Healthy Life Ad
Health Tips

သားသမီးမွေးပြီးစ မိခင်များအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

၊ သဒ္ဒါထက် ၊

ကလေးမွေးပြီးချိန်မှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ဗိုက်ခွဲပြီး ကလေးမွေးထားတယ်ဆိုရင် ဘယ်အချိန်မှာလေ့ကျင့်ခန်းကို စတင်ပြုလုပ်သင့်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

– လမ်းလျှောက်ခြင်း

ကလေးမွေးပြီးချိန်မှာ လမ်းလျှောက်ပေးတာက အကောင်းဆုံးနဲ့အလွယ်ဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ လမ်းလျှောက်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေပြီး အသက်ရှူလမ်းကြောင်းစနစ်နဲ့ နှလုံးခုန်နှုန်းကို ကောင်းမွန်စေကာ ထိခိုက်ဒဏ်ရာရရှိမှု လျော့ကျစေပါတယ်။ တစ်နေ့မှာ အနည်းဆုံးမိနစ် ၂၀ လောက် လမ်းလျှောက်ပေးပါ။

– တင်ပါးမြှင့်ပြီး တံတားပုံစံလေ့ကျင့်ခန်း

ကလေးကို ရိုးရိုးမွေးပြီး ခြောက်ပတ်အကြာမှာ ခါးနောက်ကျောသန်စွမ်းစေမယ့် လေ့ကျင့်ခန်းကို လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်နဲ့တင်ပါးကို ကျစ်လျစ်တင်းရင်း သွားစေပါတယ်။ လုပ်ရမယ့်နည်းက ပက်လက်လှန်လှဲလျောင်းပြီး ဒူးကွေးကာ ခြေထောက်တွေကို တင်ပါးအကျယ်အတိုင်း ချဲထားပေးပါ။ ပြီးရင်တင်ပါးကို ကြမ်းပြင်ပေါ်ကနေမြှင့်ပြီး တစ်စက္ကန့်လောက် ထားလိုက်ပါ။ ဖြည်းဖြည်းချင်း မူလပုံစံကိုပြန်ထားကာ ဒီအနေအထားကို ၅ – ၁၀ ကြိမ်လောက် လုပ်ဆောင်ပေးပါ။

– ရှေ့လက်ဖျံထောက် လေ့ကျင့်ခန်း

ကလေးမွေးပြီး ခန္ဓာကိုယ်ဝဖြိုးမှုကို တွန်းလှန်ပေးမယ့် လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းစတင်နိုင်ဖို့ ကြမ်းပြင်ပေါ်မှာ လက်ဖျံထောက်ပြီး ခြေထောက်တွေကိုချဲကာ ပုံပါအတိုင်း ခါးဆန့်ထုတ်ရင်း ခန္ဓာကိုယ်ကို မြှင့်တင်ပေးပါ။ ဒီအနေအထားအတိုင်း ၃၀ – ၆၀ စက္ကန့်လောက်နေပြီး ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းအောင်ထားပါ။

– ဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်း

ကလေးမွေးပြီး လအနည်းငယ်ကြာမှ ပြုလုပ်နိုင်မယ့်လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းလုပ်တာကြောင့် ဝမ်းဗိုက်၊ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။ အရင်ဆုံးမတ်တတ်ရပ်ပြီး ဆောင့်ကြောင့်ထိုင်ကာ ကြမ်းပြင်ပေါ်ကို လက်နှစ်ဖက်ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ချောင်းကို နောက်ဘက်ဆန့်ထုတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ပြန်လည်မတ်တတ် ရပ်ပေးပါ။ ၅ – ၁၀ ကြိမ်လောက် လုပ်ပေးပါ။

– လက်ထောက်မှောက် လေ့ကျင့်ခန်း

ကြမ်းပြင်ပေါ်မှာ ကလေးကိုချပြီး လက်နှစ်ဖက်နဲ့ချဲထားကာ တင်ပါးနဲ့ကိုယ်အပေါ်ပိုင်းကို မြှင့်လိုက်၊ ကလေးဆီကို မျက်နှာအပ်လိုက်လုပ်ပေးရမယ့် လေ့ကျင့်ခန်းပါ။ ကလေးလည်း ထိန်းနိုင်သလို ကိုယ့်ခန္ဓာကိုယ်ကိုလည်း တစ်ခါတည်းထိန်းပြီးသား ဖြစ်သွားပါတယ်။

– ခြေထောက်ဆန့်ထုတ်လေ့ကျင့်ခန်း

ကလေးကို ချီရင်းလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ မတ်မတ်ရပ်ပြီး ရှေ့ခြေထောက်ကို ၉၀ ဒီဂရီ အနေအထားမျိုးနဲ့ ဆတ်ခနဲ့ရှေ့ထုတ်ရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top