Healthy Life Ad
Health Tips

တစ်နေ့တာကို အသက်ဝင်နိုးကြွစေမည့် နည်း ၇သွယ်

လရိပ်မေ

နေ့တစ်နေ့ စတင်တဲ့အခါ အသက်ဝင်နိုးကြွပြီး ကျန်းမာလန်းဆန်းနေစေဖို့ ရိုးစင်းတဲ့ နည်းတွေကို လိုက်နာသင့်ပါတယ်။

နည်းလမ်း (၁) ၁၅ မိနစ် လမ်းလျှောက်ပါ
နံနက်ခင်း နေခြည်နုနုခံယူရင်း ၁၅ မိနစ်ခန့် လမ်းလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ခပ်သွက်သွက် ပြေးလိုက်ပါ၊ ဗီတာမင်ဒီရရှိစေပြီး တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။

နည်းလမ်း (၂) အိမ်မွေးတိရစ္ဆာန်ကို ဖက်ပွေ့ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေက စွမ်းအင်တိုးစေပါတယ်။ အိမ်မွေးတိရစ္ဆာန်ကို ဖက်ပွေ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို သက်သာစေသလိုရုပ် ပိုင်းဆိုင်ရာ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

နည်းလမ်း (၃) အိပ်ရာက နိုးလာတိုင်း ပြုံးပါ
တစ်နေ့တာကို ရိုးစင်းတဲ့ အပြုံးတစ်ပွင့်နဲ့ စတင်တာကြောင့် ကျန်းမာပြီး ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကောင်းစေပါတယ်။ နိုးလာတာ နဲ့ ဒီတစ်နေ့တာကို ရှင်သန်ခွင့် ပြုခဲ့တဲ့အတွက် ကျေးဇူးတင်လိုက်ပါ။

နည်းလမ်း (၄) သွားတိုက်သည့်အခါ သွားကြားပွတ်ကြိုး သုံးပါ
သွားတိုက်တာနဲ့ သွားကြားပွတ်ကြိုးသုံးတာကြောင့် သွားနဲ့ ခံတွင်း ကျန်းမာရေးကို ကောင်းမွန်စေ ရုံသာမက လည်ပင်းနဲ့ဦးခေါင်းကင်ဆာ အန္တရာယ်ကို လျော့ပါးစေပါတယ်။ နာတာရှည် သွားဖုံးရောဂါရှိသူတွေက ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတစ်မျိုး ဖြစ်နိုင်ခြေ လေးဆပိုများတယ်လို့ နယူးယော့ခ်လေ့လာမှုအရ သိရပါတယ်။

နည်းလမ်း (၅) ရေနွေးကြမ်း သောက်ပါ
ရေနွေးကြမ်း သောက်တာကြောင့် လေဖြတ်ဝေဒနာအန္တရာယ်ကို သက်သာစေပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေနွေးကြမ်း သုံးခွက်သောက်သူတွေက တစ်နေ့ တစ်ခွက်အောက်နည်းသောက်သူတွေထက် လေဖြတ်နိုင်ခြေ ငါးပုံတစ်ပုံ လျော့နည်းတယ်လို့ လေ့လာမှုအရသိရပါတယ်။ ရေနွေးကြမ်းသောက်တာကြောင့် သွေးကြောတွေနဲ့ သွေးလွှတ်ကြောတွေကို ကျန်းမာစေပါတယ်

နည်းလမ်း (၆) နံနက်စာအဖြစ် နွားနို့သောက်ပါ
နံနက်စာ စားရာမှာ နွားနို့ တစ်ဖန်ခွက်သောက်တာကြောင့် နေ့လယ်စာ စားရာမှာ အလွန်အမင်း မစားဖြစ်စေဘဲ ကိုယ်အလေးချိန်ကို ထိန်းနိုင်စေပါ တယ်။

နည်းလမ်း (၇) ညစာတွင် ငါးကင်စားပါ
တစ်ပတ်တစ်ကြိမ်ထက်ပိုပြီး ငါးစားတာကြောင့် သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းမှု ရှိပါတယ်။ လေ့လာမှု တွေအရ ငါးက ဦးနှောက်အစာပါ။ အဆီများတဲ့ ငါး ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် အာရုံကြောဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာ ကွယ်ပေးပါတယ်။

Ref; HD

Most Popular

Healthy Life Ad
To Top