Healthy Life Ad
Life Style

ချောင်းဆိုးတဲ့ဆေး ဖော်ပေးပါ . . .(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီနေ့အရေးပေါ်ဌာနမှာ လူနာတစ်ဦးကို အရေးတကြီးလာကြည့်လိုက်ရပါတယ်။ အသက်၈၅နှစ်ရှိပြီဖြစ်တဲ့ ဦးကောင်းဆိုတဲ့ အဘိုးတစ်ယောက် အလွန်မောပြီးရောက်လာလို့ပါ။သတိက အလွန်မကောင်းလှဘဲ အသက်ရှူတာ အရမ်းမြန်နေပါတယ်။ ချောင်းမဆိုးဘူး၊ အသက်ရှူနေတုန်းမှာလည်း အသံစုံမြည်နေတယ်။ ခရူး၊ ခရူးအသံကော ရွှီရွှီအသံကော စုံနေပါတယ်။

အိမ်မှာမဖျားဘူးဆိုပေမယ့် ကိုယ်နည်းနည်းပူနေတယ်။ ဦးကောင်းရဲ့မြေးဖြစ်သူကိုပဲ ရောဂါရာဇဝင်မေးကြည့်ရပါတယ်။ “မောနေတာ ဘယ်လောက်ကြာပြီလဲ၊ အရင်တုန်းကဘာတွေဖြစ်ဖူးသလဲ”လို့ ဆရာမက မေးကြည့်လိုက်တော့-

“သမီးအဘိုးက လေဖြတ်ထားတာတစ်နှစ်ရှိပါပြီ၊ သွေးတိုးနဲ့ ဆီးချိုရောဂါလည်းရှိတယ်၊ ဒီနောက်ပိုင်းမှာ မောမောနေတတ်တယ်၊ အရင်လကလည်း ဆေးရုံတက်လိုက်ရသေးတယ်၊ ဒီလိုပဲ အမောဖောက်လို့ပဲ တက်ခဲ့ရတာ . . နှစ်ပတ်တောင်ကြာတယ်၊ နှလုံးရောဂါကြောင့် အမောဖောက်တယ်လို့ပြောတာပဲ၊ နှလုံးဆေးတွေ လည်း မှန်မှန်တိုက်တယ်ဆရာမ”လို့ ပြန်ဖြေပါတယ်။

“ဒီလိုဖြစ်တာမျိုးက အမှတ်တမဲ့ကြည့်ရင် နှလုံးဖောက်လို့မောတာနဲ့ ခွဲခြားမရအောင်တူတတ်ပေမယ့် အဘိုးက အစာသီးတာဖြစ်ဖို့များပါတယ်။ သူရေသောက်ရင်ဖြစ်ဖြစ်၊ အစာစားရင်ပဲဖြစ်ဖြစ် သီးတာ၊ ချောင်းဆိုးတာတွေ ရှိသလား”

“အဘိုးလေဖြတ်ခါစကတော့ အစာစားရင် မျိုရခက်လို့သီးပြီး အစာပိုက်တပ်ထားရတယ်၊ အခုမသီးတော့လို့ အစာပိုက်ဖြုတ်ပေးလိုက်တာ သုံးလရှိပြီ၊ အခုမျိုလို့ရနေပြီ”

“အခု နှလုံးရောဂါကြောင့်မောတာ ဟုတ်၊ မဟုတ် သေချာအောင် စစ်ဆေးကြည့်မယ်၊ အစာသီးလို့ အဆုတ်ထဲပိုးဝင်ပြီး အဆုတ်ရောင်တာဖြစ်ဖို့များပါတယ်။ အခုအစာပိုက်လေး ခဏပြန်ထည့်ထားချင်တယ်။ အစာကျွေးလို့ရတာပေါ့၊ ပဋိဇီဝပိုးသတ်ဆေးလည်းပေးပါမယ်”လို့ ဆရာမက ပြောလိုက်တဲ့အခါမှာတော့-

“အခု အဘိုးအစာမျိုလို့ရနေသားပဲ၊ ရေသောက်ရင် ချောင်းတစ်ချက်တလေပဲဆိုးတယ်၊ ဒီနှာခေါင်းကပိုက်ထည့်တာတော့ သဘောမတူပါဘူး၊ သူမခံနိုင်မှာစိုးလို့ပါ၊ တခြားဆွေမျိုးသားချင်းနဲ့ တိုင်ပင်ကြည့်ပါဦးမယ်”လို့ သူကပြန်ဖြေပါတယ်။

အစာသီးတာက အရမ်းအရေးကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သီးတာလေးပဲဆိုပြီး ပေါ့မနေသင့်ပါဘူး၊ အစာပိုက်မထည့်ဘဲ ဆက်ကျွေးနေရင် အခုလိုအသက် အန္တရာယ်ကျရောက်နိုင်ပါတယ်။ အခုရတဲ့ အဖြေတွေအားလုံးက . . .

