Healthy Life Ad
Q & A

ရာသီလာပြီးချိန်မှာလည်း ရာသီလာသလို ဝေဒနာ ခံစားနေရတယ် . . .

မေး – ဆရာရှင့် . . ကျွန်မက အသက် ၄၂ နှစ်ပါ။ ရာသီ လာပြီး နောက်တစ်ရက်-နှစ်ရက်ဆို ရာသီလာစဉ် ဆီးစပ်က အောင့်သလိုမျိုး အောင့်ပြီး စအိုကလည်း ဆုပ်ထားသလို ခံစားရပြီး ခြေထောက်တွေကလည်း ဒူးကနေအောက်ပိုင်း တအားညောင်းသလို ခံစားရတယ်၊ ရင်ဝကလည်း ခံစားရတာ အတော်ဆိုးပါတယ် ဆရာ။ ကျွန်မက အိမ်ထောင်ရှိပါတယ် ဆရာ။ အဲဒါ ဘာဖြစ်လို့ပါလဲ ပြောပြပေးပါဆရာ။
ရီရီနု (fb)

ဖြေ – ရာသီလာပြီး ဆက်အောင့်တယ်၊ ဆီးစပ်က အောင့်တယ် . . အခု မေးတာ ကို ကြည့်လိုက်ရင်တော့ နေရာလွဲမှား သားအိမ် အတွင်းသားဆိုတဲ့ ရောဂါဖြစ်တယ်လို့ပဲ အကြမ်းဖျင်းခန့်မှန်းရပါတယ်။ ဒါက ဘာကိုပြောတာလဲဆိုတော့ ရာသီလာတဲ့အချိန်မှာ သားအိ်မ် အတွင်းသားလေးတွေက နေရာတွေလွဲမှားပြီး လျှောက်ရောက်နေ တတ်ပါတယ်။ သားဥအိမ်ထဲကို မှားပြီး ရောက်နေရင် အဲဒီမှားတဲ့ နေရာတွေမှာ ရာသီလာတယ်၊ စအိုဝ အူတွေကြားထဲ ရောက်နေ တတ်တယ်၊ အဲဒီအခါ ဝမ်းသွားတဲ့အခါ နာတယ်၊ ဆီးအိမ်ထဲ ရောက်နေရင် ဆီးသွားတဲ့အခါ နာတယ် . . အဲဒီလို ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒီလို ဖြစ်ရင် ရာသီလာတုန်းမှာလည်း နာတယ်၊ ရာသီလာပြီးချိန်မှာလည်း ဆက်ပြီး နာကျင်ကိုက်ခဲတတ်ပါတယ်၊ အဲဒီလိုဖြစ်ရင် အိမ်ထောင်ဖက်နဲ့ အတူနေချိန် မှာလည်း နာကျင် ကိုက်ခဲတတ်ပါတယ်။ ဒီတစ်ခုတည်းနဲ့ ဘာရောဂါဆိုတာ တန်းပြောလို့မရပါဘူး။ ရာသီလာရင် နာကျင်ကိုက်ခဲတာက သားအိမ် အသားလုံးတွေလည်း ဖြစ်တတ်ပါသေးတယ်။ ရောဂါပိုးဝင်ပြီး ရောင်ရမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သားဖွား မီးယပ်အထူးကု ဆရာဝန်နဲ့ပြပြီး အာထရာဆောင်း ရိုက်ပေးဖို့လိုပါတယ်။ သေချာ စမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖို့ လိုပါတယ်။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top