Healthy Life Ad
Life Style

OA ဒူးနာရောဂါအကြောင်း သိကောင်းစရာ

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဒူးနာတာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဒူးနာတာကအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ဒူးနာရတဲ့ အကြောင်းရင်းကတော့ အများကြီးရှိပါတယ်။ ဒူးထဲမှာ ထိမိ၊ ခိုက်မိရင်လည်း ဒူးနာပါတယ်။ တီဘီရောဂါဖြစ်ရင်လည်း ဒူးနာပါတယ်။ အရိုးကျိုးရင်လည်း ဒူးနာပါတယ်။ ပြည်ပိုးဝင်ရင်လည်း ဒူးနာပါတယ်။ ဂေါက် (Gout) အဆစ်ရောင်နာရောဂါဖြစ်ရင်လည်း ဒူးနာပါတယ်။ ဒူးနာရတဲ့ အကြောင်းရင်းကလည်း အများကြီးရှိပါတယ်။ တခြားရောဂါဝေဒနာတွေနဲ့ ဆက်စပ်ပြီးလည်း ဒူးနာတတ်ပါတယ်။

ဒါပေမဲ့ ဆရာတို့နေ့စဉ်လိုလို အမြဲတွေ့နေရတဲ့ ဒူးနာတာကတော့ အသက် ၅၀-၆၀-၇၀ ပတ်ဝန်းကျင်မှာ လူကလည်း နည်းနည်းဝတယ်ဆိုရင် ဒူးနာတာ စဖြစ်လာပါတယ်။ အဲဒီလို ဒူးနာတာကို OA (Osteoarthtitis) ဒူးနာရောဂါလို့ခေါ်ပါတယ်။ အဆစ်အမြစ်တွေ သုံးတာများလို့ ပွန်းတာ၊ စားတာကြောင့်ဖြစ်တဲ့ ရောဂါပါ။ ခန္ဓာကိုယ်ဝတဲ့ သဘောရှိရင်လည်း အဖြစ်များပါတယ်။ ကြောက်စရာကောင်းတဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုးဆိုးရွားရွားဖြစ်လာတဲ့အခါ လမ်းလျှောက်ရတာတွေ၊ သွားလာရတာတွေမှာ အခက်အခဲတွေ ရှိလာပါ တယ်။ အလုပ်လုပ်တဲ့အခါ စိတ်သွားတိုင်းကိုယ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။

မေး. ဒူးနာရင် ဘယ်လိုဆင်ခြင်သင့်ပါသလဲဆရာ။

ဖြေ. အသက် ၅၀-၆၀ အရွယ်လောက်ဖြစ်လာရင်တော့ လှေကားအဆင်းအတက်လုပ်တာကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ ကြမ်းပြင်ပေါ်ထိုင်တဲ့ပုံစံကိုလည်း ရှောင်စေချင်ပါတယ်။ ဒါဆိုရင် သက်သာရာရစေမှာ ဖြစ်ပါတယ်။

မေး. ဒူးနာတာက လုပ်ကိုင်တဲ့ အလုပ်အကိုင်နဲ့ကော ဆက်စပ်မှုရှိပါသလားဆရာ။

ဖြေ. ဒူးနာတာက အလုပ်အကိုင်ပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ တစ်ချိန်လုံးမတ်တပ်ရပ်ပြီး အလုပ်လုပ် နေရတာမျိုး၊ တစ်နေကုန်ထိုင်နေရတဲ့ အလုပ်မျိုး၊ ဒူးထောက်ပြီးလုပ်ရမယ့် အလုပ်တွေဆိုရင် ပိုဖြစ်နိုင်ပါတယ်။ တချို့အားကစားသမားတွေမှာလည်းဖြစ်တတ် ပါတယ်။ အားကစားဆိုတာ လူတိုင်းလုပ်သင့်ပေမယ့် လည်း အလွန်အကျွံကြီးလုပ်ရင်တော့ ဖြစ်တတ်ပါတယ်။

