Healthy Life Ad
Q & A

သရဲကြောက်သူ . .

မေး. ကျွန်မက ဒီအတိုင်းဆိုမကြောက်တတ်ပါဘူး ဆရာ။ သရဲကားဖြစ်ဖြစ် ကြည့်ပြီးရင်၊ သရဲအကြောင်းပြောတဲ့ ဇာတ်လမ်းကို FM ကနေနားထောင်ပြီးရင် ည ညမှောင်တာနဲ့ ကြောက်နေပါတယ်။ အဲဒီဇာတ်လမ်းထဲက မြင်ကွင်းအတိုင်း ပုံဖော်ပြီးမြင်ရင်း တဖြည်းဖြည်းနဲ့ ပိုကြောက်လာတယ် ဆရာ။ အဲဒါကြောင့်တစ်ယောက်တည်း မနေရဲဘူး၊ ကိုယ့်အိမ်ထဲမှာတောင် တစ်ယောက်တည်းဆိုရင် ဘယ်နေရာမှ မသွားရဲဘူး၊ ကြောက်လွန်းလို့ လူက ကတုန်ကယင်ကိုဖြစ်နေတာ၊ ကျွန်မကြောက်တဲ့ပုံစံကို ကျွန်မခင်ပွန်းအပါအဝင် မိသားစုဝင်တွေက သိပ်နားမလည်ကြဘူး၊ ကျွန်မကြောက်တဲ့ပုံစံက ပုံမမှန်ဘူးဆိုပြီး ထင်နေကြတယ်။ အနားမှာလည်း တစ်ယောက်ယောက်ရှိမှ နေရဲတယ် . . ကြာသွားတော့ မေ့သွားတယ်၊ အဲဒီအခါကျ ပုံမှန်ဖြစ်သွားပါတယ်။ နောက်ပိုင်း အဲဒီလိုသရဲကားကို ပြန်ကြည့်မိရင် တစ်ခါပြန်ဖြစ်ပြန်ရော . . အဲဒါက ပုံမှန်ပဲလား ဆရာ။ ကျွန်မအသက်က ၃၀ ကျော်ပါပြီ။ ငယ်တဲ့အရွယ်လည်းမဟုတ်တော့ ကြောက်စရာမလိုဘူးလို့ ဘယ်လိုပဲအားတင်းအားတင်း မရဘူးဆရာ။ ကျွန်မ အဲဒီကြောက်စိတ်ပြေအောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

နေခြည်၊ တောင်ကြီး။

ဒေါက်တာအုန်းကျော်
(စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) မှဖြေကြားသည်။

ဖြေ သရဲတစ္ဆေကားကြည့်ပြီး အကြောက်လွန်တတ်သူတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို လေ့လာထားတာတစ်ခု ရှိပါတယ်။ သရဲတစ္ဆေကားကြည့်ပြီးရင် အိပ်မက်ဆိုးမက်တတ်သူ ၅၂ ရာခိုင်နှုန်း၊ အလိုလိုနေရင်း ဆက်တိုက်ကြောက်စိတ်ခံစားရသူ ၃၀ ရာခိုင်နှုန်း၊ ဇာတ်ကားထဲကအကြောင်းအရာတွေကို တအုံနွေးနွေးတွေးပြီး ကြောက်တတ်သူ ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ ၃၃ ရာခိုင်နှုန်းက ရက်သတ္တပတ်တစ်ပတ်ကျော်အထိ ဆက်ပြီး ကြောက်နေတတ်တယ်တဲ့။ ငယ်စဉ်ဘဝက ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံရှိခဲ့သူ၊ အခုအချိန်မှာ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲသူတွေမှာ ပိုမိုတွေ့ရှိရပါတယ်။

အဲဒီလို ရောဂါခံစားနေရသူတွေမှာ စိတ်ကျဝေဒနာနဲ့ ဘဝကိုအရှုံးပေးချင်စိတ်တွေ ပေါ်ပေါက်တတ်ပါတယ်။ မိသားစုဝင်တွေနဲ့ တိုင်ပင်ပါ၊ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လို၊ မလို ဆွေးနွေးပါ။

