်မာနိုင်ငံဟာ တီဘီရောဂါ အဖြစ်များဆုံး တိုင်းပြည်တွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ တီဘီရောဂါ များတဲ့အပြင် တခြားပြဿနာတစ်ခုကတော့ ဆေးယဉ်ပါးတီဘီတွေ များပြားလာတာပဲဖြစ်ပါတယ်။ ဆိုလိုတာက တီဘီဆေးမတိုးတော့လို့ ရောဂါမပျောက်နိုင်ဘဲ နောက်ဆုံး အသက်ဆုံးရှုံးကြရတာတွေ ပိုပြီးတွေ့လာရပါတယ် . . .

မြန်မာနိုင်ငံဟာ တီဘီရောဂါ အဖြစ်များဆုံး တိုင်းပြည်တွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ တီဘီရောဂါ များတဲ့အပြင် တခြားပြဿနာတစ်ခုကတော့ ဆေးယဉ်ပါးတီဘီတွေများပြားလာတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက တီဘီဆေးမတိုးတော့လို့ ရောဂါမပျောက်နိုင်ဘဲ နောက်ဆုံး အသက်ဆုံးရှုံးကြရတာတွေ ပိုပြီးတွေ့လာရပါတယ်။ ပုံမှန်ပေးရတဲ့ တီဘီဆေးမတိုးတော့ရင် ဒုတိယဆေးတွေလိုက်ရပါမယ်။ (Second Line Anti-TB Drug)

ဒီ့ထက်ဆိုးတာက မကုသဘဲထားလိုက်ရင် နောက်တစ်ဆင့် ကူးစက်ခံရတဲ့သူတွေမှာ တီဘီစဖြစ်ကတည်းက ဆေးယဉ်ပါးပိုးတွေဖြစ်နေလို့ ကုမရတဲ့တီဘီတွေ ပိုပြီးများပြားလာပါမယ်။ ဒါကြောင့် တီဘီရောဂါကို စောစောနဲ့ အချိန်မီထိရောက်အောင်ကုသဖို့ အလွန်အရေးကြီးပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ဆရာဝန်တွေကတော့ အတွေ့များလှတဲ့ တီဘီကို ဦးစားပေးကုသဖို့၊ တီဘီဆေးပေးဖို့ အားသန်ကြစမြဲပါပဲ။ အမြဲတမ်းလည်း အဆင်သင့် ဖြစ်နေကြပါတယ်။

တီဘီလား၊ ကင်ဆာလားမသေချာရင်လည်း တီဘီကိုပဲအရင်စကုကြတာ ထုံးစံလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ တခြားဖွံ့ဖြိုး ဆဲနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဒီလိုပဲ ကုကြတာများပါတယ်။ ဒီတီဘီတွေကြားထဲမှာ တီဘီဆေးပေးပြီး မှားကုနေတဲ့ ကင်ဆာကော မရှိနိုင်ဘူးလား လို့ မေးလာရင် . . .

တီဘီလား၊ ကင်ဆာလား မသေချာရင်လည်း တီဘီကိုပဲအရင်စကုကြတာ ထုံးစံလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ တခြားဖွံ့ဖြိုးဆဲနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဒီလိုပဲ ကုကြတာများပါတယ်။ ဒီတီဘီတွေကြားထဲမှာ တီဘီဆေးပေးပြီး မှားကုနေတဲ့ကင်ဆာကောမရှိနိုင်ဘူးလားလို့ မေးလာရင် ရှိတော့ရှိတယ်၊ သိပ်မများလှပါဘူး။

ဒါပေမဲ့ အကောင်းဆုံး ဆေးကုသမှုက တကယ်တော့ “Zero Defect” မှားတာမရှိလေ၊ ကောင်းလေပါပဲ။ ဒါကြောင့် တီဘီမဟုတ်ဘဲကင်ဆာပါလို့ ရွေးထုတ်ပေးနိုင်ဖို့က ဆရာဝန်တွေ၊ အထူးသဖြင့် အထူးကုသမားတော်တွေရဲ့ တာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဟုတ်တာကို ဟုတ် တယ်ပြောနိုင်သလို မဟုတ်တာကိုလည်း မဟုတ်ပါဘူးလို့ပြောနိုင်မှ ဟာကွက်မရှိတဲ့ ဆေးကုထုံးတွေ ရရှိမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ အဆုတ်ကင်ဆာတွေကလည်း ဒီတစ်လောမှာ ပိုများလာတာတွေ့နေရပါတယ်။ ဒါကြောင့်လည်း အဆုတ်ကင်ဆာတွေကို မကြာခဏ အဆုတ်တီဘီရောဂါနဲ့ မှားယွင်းပြီး တီဘီဆေးတွေ ပေးနေမိတာ ပိုများလာတာ တွေ့ရပါတယ်။

Most Popular

Healthy Life Ad
To Top