Healthy Life Ad
Life Style

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရပါလို၏ . .

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ဦးမြင့်မှာ ငယ်ငယ်ကတည်းက လူတောမတိုးတဲ့ အရာလို့ပဲဆိုရမယ့် ကြောက်စိတ်တစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ ကုန်တိုက်ကြီးတွေ၊ Shopping Mall ကြီးတွေ၊ ပုဂ္ဂလိကဆေးရုံတွေသွားရင် အလုံပိတ်ထားတဲ့ ဓာတ်လှေကားတွေကို မစီးရဲတာပါပဲ . .။ အဲဒါတွေအနား ကပ်လိုက်ရုံနဲ့ ခြေဖျားလက်ဖျားတွေ အေးစက်လာတော့တာ . .သူငယ်ချင်းတွေနဲ့ အတူသွားရင်လည်း အလုံပိတ်ဓာတ်လှေကားနဲ့ အပေါ်တက်မယ်ဆိုတာနဲ့ “ငါ ဒီအောက်ကပဲ စောင့်နေမယ် . . မင်းတို့ အေးဆေးတက်ပြီးမှ ပြန်ဆင်းလာကြ. . ငါ ဒီခုံတန်းမှာပဲ ထိုင်စောင့်နေမယ်” ဆိုပြီး ပြောလေ့ရှိတတ်တယ်။ သူငယ်ချင်းတွေက ဇွတ်အတင်းခေါ်တော့မှ ဦးမြင့်က သူရဲ့ကြောက်စိတ်ကို ပြောပြပြီး တောင်းပန်ရတယ်။ “ဘာမှ မဖြစ်ပါဘူး၊ ငါတို့ပါတာပဲ . . ငါတို့ လက်ကိုကိုင်ထား . .”သူငယ်ချင်းတွေက ဘယ်လိုပဲ ဖျောင်းဖျ၊ ဖျောင်းဖျ . . ဓာတ်လှေကားနားရောက်တဲ့အခါ ချွေးစေးတွေပြန်ပြီး ကတုန်ကယင်ဖြစ်နေရှာတဲ့ ဦးမြင့်ကို သတိပြုမိသွားတော့ လက်လျှော့လိုက်ရတယ်။ ဒီလိုနဲ့ဦးမြင့်ဟာ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် အထပ်မြင့်တွေတက်စရာရှိရင် သူများတွေလို ဓာတ်လှေကားခလုတ်လေးနှိပ်ပြီး ပေါ့ပေါ့ပါးပါး မသွားနိုင်ခဲ့ဘူး၊ မြင့်မားလှတဲ့ အဆောက်အအုံတွေကို ရိုးရိုးလှေကားကနေ မောကြီးပန်းကြီး တက်ရလေ့ရှိတယ်။ တစ်ခါတလေကျတော့ ဓာတ်လှေကားကြောက်တဲ့စိတ်ကို ဦးမြင့်ကျော်လွှားပစ်ချင်တယ် . . လူတကာတွေလို လွတ်လပ်ပေါ့ပါးတဲ့စိတ်နဲ့ ဓာတ်လှေကားစီးနိုင်ချင်တယ် . .
ဦးမြင့် ဘာလုပ်သင့်နေပြီလဲ . .
– – –

သဲဆူးကိုအားလုံးက အံ့အားသင့်နေကြတယ်၊ သူငယ်ချင်းတွေက ‘ဘာကြောင်တာလဲ’ ဆိုတဲ့အကြည့်နဲ့ ကြည့်နေတယ် . .
“သဲဆူးရယ် . . ဒီလောက်ကောင်းတဲ့အလုပ်ကို နင်မို့လက်လျှော့လိုက်ရတယ်လို့ . . လစာကလည်း ကောင်းမှကောင်း . . နင်ပဲ ဒီလို NGO အလုပ်ကိုလုပ်ခွင့်ရဖို့က နင့်အိပ်မက်ဆို . . အခုတော့ နင့်အိပ်မက်အတိုင်း ဖြစ်လာပြီပဲ . . နင် ဘာလို့မလုပ်တော့ဘူးလို့ ငြင်းလိုက်ရတာလဲ . .”

