Healthy Life Ad
Health Tips

ကိုက်ခဲနာကျင်တဲ့ ဝေဒနာ ကင်းစင်ဖို့ရာ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
ကိုက်ခဲနာကျင်တယ်ဆိုတာ သင့်ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေပြီဆိုတာ ပြသတဲ့ လက္ခဏာပါ။ ကိုက်ခဲနာကျင်မှုဝေဒနာ အသေးအမွှားကနေ ပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး လူတွေရဲ့ဘဝ နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။

(၁) ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ
ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်တာနဲ့ခါးနာတာတို့လို နာတာရှည် နာကျင်မှုဝေဒနာ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ကော်ဖီ၊ ဆော်ဒါအချိုရည်စတာတွေကို သောက်သုံးတဲ့အတွက် ဆီးသွားများစေပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။ ရေဆာရင် ရေသောက်တာက အ ကောင်းဆုံးပါ။

(၂) ရောင်ရမ်းမှုလျော့ကျစေမည့် အစာများစားပါ
တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာတွေကို စားတာကြောင့် ရောင်ရမ်းမှုကို ပိုဆိုးစေပါတယ်။ ရောင်ရမ်းမှု မြင့်မားစေတဲ့ အစာတွေကို စားတာကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာ သက်သာစေမယ့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အိုမီ ဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ အစာတွေ၊ ကညွတ်၊ သကြားနည်းတဲ့ သစ်သီးတွေ (နာနတ်သီး၊ ဆီး(ဇီး)သီး)နဲ့ ပဲပိစပ်ထုတ်ကုန်တွေကို စားပေးပါ။

(၃) အချို့အစာများကို လျှော့စားပါ
ရောင်ရမ်းမှုဆိုတာ ကိုက်ခဲနာကျင်မှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး အစားအသောက်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အောက်ပါ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့သင့်ပါတယ်။
– ချောကလက်၊
– အဆီများတဲ့ အနီရောင် အသား၊
– တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသား၊
– ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆော်ဒါအချိုရည်။

(၄) နနွင်းမှုန့် စားပါ
အရောင်တောက်ပတဲ့ နနွင်းမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းအပြင် နာတာရှည် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကိုပါ လျော့ပါးစေတဲ့ ကောင်းကျိုး ရှိပါတယ်။ နနွင်းမှုန့်မှာ ကာကူမင်ဒြပ်ပေါင်း ပါဝင်တဲ့အတွက် ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နနွင်းမှုန့်ဟာ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန် စေတဲ့အတွက် ဟင်းလျာတွေထဲထည့် စားသင့်ပါတယ်။

(၅) ယောဂကျင့်ပါ၊ တရားထိုင်ပါ
ယောဂကျင့်တာကြောင့် သန်စွမ်းမှုနဲ့ ပျော့ပျောင်းမှု ပိုရှိစေပြီး စိတ်ဖိစီးမှု လျော့ကျကာ စိတ်တည်ငြိမ် စေပါတယ်။ စိတ်ဖိစီးမှုများတာကြောင့် ကြွက်သား တောင့်တင်းနာကျင်မှု ဖြစ်တတ်တဲ့အတွက် ယောဂ ကျင့်တာက ကိုက်ခဲနာကျင်မှုဝေဒနာ ပြေလျော့စေတဲ့နည်းပါ။ တရားထိုင်တာကလည်း ကိုက်ခဲနာကျင်မှုကို ခံနိုင်ရည်ရှိသွားပြီး စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။

(၆) ကိုယ်နေဟန် တည့်မတ်စွာ နေပါ
ဘယ်တော့မဆို ကိုယ်နေဟန်ကို တည့်မတ် စွာနေပါ။ တီဗီရှေ့မှာထိုင်တဲ့အခါ၊ ကွန်ပျူတာ သုံးတဲ့အခါ၊ အလုပ်မှာ နေတဲ့အခါ မှန်ကန်တဲ့ ကိုယ်နေဟန်အတိုင်း နေထိုင်တာကြောင့် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ ဦးခေါင်းမတ်မတ်နေပြီး ကျောရိုးကို ဖြောင့်မတ်တဲ့ ဟန်ပန်နဲ့ထားတာကြောင့် ခါးနဲ့လည်ပင်း ကြွက်သားတွေမှာ ဒဏ်သက်ရောက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၇) အကိုက်အခဲပျောက်ဆေး မှီဝဲပါ
ကိုက်ခဲနာကျင်တဲ့ ဝေဒနာပျောက်ဆေးတဲ့ ဆေးတွေဈေးကွက်ထဲမှာရှိပါတယ်။ အဲဒီအထဲက သင့်တော်တဲ့ ဆေးတစ်မျိုးကိုအစာနဲ့အတူ မှီဝဲပါ။

(၈) မသက်သာလျှင် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ
အထက်က နည်းတွေနဲ့ ကုသလို့ ကိုက်ခဲနာကျင်တဲ့ ဝေဒနာက မသက်သာဘဲ နာတာရှည် ကိုက်ခဲနာကျင်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top