၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊
သားဥအိမ်ကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါအဆင့်နုစဉ်မှာ ဘာလက္ခဏာဝေဒနာမှ မပြတတ်ဘဲ ရောဂါရင့်မှ သိရတဲ့အတွက် အသံတိတ်လူသတ်သမားလို့ ခေါ်ကြပါတယ်။ သက်ကြီး အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာ အဖြစ်များတတ်ပြီး အထူးသဖြင့် အသက် ၆၀ ကျော်အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။
သားဥအိမ်ကင်ဆာရောဂါ လက္ခဏာများ
သားဥအိမ်ကင်ဆာရှိတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေက ဝမ်းဗိုက်ဖောင်းတင်းတာ၊ အစာ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်လွယ်တာ၊ ဝမ်းဗိုက် ဒါမှမဟုတ် တင်ပဆုံကွင်း နာကျင်တာ၊ မကြာခဏ ဆီး သွားချင်စိတ် ဖြစ်ပေါ်တာ၊ မိန်းမကိုယ်မှ သွေးဆင်းတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာတို့ ဖြစ်ပါတယ်။
သားဥအိမ်ကင်ဆာဖြစ်စေနိုင်သည့် အချက်များ
အသက်ကြီးတာ၊ သားဥအိမ်ကင်ဆာ မျိုးရိုးရှိတာ၊ ရင်သားကင်ဆာ၊ အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာ ဖြစ်ဖူးတာ၊ အသက် ၁၂ နှစ်ထက်စောပြီး ရာသီလာတာနဲ့ အသက် ၅၂ နှစ်ကျော်တဲ့အထိ ရာသီလာတာ . . စတဲ့ အချက်တွေက သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေလျော့ကျစေသော အချက်များ
– သန္ဓေတားသောက်ဆေး မှီဝဲခြင်း
လေ့လာမှုအရ အနည်းဆုံး သုံးနှစ်လောက် သန္ဓေတားဆေး မှီဝဲလေ့ရှိသူ အမျိုးသမီးတွေဟာ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၀-၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ သိရပါတယ်။
– မိခင်နို့ချို တိုက်ကျွေးခြင်း
ကလေးကို မိခင်နို့ချိုတိုက်ကျွေးတာက ကလေးငယ်ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်အားလုံး ရောက်ရှိစေတာကြောင့် လုပ်သင့်တဲ့ အချက်ပါ။ ဒါ့အပြင် နို့ချိုတိုက်ကျွေးတဲ့ မိခင်ကိုယ်တိုင် သားဥ အိမ်ကင်ဆာဖြစ်နှုန်း လျော့ကျစေတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
– ကလေးမွေးခြင်း
ကလေးတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး မွေးတာကြောင့် သားဥအိမ်ကင်ဆာအန္တ ရာယ်ကို လျော့ကျစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သင့်အသက် ၂၅ နှစ်မတိုင်မီ သားဦးမွေးရင် ပိုမှန်တယ်လို့ ဆိုထားပါတယ်။
– ကိုယ်အလေးချိန်အပိုများကို လျှော့ချခြင်း
အဝလွန်တာက သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် သင့်ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထားရှိနိုင်ဖို့ ကျန်းမာရေးနဲ့အညီ စားသောက်ပါ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ . . ဒါက ကိုယ်အလေးချိန်အပိုတွေကို လျော့ကျစေမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
– အဆီနည်း အစာကို ရွေးချယ်စားသုံးခြင်း
အဆီနည်းအစာတွေကို လေးနှစ် ဒါမှမဟုတ် လေးနှစ်ကျော်ကြာ စားလေ့ရှိသူ အမျိုးသမီးတွေဟာ သားဥအိမ်ကင်ဆာဖြစ်နှုန်း သိသိသာသာ လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ အမဲသား၊ ဝက်သားတို့လို ပြည့်ဝဆီပါဝင်မှုများတဲ့ အစာတွေကို လျှော့စားပါ။
– သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများ စားခြင်း
လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်း ရွက်တွေကို များများစားတာကြောင့် သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဘလူးဘယ်ရီသီး၊ ဆီး(ဇီး) သီး၊ ခရမ်ဘယ်ရီသီး၊ ပဲနီစေ့၊ ကန်စွန်းဥ စတဲ့ သစ်သီးဝလံ အစေ့အဆန်တွေကို စားတာကြောင့် အင်တီအောက်ဆီးဒင့်ရရှိပြီး ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားပေးပါတယ်။
– ကျန်းမာရေးနှင့် အညီနေထိုင်ခြင်း
သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျစေဖို့ ဆေးလိပ်မသောက်သင့်တဲ့အပြင် ဆေးလိပ်ငွေ့ ရှောင်သင့်ပါတယ်။ ဆေးလိပ်မီးခိုးထဲမှာပါတဲ့ ဓာတုပစ္စည်းအများစုဟာ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ အရက်ကိုလည်း အလွန်အကျွံမသောက်သင့်ပါဘူး။
(Ref;HD)