Healthy Life Ad
Health Tips

အူမကြီးတွင် အဖြစ်များသော ရောဂါများ

၊ စူး (ဆေးဝါးတက္ကသိုလ်)

အူမကြီးရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်စေတဲ့ ပြဿနာအမျိုးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ ဗိုက်အောင့်တာ၊ လေထတာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းချုပ်တာတို့ဖြစ်ကြပြီး တစ်ခါတလေ ဒီလက္ခဏာတွေက အူမကြီးရဲ့ လုပ်ငန်းဆောင်တာ မကောင်းလို့ ဖြစ်တတ်ပါတယ်။ သင့်မှာ အူမကြီးဆိုင်ရာ ရောဂါဝေဒနာ ဖြစ်နိုင်ခြေများခဲ့ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံရှိဖို့ အလွန်အရေးကြီးပါတယ်။ သင်စားတဲ့ အစားအသောက်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ မျှတတဲ့ အာဟာရ၊ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစတာတွေပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။ စီးကရက်သောက်တာနဲ့ အရက်အလွန်အမင်းသောက်တာကို ရှောင်ရပါမယ်။

– အူမကြီးကင်ဆာ
အူမကြီးနံရံမှာ ကင်ဆာအကျိတ်တွေ ဖြစ်တတ်ပြီး အသက် ၅၀ ကျော်အရွယ်ဆိုရင် အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ် မြင့်မားနေပါတယ်။ တခြားဖြစ်နိုင်တဲ့ အချက်တွေက အူမကြီးကင်ဆာ ရာဇဝင် ရှိတာ၊ ဆေးလိပ်သောက်တာ၊ အဆီများတဲ့ အစာစားတာ၊ အူမကြီးအသားလုံးဖြစ်တာ၊ အူမကြီးရောင်ရမ်းတာ စတာတွေနဲ့ ဆက်စပ်နေပါတယ်။

– အူမကြီး ရောင်ရမ်းခြင်း
အူမကြီးရောင်ရမ်းတာက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပြီး အမျှင်ဓာတ်နည်းတဲ့ အစာတွေ စားတာကြောင့် ပိုဖြစ်တတ်ပါတယ်။ အူမကြီးရောင် ရမ်းတဲ့အခါ သက်သာအောင် ပဋိဇီဝပိုးသတ်ဆေး မှီဝဲတာ၊ အကိုက်အခဲပျောက်ဆေး သောက်တာနဲ့ သင့်တင့်မျှတတဲ့ အစားအသောက် စားသောက်တာ တို့လုပ်ဆောင်ပေးရပါမယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ ခွဲစိတ်ကုသမှု ခံယူရပါမယ်။

– ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် ဖြစ်သော ရောဂါစု
အကြောင်းရင်း မည်မည်ရရ မရှိဘဲ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် နှစ်ချီပြီး ခံစားရတာပါ။ ဒါက အူမကြီးကို ထိခိုက်မှု မဖြစ်စေဘူးလို့လည်း ကျွမ်း ကျင်သူတွေက ဆိုပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ လိုပြီး အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာ (ဥပမာ ဒိန်ချဉ်၊ ဂေါ်ဖီချဉ်) တွေကို စားပေးရပါမယ်။

– အူမကြီး ပုံမမှန် ကြီးထွားခြင်း
အူမကြီး တချို့အပိုင်းတွေက ပုံမမှန်ကြီးထွား တဲ့အခါ ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းနုတ်ဆေးကို အလွန်အမင်း သောက်တာ၊ အာရုံကြော ထိခိုက်တာ၊ ပါကင်ဆန်ရောဂါဖြစ်တာနဲ့ သိုင်းရွိုက်ဂလင်း ချို့တဲ့တာတွေနဲ့ ဆက်စပ်တတ်ပါတယ်။

– အူမကြီး အသားလုံး အပိုဖြစ်ခြင်း
ခန္ဓာကိုယ်အတွင်းထဲက တစ်သျှူးအပိုကို အူမကြီး အသားလုံးအပို (Polyps) လို့ ခေါ်ပါတယ်။ အဲဒါက အူမကြီးထဲမှာ ဖြစ်နိုင်ပြီး အများစုက အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ တချို့ အသားပိုတွေက ကင်ဆာ ဖြစ်တတ်တာကြောင့် တစ်သျှူးအသားစ နမူနာယူကာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

– အူမကြီးအနာဖြစ်ပြီး ရောင်ရမ်းခြင်း
အူမကြီးနံရံမှာ အနာဖြစ်ပြီး ရောင်ရမ်းတာက အသက်အရွယ်အမျိုးမျိုးမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်နဲ့ ၃၀ နှစ်ကြား အရွယ်တွေ မှာ အဖြစ်များတတ်ပြီး အူမကြီးအနာဖြစ်ကာ ရောင်ရမ်းရင် ကိုယ်အလေးချိန် လျော့ကျတာ၊ သွေးအားနည်းတာ၊ မောပန်းတာ၊ နုံးချည့်တာ၊ အရေပြားအနာ ဖြစ်တာ၊ အဆစ်နာကျင်တာနဲ့ အစာဟောင်းအိမ်က သွေးထွက်တာတို့ ဖြစ်တတ်ပါတယ်။
(Ref;HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top