Healthy Life Ad
Health Tips

ဆေးမကူဘဲ ဝက်ခြံပျောက်စေမည့် သဘာဝကုထုံးများ

လရိပ်မေ

ဝက်ခြံပေါက်တဲ့အခါ တချို့လူတွေအတွက် နာကျင်ရသလို တချို့လူတွေအတွက် စိတ်အနှောင့် အယှက် ဖြစ်ရတတ်ပါတယ်။
အရေပြားရှိ ဂလင်းတွေကနေ အဆီကို အလွန်အမင်း ထုတ်တာ၊ အရေပြားမွေးညင်းအိတ် ပိတ်ဆို့တာနဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားနှုန်း များတာ စတဲ့ အချက်သုံးချက်ကြောင့် အရေပြား အခြေအနေ ပြောင်းလဲစေနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လူဦးရေရဲ့ ၄၀-၅၀ သန်းနီးပါးဟာ ဝက်ခြံပေါက်နေကြပြီး ကုသမှုအတွက် တစ်နှစ်မှာ ဒေါ်လာသန်းနဲ့ချီပြီး ကုန်ကျနေတယ်လို့ သိရပါတယ်။
ဆရာဝန်အများစုဟာ ဝက်ခြံအဖုအပိမ့်တွေကို လိမ်းဆေးနဲ့ သောက်ဆေးတွေ ပေးပြီး ကုသလေ့ရှိပါတယ်။ တကယ်လို့ သင်ဟာ ဝက်ခြံအတွက် ဆရာဝန်ဆီ သွားမကုဖြစ်သေးရင် ဝက်ခြံပြဿနာအတွက် အိမ်မှာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။

– လက်ဖက်ဆီ လိမ်းပါ

လက်ဖက်ဆီမှာ အစွမ်းထက် ပိုးသတ် အာနိသင်ရှိပါတယ်။ လက်ဖက်ဆီရဲ့ စူးရှတဲ့ အနံ့ဟာ ဖန်း ဂတ်စ်မှို၊ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပြီး ဝက်ခြံလို အရေပြားတွင်း ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ကို ဖယ်ရှားပေးနိုင်တယ် လို့ လေ့လာမှုတွေအရ သိရပါတယ်။ လက်ဖက်ဆီက အလွန် အစွမ်းသတ္တိ ပြင်းတဲ့အတွက် ဝက်ခြံအဖုအပိမ့်တွေပေါ် မသုတ်လိမ်းခင် ရေနဲ့ ဖျော်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် အရေပြား အပူလောင်ပြီး ခြောက် သွားစေနိုင်လို့ပါ။

– နို့နှင့် နို့ထွက်ပစ္စည်း ရှောင်ပါ

၂၀ဝ၅ လေ့လာမှုအရ နို့ထွက်ပစ္စည်းတွေ နဲ့ ဝက်ခြံအကြား ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ နွားနို့ထဲမှာပါတဲ့ မော်လီကျူးတွေနဲ့ ဟော်မုန်း တွေအကြား ဆက်စပ်မှုရှိတဲ့အတွက် အရေပြားကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်တာပါ။

– မျက်နှာကို ဆပ်ပြာ မတိုက်သင့်ပါ

မျက်နှာကို မျက်နှာအရေပြား ခြောက်သွေ့စေတဲ့ ဆပ်ပြာ၊ မျက်နှာသစ်ဆေးတွေနဲ့ အလွန်အမင်း ဆေးကြောရင် သင့်ခန္ဓာကိုယ်က အဆီတွေ ပိုထုတ် လာနိုင်ပါတယ်။ အဆီတွေကြောင့် အသားအရေမှာ ပိုပြီး အပြစ်အနာအဆာ ထင်ကာ ဝက်ခြံဖု ပေါက်စေနိုင်တာပါ။

– နေ့စဉ် နေ့တိုင်း ရေများများ သောက်ပါ

ရေများများ သောက်တာကြောင့် သင့်ခန္ဓာကိုယ် ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ရေသောက်တာကြောင့် ဝက်ခြံကို သက်သာစေပြီး အသားအရေကို စိုပြည်စေပါတယ်။ ဆော်ဒါအချိုရည် ဒါမှမဟုတ် သကြားပါတဲ့ အချိုရည်တွေလို ရေ မဟုတ်တဲ့ အရည်တွေ ရှောင်တာကြောင့် ဝက်ခြံအဖု အပိမ့်တွေကို သက်သာစေပါတယ်။ ဆော်ဒါ အချိုရည်မှာပါတဲ့ ပစ္စည်းတွေဟာ ခန္ဓာကိုယ်ကို ဝက်ခြံ ပိုထွက်အောင် လှုံ့ဆော်နိုင်တယ်လို့ နယူးယော့ခ် လေ့လာမှုအရ သိရပါတယ်။

– နနွင်းမှုန့် သုံးပါ

နနွင်းမှုန့်ကို စားတာရော လိမ်းတာပါ ဆေးဖက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ နနွင်းမှုန့်ဟာ ကင်ဆာအကျိတ်တွေကို သေစေနိုင် တယ်လို့ အမျိုးသားကျန်းမာရေး တက္ကသိုလ် လေ့လာမှု အရ သိရပါတယ်။ နနွင်းမှုန့်မှာ ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားတွေကို ဟန့်တားနိုင်စွမ်းရှိတဲ့ အတွက် ဝက်ခြံအဖုအပိမ့်တွေကို မြန်မြန် ကျက်စေနိုင်ပါတယ်။ နနွင်းမှုန့်နဲ့ ရေကို စေးပျစ်အောင် ရောမွှေပြီး ဝက်ခြံဖုပေါ် တို့လိမ်းပေးတာကြောင့် ရောင်ရမ်းမှု လျော့ပါးကာ အနာကျက်ချိန်ကို လျှော့ချပေး နိုင်စွမ်းရှိပါတယ်။

Most Popular

Healthy Life Ad
To Top