အထူးသဖြင့် ဘောလုံးသမားတွေလိုမျိုး လေ့ကျင့်မှု အပြင်း အထန်လုပ်ရပြီး ဒူးကိုအားထည့်ရတဲ့အခါမျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘောလုံးကို ကန်တဲ့အခါမှာ ဒူးကို လည်စေတဲ့အားတွေပါပြီးတော့ အတော်လေး ထိခိုက်မှုဖြစ်စေပါတယ်။ ဒါကြောင့် ဘောလုံးသမားတွေ အသက်ကြီးလာတဲ့အခါမှာ ဒူးနာရောဂါဖြစ်နိုင်ခြေများပါတယ်။ ပြီးတော့ တာရှည်အပြေးသမားတွေမှာလည်း ပိုဖြစ်တတ်ပါတယ်။ တင်းနစ်ကစားသမားတွေမှာလည်း ဒူးနာရောဂါ ပိုဖြစ်တတ်ပါတယ်။

မေး. OA ဒူးနာရောဂါရဲ့ ရောဂါလက္ခဏာတွေကို သိပါရစေဆရာ။

ဖြေ. လူနာတွေအများဆုံးပြောတာကတော့ ဒူးနာတာပါ။ ဒူးနာတာက ဖြည်းဖြည်းချင်းနာပါတယ်။ ချက်ချင်းကြီး နာလာတာ မဟုတ်ပါဘူး။ ဒူးက စနာခါစမှာသိပ်အဆိုးကြီးမဟုတ်ပါဘူး။ နောက်ပြီး သက်သာသွားပါတယ်။ နောက်ပိုင်းကျတော့ ဒူးနာတာက တဖြည်းဖြည်းဆက်လာတယ်၊ ပိုလည်း နာလာတယ်။ လှုပ်ရှားမှုပြုရင်၊ လှေကားအဆင်းအတက်လို လှုပ်ရှားမှုမျိုးလုပ်ရင် ပိုနာလာတတ်ပါတယ်။ တချို့ကလည်း ဒူးနာတာအပြင် တံကောက်ကွေးနာတယ် ဆိုတာမျိုးလည်း ပြောကြပါတယ်။

တချို့ကလည်း ဒူးနာတာအပြင် ပေါင်ကြွက်သား တွေ၊ ခြေသလုံး ကြွက်သားတွေနာတယ်၊ တောင့်တယ်၊ တင်းတယ်လို့ ပြောကြပါတယ်။ အစပိုင်းမှာတော့ လှုပ်ရှားပြီး အနားယူလိုက်တဲ့အချိန်တွေမှာ ဒူးနာတတ်ကြပါတယ်။

နောက်ပိုင်းကျတော့ အနားယူတဲ့အခါမှာလည်း နာတယ်၊ လှုပ်ရှားရင်လည်း နာတယ်၊ နာတဲ့အချိန်တွေက ဆက်လာတယ်။ တစ်ခါတလေလည်း ဒူးပါရောင်လာတတ်ပါတယ်။ နောက်တစ်ခုကတော့ ဒူးရဲ့လှုပ်ရှားမှုက မကောင်းတော့ဘူး။ အဆုံးအထိ မရတော့ဘူး။ အဆုံးအထိ မဆန့်နိုင်တာ၊ မကွေးနိုင်တာတွေ ဖြစ်လာတတ် ပါတယ်။ ဒူးရဲ့ပုံပန်းကလည်းပျက်လာပြီး အတွင်းကို ခွင်လာတတ်ပါတယ်။

အနားယူနေတယ်ဆိုရင်တောင်မှ တုတ်ကိုင်တာမျိုး ဒါမှမဟုတ် အရမ်းနာနေရင် လေးချောင်းထောက်လေး ကိုင်ပြီးပဲဖြစ်ဖြစ် လျှောက်စေချင်ပါတယ်။ ဒူးကို တတ်နိုင်သလောက် အသုံးပြုစေချင်ပါတယ်။ ဒူးကို အနားပေး တယ် ဆိုပေမယ့်လည်း ဒီအတိုင်းငြိမ်ပြီးထားတာကို မကြိုက်ပါဘူး။ အနားယူတဲ့အချိန်မှာလည်း ဒူးကိုဆန့်ပြီး အနားယူ စေချင်ပါတယ် . . .