ကြောက်စိတ်လွန်ကဲမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာရင်၊ စိတ်ဓာတ်ကျပြီး ဘဝကို အရှုံးပေးချင်စိတ်ပေါ်လာရင် ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။

ကြောက်စိတ်ကိုကျော်လွှားနိုင်တဲ့ နည်းပရိယာယ်တချို့ကို ဆွေးနွေးပါမယ်။

– အသက်ပြင်းပြင်းနှင့် ခပ်နှေးနှေးရှူပါ

ကြောက်စိတ်၊ စိုးရိမ်စိတ်ပေါ်လာရင် အသက်ပြင်းပြင်းနဲ့ ခပ်နှေးနှေးရှူတဲ့အကျင့်ကို လုပ်ပါ။ ကြောက်နေရင် အသက်ရှူ မြန်လာပါတယ်။ အသက်ရှူနှုန်းကိုထိန်းပေးရင် ကြောက်စိတ်လျော့နည်း သွားနိုင်ပါတယ်။

– ပွဲမဝင်မီအပြင်တွင် လေ့ကျင့်ပါ

ကြောက်တဲ့အခြေအနေ ဒါမှမဟုတ် အရာဝတ္ထုကို တဖြည်းဖြည်းထိတွေ့ဖို့ ကြိုးစားပါ၊ ရှောင်မပြေးနဲ့။ အကြိမ်ကြိမ်လေ့ကျင့်ရင်၊ ကြာကြာထိတွေ့နေရင် ကြောက်စိတ်ပြေသွားလိမ့်မယ်။ ကြောက်လာရင် အသက်ရှူနှုန်းကို ထိန်းပါ။

– ကြောက်နေသောအခြေအနေ၊ ပတ်ဝန်းကျင်၊ အရာဝတ္ထုကို ဖြည်းဖြည်းချင်း ထိတွေ့ပါ

မိမိကြောက်နေတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်၊ အရာဝတ္ထုကို တဖြည်းဖြည်းထိတွေ့ဖို့ ကြိုးစားပါ။ ရှောင်မပြေးပါနဲ့။ အကြိမ်ကြိမ်လေ့ကျင့်ရင်၊ ကြာကြာထိတွေ့နေရင် ကြောက်စိတ်ပြေသွားပါလိမ့်မယ်။ ကြောက်လာရင် အသက်ရှူနှုန်းကို ထိန်းပါ။

– ကြောက်စိတ်ပေါ်လာရင် အတွေးကို ပြောင်းပစ်ပါ

ကြောက်စိတ်ပေါ်လာရင် ကြည်နူးစရာ၊ ပျော်ရွှင်စရာတစ်ခုခုကို စဉ်းစားလိုက်ပါ။ တစ်ကြိမ်ထဲမှာ အတွေးနှစ်ခု မရှိနိုင်ပါဘူး၊ အတွေးပြောင်းသွားရင် စိတ်ခံစားမှုလည်း ပြောင်းလဲသွားလိမ့်မယ်။

– အဆိုးဆုံးဖြစ်နိုင်သည်ကို စဉ်းစားပါ

မိမိကြောက်တဲ့ အခြေအနေ၊ အရာဝတ္ထုကြောင့် အဆိုးဆုံးဖြစ်နိုင်တဲ့ မကောင်းကျိုးတွေကို တစ်ခုပြီးတစ်ခု စဉ်းစားပါ၊ စာရွက်ပေါ်မှာ ရေးချပါ၊ ကြောက်စိတ်သက်သာ လာပါလိမ့်မယ်။

– ကြောက်သောအရာအကြောင်းကို စာရေးချပါ

မိမိကြောက်တဲ့ အခြေအနေ၊ အရာဝတ္ထုဟာ ဘာကြောင့်ကြောက်စရာကောင်းတယ်ဆိုတဲ့ အချက်တွေကို စဉ်းစားပါ၊ စာရွက်ပေါ်မှာ ရေးချကြည့်ပါ၊ အဖြေအတိအကျမရပေမယ့် ကြောက်စိတ်သက်သာ လာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top