Healthy Life Ad
Health Tips

မိန်းမကိုယ် ကျန်းမာစေမည့် ထိပ်တန်းနည်း

မီမိုး(ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေဟာ မိန်းမကိုယ်ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ မိန်းမကိုယ်ကို အနံ့အသက် မကောင်းတာ၊ ကူးစက်ပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးရပါမယ်။ မိန်းမကိုယ်ကျန်းမာစေဖို့ သင်လုပ်ဆောင် ပေးသင့်တဲ့ ထိပ်တန်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁). မိန်းမကိုယ် ဖျန်းဆေးသုံးတာကို ရှောင်ရှားပါ။ မိန်းမကိုယ် ဖျန်းဆေးသုံးတာကြောင့် မိန်းမအင်္ဂါ တစ်ဝိုက်ရဲ့ စံအဆင့်ကို ထိခိုက်စေပြီး မိန်းမကိုယ် နီမြန်းတာနဲ့ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။

(၂). မိန်းမကိုယ် တစ်ဝိုက်ကို ဆပ်ပြာနဲ့ မသန့်စင်ပါနဲ့။ အထူး ထုတ်လုပ်ထားတဲ့ မိန်းမကိုယ် ဆပ်ပြာရည်နဲ့ သန့်စင်ပေးဖို့ လိုပါတယ်။ အဲဒီဆပ်ပြာရည်က မိန်းမကိုယ်ရဲ့ စံဓာတ်ကို ဟန်ချက် ညီမျှစေသလို မိန်းမကိုယ်တစ်ဝိုက် အနံ့ဆိုး ကင်းစင်စေပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ ပုံမှန် ဆပ်ပြာတွေကို မသုံးပါနဲ့။

(၃). မိန်းမကိုယ် တစ်ဝိုက် စိုထိုင်းဆများစေတဲ့ အတွင်းခံ ဘောင်းဘီ အဝတ်အစားတွေကို ရှောင်ကြဉ်ပြီး လေဝင်လေထွက် ကောင်းစေတဲ့ ချည်သား ဘောင်းဘီနဲ့ အတွင်းခံ အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ရပါမယ်။

(၄). အထူးသဖြင့် ရာသီလာချိန်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ကောင်းကောင်း ထိန်းသိမ်းပါ။ ရာသီလာချိန်မှာ နာရီအနည်းငယ် ကြာတိုင်း လစဉ်သုံး ဂွမ်းထုပ်ကို အသစ်လဲပေးရပါမယ်။ လစဉ်သုံး ဂွမ်းထုပ်ကို အချိန်ကြာကြာ သုံးတာကြောင့် မိန်းမကိုယ် တစ်ဝိုက် ယားယံနီမြန်းမှုကို ဖြစ်စေနိုင်လို့ပါ။

(၅). မိန်းမကိုယ် တစ်ဝိုက်ကို မစိုစွတ်စေပါနဲ့။ စိုစွတ်နေရင် အနံ့ဆိုးထွက်ပြီး ကူးစက်ပိုး ဝင်နိုင်ခြေ ရှိပါတယ်။

(၆). မိန်းမကိုယ် တစ်ဝိုက် နီမြန်းမှု မဖြစ်စေဖို့နဲ့ မှိုပိုးမဝင်စေဖို့ တင်းကျပ်လွန်းတဲ့ အတွင်းခံ ဘောင်းဘီကို မဝတ်ပါနဲ့။ တင်းကျပ်လွန်းတဲ့ အတွင်းခံ ဘောင်းဘီ ဝတ်တာကြောင့် ချွေးထွက်ပြီး စိုထိုင်းဆ များစေနိုင်ပါတယ်။

(၇). နေ့စဉ် နေ့တိုင်း မိန်းမကိုယ်ကို စစ်ဆေးပါ။ အရင်နဲ့ မတူတဲ့ အနံ့ထွက်နေသလား၊ အရည်ဆင်း နေသလား၊ ဓာတ်မတည့်မှု ဖြစ်နေသလား၊ ယားယံ လွန်းနေသလား စတာတွေကို ဆန်းစစ်ပြီး ဆရာဝန် ထံ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးပါတယ်။

(၈). တင်ပဆုံကွင်း ကြွက်သားတွေ သန်စွမ်းကျန်းမာအောင် Kegel လေ့ကျင့်ခန်း လုပ်ဆောင်ပါ။ ပြုလုပ်ရမှာက ဆီးသွားချိန်မှာ စက္ကန့်အနည်းငယ် သွားလိုက်၊ ရပ်လိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ထိုင်နေချိန် ဒါမှမဟုတ် မတ်တပ်ရပ်နေချိန်မှာလည်း ဆီးသွားတဲ့ ကြွက်သားကို ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။

(၉). ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် ထားပါ။ ရေများများ သောက်တာကြောင့် ခန္ဓာကိုယ်ထဲက ဘက်တီးရီးယား ပိုးတွေနဲ့ အဆိပ်အတောက်တွေက ဆီး ဒါမှမဟုတ် ချွေးနဲ့အတူ ပါသွားတတ်ပါတယ်။

(၁၀). သားဖွားမီးယပ် အထူးကု ဆရာဝန်ထံ သွားပြီး တစ်နှစ်တစ်ကြိမ် သားအိမ်ခေါင်း အချွဲစ စစ်ဆေးမှု (Pap Smear) ခံယူပါ။ ဒီကင်ဆာက စောစော စစ်ဆေးတွေ့ရှိရင် အသက် ကယ်တင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top