Healthy Life Ad
Health Tips

နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်နေသူ ကျောင်းသား၊ ကျောင်းသူတို့အတွက် . .

၊ လရိပ်မေ ၊
အမြဲတမ်း ညဘက်လည်း အိပ်ရေးဝပါရက်နဲ့၊ အိပ်ချိန် အလုံအလောက် ပေးထားပါရက်နဲ့ နေ့ခင်းဘက်မှာ အလွန်အမင်း အိပ်ငိုက်နေပါသလား၊ အမြဲလိုလိုပင်ပန်းနေပါသလား။ ဒါက နေ့ခင်းဘက် အိပ်ငိုက်လွန်းတဲ့ အခြေအနေ ခံစားရတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေ ရှိသူတွေက တစ်ည ၈ နာရီ အိပ်ရင်တောင် မကြာခဏ တစ်ရေးအိပ်စက်အနားယူဖို့ လိုသလို များများ အနားယူပေးဖို့လည်း လိုပါတယ်။ အိပ်ငိုက်လွန်း တာက ကျောင်းမှာ စာမသင်နိုင်လောက်အာင် (အလုပ်လုပ်နေသူတွေဆိုရင် အလုပ်မှာ မလုပ်နိုင်လောက်အောင်)ဖြစ်နေပြီဆိုရင်တော့ ဒီအခြေအနေကို ထိန်းချုပ်ဖို့လိုအပ်နေပါပြီ။

(၁) ညဘက်တွင် အိပ်ချိန်အလုံအလောက် ရယူပါ
ပညာသင်ယူလေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေက တစ်ညမှာ အနည်းဆုံး အိပ်ချိန် ၉ နာရီ လိုအပ်ပါတယ်။ အိပ်ရေးဝ၀ အိပ်စက်ပါ။ အိပ်ရေးဝမှမှတ်ဉာဏ်ကောင်းမွန်ပြီး နေ့ခင်းဘက်မှာ ကြည်လင်တဲ့ စိတ်နဲ့ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

(၂) ညဘက်အိပ်စက်မှုကို ထိခိုက်စေသည့် အရာမှန်သမျှ ဆင်ခြင်ပါ
ဒီနေ့ခေတ် ကျောင်းသား၊ ကျောင်းသူတွေက ဖုန်းကိုယ်စီနဲ့ အင်တာနက် အသုံးပြုလေ့ရှိကြပါတယ်။ ညဘက် အိပ်ခါနီးမှာတော့ မသုံးသင့်ပါဘူး။ ဂိမ်းဆော့တာ၊ အင်တာနက်သုံးတာတွေက အိပ်စက်မှုအရည်အသွေးကို ထိခိုက်စေလို့ပါ။

(၃) ညတိုင်း တူညီသောအချိန်တွင် အိပ်စက်ပါ
ညတိုင်း တူညီတဲ့အချိန်မှာ အိပ်စက်တာက နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်ကာ အိပ်ငိုက်မှုကိုတွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) နေ့တိုင်း တူညီသော အချိန်တွင် အိပ်ရာထပါ
ကျောင်းသား၊ ကျောင်းသူ အများစုက ကျောင်းပိတ်ရက်ဆိုရင် နေမြင့်တဲ့အထိ အိပ်လေ့ရှိပါတယ်။ အဲဒီလို မလုပ်ဘဲ နေ့စဉ်နေ့တိုင်း တူညီတဲ့အချိန်မှာ အိပ်ရာထပါ။

(၅) တစ်နေ့ အနည်းဆုံး နာရီဝက်ခန့် နေခြည်နုနုနှင့် ထိတွေ့ပါ
နံနက်ခင်း နေခြည်နုနုနဲ့ နာရီဝက်လောက် ထိတွေ့မှုရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ပုံမှန်ဖြစ်စေပြီး နေ့ခင်းဘက် လန်းဆန်းနေမှာပါ။

(၆) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ
မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပေးတာက ညဘက် အိပ်ရေးဝ၀ အိပ်ပျော်စေပြီး ခန္ဓာကိုယ်ကို ပုံမှန်အတိုင်းအတာ ဖြစ်နေအောင် ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။

(၇) အနားပေးချိန်တွင် လမ်းထလျှောက်ပါ
ကျောင်းစာသင်ချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား အနားပေးချိန် ရှိပါတယ်။ အဲဒီအချိန်တွေမှာ ထိုင်မနေဘဲ လမ်းထလျှောက်တာ၊ အိမ်သာသွားတာ၊ ရေသောက်တာတွေ လုပ်ဆောင်ပေးပါ။ သွေးလှည့်ပတ်မှု ကောင်းပြီး လန်းဆန်းတက်ကြွနေမှာပါ။

(၈) အလင်းရောင် များများရသည့်နေရာတွင်ထိုင်ပါ
စာသင်ခန်းထဲမှာ အလင်းရောင်များများရတဲ့ နေရာမှာထိုင်ပြီး သင်ယူလေ့လာပါ။ အလင်းရောင်ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝနရီကို ထိန်းပေးနိုင်ပြီး နိုးကြားနေပါလိမ့်မယ်။

(၉) ရေတစ်ဖန်ခွက်သောက်ပါ
ကျောင်းသား၊ ကျောင်းသူ အများစုက နေ့ခင်းဘက် အိပ်ငိုက်မှာစိုးတာကြောင့် ကော်ဖီသောက်လေ့ရှိပါတယ်။ ကော်ဖီကြောင့် ရင်တုန်တတ်ရင် ကော်ဖီမသောက်ပါနဲ့၊ ရေတစ်ဖန်ခွက် သောက်လိုက်ပါ။

(၁၀) နေ့ခင်းဘက်တွင် အဆီအအိမ့်များလွန်းသောအစာ မစားပါနှင့်
နေ့လယ်စာမှာ အဆီအအိမ့်ပါဝင်မှုများလွန်းရင် အစာကြေညက်နှုန်းနှေးပြီး အိပ်ငိုက်တတ်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top