ကိုထက်
အရက်ကို မသောက်ရမနေနိုင်တဲ့အခါ အမျိုးသားဆိုရင် တစ်နေ့နှစ်ပက်၊ အမျိုးသမီးဆိုရင် တစ်နေ့တစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။ အရက်ကို အလွန်အမင်းသောက်ပြီး အရက်စွဲသွားတဲ့အခါ အောက်ပါ ကျန်းမာရေး ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
သွေးအားနည်းရောဂါ
အရက်အလွန်အမင်း သောက်သုံးတာကြောင့် သွေးနီဥပမာဏ ပုံမမှန်လျော့နည်းတတ်ပါတယ်။ သွေးနီဥ သိသိသာသာ လျော့ကျသွားတဲ့အတွက် သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ နုံးချည့်ညောင်းညာတာ၊ မူးဝေတာနဲ့ အသက်ရှူမဝတာစတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါ တယ်။
နှလုံးသွေးကြောကျဉ်းရောဂါ
အရက်ကိုအလွန်အမင်း သောက်သုံးတာကြောင့် သွေးလှည့်ပတ်မှုစနစ် အားနည်းတတ်ပါတယ်။ အရက်စွဲသူတွေမှာ သွေးခဲတာလည်း ဖြစ်တတ်သလို နှလုံးရောဂါထခြင်း (Heart Attack)နဲ့ လေဖြတ်တာတို့ ခံစားရနိုင်ခြေလည်းများပါတယ်။ အရက်အလွန် အမင်းသောက်တာကြောင့် နှလုံးကြွက်သားတွေ အားနည်းပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်ရ တတ်ပါတယ်။
ကင်ဆာရောဂါ
အရက်အလွန်အမင်းသောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေများတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ကင်ဆာဖြစ်စေတဲ့ ဓာတ်အဖြစ် ပြုမူလိုက်တာကြောင့်လို့ ယုံကြည်ထားကြပါတယ်။ အရက်စွဲသူတွေ ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နှုန်း ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
အာရုံကြော ထိခိုက်ခြင်း
အယ်လ်ကိုဟော သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး ပုံမှန်မှီဝဲတာကြောင့် အာရုံကြော ထိခိုက်တတ်ပါတယ်။ အရက်စွဲလို့ ဖြစ်ရတဲ့ အာရုံကြော ရောင်ရမ်းမှုဝေဒနာ လက္ခဏာတွေမှာ ခြေဖျား၊ လက်ဖျားတွေ ထုံကျဉ်တာ၊ ကြွက်သားအားနည်းတာ၊ ဝမ်းချုပ်တာ၊ ပန်းသေပန်းညှိုးဖြစ်တာနဲ့ ဆီးမထိန်းနိုင်တာတို့ ဖြစ်ကြပါတယ်။
စိတ်ကျရောဂါ
တချို့လူတွေက စိတ်ဓာတ်ကျတာကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှု သက်သာလိုသက်သာငြား အရက်ကို အလွန်အမင်းသောက်ကြပါတယ်။ ဒါ ပေမဲ့ စိတ်ကျရောဂါက အရက်စွဲဝေဒနာကို မသက်သာစေပါဘူး။ အရက်ကို အလွန်အမင်းသောက်သုံးတာကြောင့် စိတ်ကျရောဂါဝေဒနာလက္ခဏာကိုတောင် ပိုဆိုးစေနိုင်ပါတယ်။
အသည်းခြောက်ခြင်း
အရက်သောက်တာကြောင့် အသည်းဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး အသည်းခြောက်တတ်ပါတယ်။
Ref: HD