“အစာသီးတာက အရမ်းအရေးကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သီးတာလေးပဲဆိုပြီး ပေါ့မနေသင့်ပါဘူး၊ အစာပိုက်မထည့်ဘဲ ဆက်ကျွေးနေရင် အခုလိုအသက်အန္တရာယ်ကျရောက်နိုင်ပါတယ်။ အခုရတဲ့ အဖြေတွေ အားလုံးက သူ့မှာ နှလုံးဖောက်ပြန်လို့ မောတာမဟုတ်ဘဲ အစာသီးလို့ အစာရည်ရှူသွင်းမိလို့ဖြစ်တဲ့ အဆုတ် ရောင်ရောဂါ (Aspiration Pneumonia) ဖြစ်တာ သေချာသွားပါတယ်။ အစာပိုက်ကို လူနာကောင်းကောင်း မျိုနိုင်တဲ့အထိထားပြီး မသီးတာသေချာတော့မှ ပြန်ဖြုတ်ရမယ်”လို့ ဆရာမရှင်းပြလိုက်တော့-

“အစာစားရင် ချောချောမောမောဝင်သွားပြီး ချောင်းဆိုးတာမရှိဘဲနဲ့ ဘာကြောင့်သီးတာလို့ ပြောနိုင်တာလဲ၊ သမီးတို့က နှလုံးကြောင့်မောတာလို့ပဲ ထင်နေမိကြတာ”လို့ ပြန်မေးပါတယ်။

“သက်ကြီးရွယ်အိုတွေမှာ သီးတိုင်းချောင်းမဆိုးဘဲရှိနေနိုင်တယ်၊ ချောင်းဆိုးမယ့်အားတွေ မရှိတော့လို့ဖြစ်တာ၊ သီးမှန်းလူမသိတဲ့ Silent Aspiration တွေဖြစ်နေကြတာ မနည်းပါဘူး၊ ဒါကြောင့်လည်း နှလုံးရောဂါနဲ့ ပုံတူခွဲမရဘဲ မှားလေ့ရှိကြပါတယ်”

“သီးတာရဲ့ နောက်ဆက်တွဲဆိုးကျိုးနဲ့ အစာပိုက်ရဲ့အရေးကြီးပုံကို ပိုနားလည်သွားပါပြီ။ နှာခေါင်းကပိုက်ထည့်ရင် လူနာခံစားရမှာစိုးလို့ ငြင်းနေမိတာပါ ဆရာမ” ဦးကောင်းတို့ မိသားစုဝင်တွေ သဘောတူညီချက်နဲ့ အစာပိုက်ထည့်ပြီး ကုသမှုတွေလုပ်ပေးလိုက်တဲ့အခါ ဦးကောင်းသက်သာသွားပါတယ်။

စာဖတ်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်မှာ လေဖြတ်တဲ့လူနာတွေကို နေ့စဉ်တွေ့ဖူးကြမှာပါ။ ဒီလူနာတွေရဲ့နှာခေါင်းမှာ ပိုက်တစ်ချောင်းတပ်ထားတာကိုလည်းတွေ့ဖူးကြမှာပါ။ ဘာကြောင့် ဒီလိုပိုက်တပ်ရသလဲ၊ ဘယ်သူတွေက သီးတာပိုဖြစ်တတ်သလဲ၊ Silent Aspiration လို့ခေါ်တဲ့ သီးနေမှန်းမသိ သီးနေတာကြောင့် အဆုတ်ရောင် အမောဖောက်နေတာကို လူနာရှင်တွေ၊ ဆရာဝန်တွေ ဂရုမထားမိတတ်လို့ ကျန်းမာရေးအသိ ပေးလိုက်ပါတယ်။

သာမန်လူတွေ ဘာလို့မသီးတာလဲ တစ်ခါတစ်ရံ အစာစားရင်း အလောတကြီး စကားပြောမိရင်း သီးသွားတာကို လူတိုင်းခံစားဖူးမှာပါ။ ဒါပေမဲ့ ချောင်းတွေ အရမ်းဆိုးလိုက်ပြီးရင် ပြန်သက်သာသွားကြတာပါပဲ။ လူကောင်းတွေ အစာစားစဉ် ဘာလို့မသီးတာလဲ၊ မသီးအောင် သဘာဝဖြစ်စဉ်က ဘယ်လိုကာကွယ်ထားရှိသလဲ။ အဆုတ်တွေမထိခိုက်အောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်ထားသလဲဆိုတာ အရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်။

Untitled-2
အစာမျိုခြင်းဖြစ်စဉ်
(Physiology of swallowing)

အသက်ရှူတဲ့လေပြွန် (Trachea)နဲ့ အစာမျိုပြွန် (Oesophagus)တို့က ရှေ့နောက်ယှဉ်လျက်ရှိပါတယ်။ အစာမျိုတဲ့အခါ ဝါးထားတဲ့အစာလုံးက အာခေါင်ကိုလာထိတာနဲ့ အလိုအလျောက်ဖြစ်စဉ် (Swallowing Reflex)ကို ဖြစ်ပေါ်စေပါတယ်။

အစာကို အနောက်ဖက်မှာရှိတဲ့ အစာမျိုပြွန် (Oesophagus) ထဲသွင်းလိုက်တာနဲ့တစ်ပြိုင်နက် အရှေ့မှာရှိတဲ့လေပြွန်ရဲ့ အပေါက်ဝ/အသံအိုးထိပ်ရှိ Epiglottis နဲ့ Vocal Cord တံခါးတွေကိုစေ့ပြီး အလျင်အမြန်ပိတ်လိုက် ပါတယ်။ ဒါမှသာ အစာက အစာအိမ်ရှိရာကို လမ်းကြောင်းတည့်မတ်စွာ ဆက်လက်ရွေ့လျားသွားပြီး အဆုတ် ပြွန်တွေထဲလမ်းမှား မရောက်ရှိအောင် တားဆီးထားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ် ပုံမှန်ဖြစ်မြောက်ဖို့အတွက် အာရုံကြောကွန်ယက်အဖွဲ့အစည်း (Neurological Connection)တွေ ကောင်းဖို့လိုပါတယ်။ အချိန်တိုအတွင်းမှာ တစ်ပြိုင်တည်း အလျင်အမြန်ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ တိကျမှန်ကန်ပြီး မြန်ဆန်ဖို့လည်းလိုပါတယ်။ ဒါကြောင့် အာရုံကြောအားနည်းရင် အစာသီးတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top