မေး. ဒူးနာနေတဲ့ လူနာတွေအနေနဲ့ ဘယ်လိုအနားယူဖို့ လိုအပ်ပါသလဲဆရာ။

ဖြေ. သိပ်နာနေရင် နည်းနည်းအနားယူဖို့တော့ အကြံပေးပါတယ်။ ဒါပေမဲ့ ဒူးနာနေတဲ့လူနာက တစ်ချိန်လုံး အနာယူနေတာလည်း ဆရာတို့မကြိုက်ပါဘူး။ ဒူးကို သုံးစေချင်ပါတယ်။ အဲဒီလို ပုံမှန်အသုံးပြုမှလည်း ဒူးအတွက်ရော လူအတွက်ရော အကျိုးရှိပါတယ်။ သိပ်အနားယူနေရင် ကြွက်သားတွေ သိမ်သွားတတ်ပါတယ်။ ဒူးရဲ့ ခိုင်ခံ့မှုလျော့သွားတတ်ပါတယ်။ အများအားဖြင့် ဒူးနာနေရင် ဒူးကိုကွေးလိုက်တာက နည်းနည်းသက် သာပါတယ်။

အဲဒီတော့လူနာတွေက ဒူးကိုကွေးရင်းနဲ့ ပြန်ဆန့်လို့မရတော့တာမျိုးဖြစ်တတ် ပါတယ်။ ဒါကြောင့် အနားယူနေတယ်ဆိုရင်တောင်မှ တုတ်ကိုင်တာမျိုး ဒါမှမဟုတ် အရမ်းနာနေရင် လေးချောင်းထောက်လေး ကိုင်ပြီးပဲဖြစ်ဖြစ် လျှောက်စေချင်ပါတယ်။ ဒူးကိုတတ်နိုင်သလောက် အသုံးပြုစေချင်ပါတယ်။ ဒူးကို အနားပေး တယ်ဆို ပေမယ့်လည်း ဒီအတိုင်းငြိမ်ပြီးထားတာကို မကြိုက်ပါဘူး။ အနားယူတဲ့အချိန်မှာလည်း ဒူးကိုဆန့်ပြီး အနားယူစေချင်ပါတယ်။

မေး. ဒူးနာဝေဒနာရှိသူတွေကို ဆရာ့အနေနဲ့အထူးတလည် ပြောကြားချင်တာရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ဒူးနာရောဂါရှင်တွေကို ဆရာတို့ အတော်များများလည်း တွေ့ရပါတယ်။ ဖြစ်လည်းဖြစ်တတ်ကြပါတယ်။ ဒူးနာလို့ရှိရင် ဆရာတို့အနေနဲ့ကတော့ သက်ဆိုင်ရာဆရာဝန်တွေကို ပြပြီးတော့ ဒူးနာတာက ဘာကြောင့် နာတာလဲဆိုတာကိုသိအောင် အရင်ဆုံးစစ်ဆေးမှုလုပ်ပါလို့ ပြောကြားလိုပါတယ်။ ဒူးနာတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် နာနိုင်ပါတယ်။

ဘာကြောင့်နာတာလဲဆိုတဲ့ အကြောင်းရင်းကို မသိလို့ရှိရင် အဆစ်က ပျက်စီးသွားနိုင်ပါတယ်။ ဒူးနာပြီဆိုတာနဲ့ အနီးစပ်ဆုံးသက်ဆိုင်ရာ ဆရာဝန်ထံ သွားပြသင့်ပါတယ်။ အဲဒီလို ပြသပြီးပြီဆိုမှ ဆရာဝန်က အေးအေးဆေးဆေး ကုလို့ရတယ်ဆိုရင် အေးအေးဆေးဆေးကုပါ၊ မြန်မြန်ကုဖို့လိုတယ်ဆိုလည်း မြန်မြန်ကုသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိကျတဲ့ကုသမှုတစ်ခုတော့ ရှိဖို့လိုပါတယ်။

အရေးကြီးတာက ဒူးနာပြီဆိုရင် ဘာကြောင့်နာတယ်ဆိုတာ ဆရာဝန်နဲ့ပြပြီး အကြောင်းရင်းကိုသိဖို့ လိုပါတယ်။ OA ဒူးနာရောဂါနဲ့ ပတ်သက်လာရင်တော့ ရောဂါကုသမှုအပိုင်းနဲ့ပတ်သက်ပြီး လူနာတွေကို ဆရာတို့ သေချာ ရှင်းပြရပါတယ်။ လူနာတွေ အနေနဲ့ကလည်း ရောဂါက ဘာဖြစ်နေတာလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ အဲဒီလိုသိနေမှသာ ဘာတွေဆက်လုပ်ရမယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ ရှေ့ဆက်ကုသမှုခံယူချင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်မယ်. . အဲဒီလို လူနာအနေနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်လိုက်နာသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top