သူငယ်ချင်းတွေရဲ့ မေးခွန်းကို သဲဆူးဘာမှပြန်မဖြေဘဲ ခေါင်းပဲ ယမ်းပြလိုက်မိတယ်။

“ငါ မလုပ်ချင်တော့လို့ပါ” သဲဆူးရဲ့ လေသံပျော့ပျော့ကြားတော့ သူငယ်ချင်းတွေလည်း ဘာမှ ဆက်မမေးကြတော့ဘူး။
အိမ်ပြန်ရောက်တော့ သဲဆူးအခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း အသံတိတ်ငိုနေမိတယ်၊ သဲဆူးဒီအလုပ်ကို ဘာကြောင့်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရတာလဲ . . ဒီလို NGO အလုပ်ရဖို့ ဘယ်လောက်တောင် အားထုတ်ခဲ့ရသလဲ . . ကျောင်းပြီးကတည်းက တက်လိုက်ရတဲ့ English Speaking ၊ တက်လိုက်ရတဲ့ Computer Training Course . . Management နဲ့ဆိုင်တဲ့ ဒီပလိုမာတွေတောင်ပါသေး . . လိုအပ်တဲ့ အရည်အချင်းတွေလည်း ပြည့်စုံရော . . သဲဆူးမက်မောတဲ့ NGO အလုပ်တစ်ခုက ရာထူးတစ်နေရာ လစ်လပ်နေတယ်ဆိုတဲ့ သတင်းစကားကို သူငယ်ချင်းဝေမာက ပြောလာခဲ့တယ်။

“နင့် CV . .ငါ့ကိုပေးလိုက်သဲဆူး . . ငါ့အိမ်နဲ့နီးတော့ ငါတင်ပေးခဲ့မယ် . . “

တကယ်လည်း အလုပ်အင်တာဗျူးဖြေဖို့ သဲဆူးကိုအကြောင်းကြားလာရော သဲဆူးအပျော်ကြီး ပျော်နေမိခဲ့တယ်။ ဒီလစာနဲ့သာဆိုရင် မေမေ့ကိုတစ်လှည့် လုပ်ကျွေးလို့ရပြီဆိုပြီး စိတ်ထဲ ကြည်နူးနေမိတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်မှာ လစာကောင်းကောင်းနဲ့ လုပ်ခွင့်ရတာကိုက ဘဝမှာကံကောင်းခြင်းတစ်မျိုး မဟုတ်လား . . ဒီအလုပ်ရအောင် အဝတ်အစားတွေကအစ စမတ်ကျကျ ပြင်ဆင်ခဲ့တယ်။

အင်တာဗျူးသွားဖြေရတဲ့ နေ့လည်းရောက်ရော သဲဆူးစိတ်ထဲ ကြည်နူးပျော်ရွှင် နေတာတွေအားလုံး ပျောက်ပျက် သွားခဲ့တော့တယ်။ ရုံးခန်းက အမြင့်ကြီးမှာပါလား . . ၁၀လွှာ . .

ဘုရားရေ . .သဲဆူး ချွေးစေးတွေပြန်လာပြီး လက်ဖျား၊ ခြေဖျားတွေ တုန်ယင်နေခဲ့တယ် . . ငယ်ငယ်ကတည်းက အမြင့်ကိုကြောက်တဲ့စိတ် . . အဲဒီစိတ်ကြောင့် အမြင့်တက်ရမယ့် ကိစ္စတွေဆိုရင် သဲဆူး အမြဲရှောင်နေခဲ့တာ . . သဲဆူးအားတင်းပြီး ၁၀ လွှာကို ဓာတ်လှေကားနဲ့ တက်ခဲ့တယ်၊ အပေါ်လည်းရောက်ရော ရုံးခန်းကိုရောက်ဖို့ ဝရန်တာကနေ လမ်းလျှောက်သွားလာရတဲ့အခါ သဲဆူးခြေထောက်တွေ ညွတ်ခွေလုမတတ် ဖြစ်ခဲ့ရတယ် . .

