၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
အမေရိကန်နိုင်ငံမှာ အမျိုးသမီး ၆၀ ဦးမှာ တစ်ဦးနှုန်းက သားဥအိမ်ကင်ဆာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သားဥအိမ်ကင်ဆာဖြစ်သူအများစုက သက်ကြီးအမျိုးသမီးတွေဖြစ်ကြပြီး အထူးသဖြင့် အသက် ၆၀ ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ မဖြစ်ဘူးလို့မဆိုနိုင်ပါဘူး။ သားဥအိမ်ကင်ဆာဖြစ်ရင် တွေ့ရတတ်တဲ့လက္ခဏာတွေက ဝမ်းဗိုက်အရွယ်အစားကြီးတာ၊ အစာစားတိုင်း ဗိုက်ပြည့်လွယ်တာ၊ ဝမ်းဗိုက်နဲ့ တင်ပဆုံတွင်း ကိုက်ခဲနာကျင်တာ၊ မကြာခဏဆီးသွားချင်စိတ် ဖြစ်ပေါ်တာနဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာတို့ ဖြစ်ကြပါတယ်။
သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသည့် အချက်များ
သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့ အသက်ကြီးတာ၊ မိသားစုထဲမှာ သားဥအိမ်ကင်ဆာ ရာဇဝင်ရှိတာ၊ ရင်သားကင်ဆာ၊ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာမျိုးရိုးရှိတာ၊ အသက် ၁၂ နှစ်မတိုင်ခင် ရာသီလာတာ၊ အသက် ၅၂ နှစ်ကျော်မှ သွေးဆုံးတာစတာတွေ ဖြစ်ကြပါတယ်။
– သန္ဓေတားဆေးသောက်ဆေး မှီဝဲခြင်း
လေ့လာမှုအရ သန္ဓေတားဆေးကို အနည်းဆုံးသုံးနှစ်ကြာ သောက်သုံးခဲ့တဲ့အမျိုးသမီးတွေက သားဥအိမ်ကင်ဆာ ခံစားရနိုင်ခြေ ၃၀ – ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။
– ကလေးကိုမိခင်နို့ချို တိုက်ကျွေးခြင်း
ကလေးတစ်ဦး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိအောင် မိခင်နို့ချို တိုက်ကျွေးသင့်ပါတယ်။ မိခင်နို့ချိုတိုက်ကျွေးသင့်တဲ့ နောက်ထပ်အကြောင်းပြချက် တစ်ခုအနေနဲ့ သားဥအိမ်ကင်ဆာဖြစ်နှုန်း လျော့ကျစေဖို့ ဖြစ်ပါတယ်။
– သားသမီးမွေးဖွားခြင်း
ကလေးတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး မွေးဖွားလိုက်ရင် သားဥအိမ်ကင်ဆာဖြစ်နှုန်း လျော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ်မတိုင်ခင် သားဦးမွေးဖွားဖူးသူတွေဆိုရင် သားဥအိမ်ကင်ဆာဖြစ်နှုန်း လျော့ကျနိုင်ခြေ ပိုများပါတယ်။
– ကိုယ်အလေးချိန်ပေါင်အပို လျော့ကျခြင်း
အဝလွန်တာက သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်တာက သားဥအိမ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်တာတွေကြောင့် မလိုလားအပ်တဲ့ ကိုယ်အလေးချိန်အပိုတွေကို လျော့ကျစေနိုင်ပါတယ်။
– အဆီနည်းသည့် အစားအသောက်များ စားခြင်း
အဆီနည်းတဲ့အစားအသောက်တွေကို လေးနှစ်နဲ့အထက် စားသောက်သူအမျိုးသမီးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမဲသားနဲ့ ဝက်သားတို့လို ပြည့်ဝဆီပါဝင်မှုများတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။
– သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားခြင်း
လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့် သားဥအိမ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဆီး (ဇီး) သီး၊ ဘလူးဘယ်ရီသီး၊ ပဲနီစေ့၊ ကန်စွန်းဥစတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့် များများပါဝင်တာကြောင့် ကင်ဆာဆဲလ်ကြီးထွားမှုကို တွန်းလှန်ပေးပါတယ်။
– ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံအတိုင်း နေထိုင်စားသောက်ခြင်း
သားဥအိမ်ကင်ဆာဖြစ်နှုန်း သိသိသာသာလျော့ကျစေဖို့ ဆေးလိပ်ဖြတ်ပါ။ ဆေးရွက်ကြီးထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရက်အလွန်အမင်းသောက်ရင်လည်း သားဥအိမ်ကင်ဆာအန္တရာယ် မြင့်တက်စေတဲ့အတွက် အရက်အလွန်အမင်း မသောက်ပါနဲ့။
(Ref;HD)