ဝရန်တာကနေ အောက်မြင်ကွင်းကို တွေ့နေရတော့ သဲဆူးလေ ကြောက်လိုက်တာ၊ ဝရန်တာနဲ့ခပ်ဝေးဝေး ဒီဘက်ဘေးအစွန်ကနေ လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် လဲကျသွားတဲ့သဲဆူးကို သက်သောင့်သက်သာ လျှောက်နေသူတွေက တအံ့တသြကြည့်ကြတယ်။ စာနာတတ်သူတချို့ က “ခေါင်းမူးလို့လား . . ဒါလေးရှူလိုက် ညီမလေး” ဆိုပြီး ရှူဆေးဘူးကို ပေးခဲ့တယ်။ သဲဆူးခေါင်းခါပြီး အားတင်းရင်း ရှေ့ဆက်လျှောက်ခဲ့တယ်။ အင်တာဗျူးလည်း ဖြေပြီးရော အိမ်ကို မနည်းရောက်အောင် ပြန်ခဲ့ရတယ်လေ။ ဖြစ်ချင်တော့ အဲဒီအလုပ်ကို သဲဆူးရခဲ့တယ် . . ဒါပေမဲ့ သဲဆူး ငြင်းခဲ့ရတော့တယ်၊ သဲဆူးရဲ့ အမြင့်ကြောက်တဲ့ စိတ်ကြောင့်ပေါ့ . . ကိုယ့်အကြောင်း ကိုယ်ပဲသိတာမို့ ရင်နာနာနဲ့ အလုပ်ကိုလက်လျှော့ခဲ့တဲ့ သဲဆူးအတွက် သူငယ်ချင်းတွေရဲ့ မေးခွန်းတွေကြားမှာ အဖြေမရှိခဲ့ဘူး။
– – –

“အမြင့်ကြောက်တာ၊ အလုံပိတ်အခန်းတွေ ( ဥပမာဓာတ်လှေကား၊ ကျဉ်းမြောင်းပိတ်လှောင်တဲ့ အခန်း ) တွေ ကြောက်တာကို Phobia လို့ခေါ်ပါတယ်။ တချို့ဆိုရင် ငှက်လေးတွေကို သူများထက်ထူးကဲပြီး ကြောက်စိတ်များနေတဲ့ အခြေအနတောင် ရှိတတ်ပါတယ်” လို့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာဦးသုတက ပြောပြခဲ့ပါတယ်။

“ ကြောက်စိတ်ဟာ ပုထုဇဉ်လူသားတိုင်းမှာရှိပေမယ့် ကြောက်စိတ်ကြောင့်-

(၁) မိမိရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်ရင်သော်လည်းကောင်း၊

(၂) ကြောက်စိတ်က အများအပြား လွန်ကဲလာရင်သော်လည်းကောင်း၊

(၃) မိမိရဲ့ စိတ်ချမ်းသာမှု ( Sense of Well – being ) ကို ထိခိုက်လာရင်သော်လည်းကောင်း၊

(၄) ကြောက်စိတ်ကြောင့် လူဝင်ဆန့်မှု၊ ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာရင်သော်လည်းကောင်း ရောဂါဖြစ်လာပါတယ်။ အဲဒါဆိုရင် ဆေးကုသဖို့ လိုအပ်ပါတယ်. .

ကြောက်စိတ်ကို ဖယ်ရှားရာမှာ ကိုယ်၊ နှုတ်၊ အမူအရာပြောင်းလဲအောင် ကုတဲ့နည်း ( Systematic Desensitization ) နဲ့ ဆေးနဲ့ကုတဲ့နည်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူယုံကြည်တဲ့အဖော်က သူကြောက်တဲ့နေရာကို ခေါ်သွားတယ်၊ တဖြည်းဖြည်းချင်းခေါ်သွားရင်း ကြောက်တဲ့စိတ်ကို ပြေပျောက်အောင် လုပ်ပေးတာကို Systematic Desensitization လို့ ခေါ်ပါတယ်. .” လို့ ဒေါက်တာဦးသုတက ဆက်ပြောပြခဲ့တယ်။

နောက်ဆုံးမှာတော့ ဦးမြင့်ရောသဲဆူးပါ သူတို့ခံစားနေရတဲ့ ကြောက်စိတ်တွေကြောင့် ဘဝတက်လမ်း အဟန့်အတားဖြစ်လာတဲ့အတွက် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးတစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးပြီး စနစ်တကျဆေးကုသမှု ခံယူလိုက်ပါတော့တယ်။ အခုတော့ ဦးမြင့်တစ်ယောက် ဓာတ်လှေကားတွေထဲ အများသူငါလို ပေါ့ပေါ့ပါးပါး စီးနိုင်နေပြီဖြစ်သလို သဲဆူးဟာလည်း မြင့်မားတဲ့နေရာတွေကို ပျော်ပျော်ရွှင်ရွှင် သွားလာနိုင်နေပြီ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top