လရိပ်မေ
– အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်တဲ့အပြင် ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်ရင် ဆိုးကျိုးကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာရေးတင်မက လှပကြည့်ကောင်းနေစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အစာတွေကို တစ်နေ့တစ်မျိုး ပါဝင်အောင် ထည့်သွင်းမှီဝဲသင့်ပါတယ်။
(၁) ထောပတ်သီး
– ထောပတ်သီးမှာ ပါဝင်တဲ့ မရှိမဖြစ်ဆီနဲ့ ဗီတာမင်ဘီ အုပ်စုဟာ အသားအရေကို အားဖြည့်ပေးပြီး ကျန်းမာစေပါတယ်။ ထောပတ်သီးကို ကြိတ်ချေပြီး မျက်နှာအသားအရေပေါ် လိမ်းပေးရင် ပေါင်းတင် ထားသလို မျက်နှာကို ချောမွေ့လှပစေပါတယ်။
(၂) ကိုကိုးမှုန့်
– အမည်းရောင် ချောကလက် ပြုလုပ်ရာမှာ ပါဝင်တဲ့ ဖလေဗနော အင်တီအောက်ဆီးဒင့်ဟာ အသားအရေ ကြမ်းတမ်းမှုကို လျော့ပါးစေပြီး နေရောင်ခြည်ကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ ဖလေဗနော ၃၂၆ မီလီဂရမ် အားဖြည့်ထားတဲ့ ကိုကိုးဖျော်ရည် သောက်ရင်လည်း အသားအရေကို ကြည့်ကောင်းစေပြီး ခရမ်းလွန် ရောင်ခြည်ဒဏ် ခံနိုင်ရည် ရှိစေပါတယ်။
(၃) အုန်းဆီ
– အုန်းဆီမှာ ကောင်းမွန်တဲ့ အဆီ ပါဝင်တဲ့အတွက် အသားအရေကို စိုပြည်စေပါတယ်။
(၄) လက်ဖက်စိမ်းလက်ဖက်ရည်
– လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် အရေပြားနီမြန်းမှု၊ ရောင်ရမ်းမှုနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်မှုတွေကို လျော့ပါးစေပြီး ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။
(၅) သရက်သီး
– သရက်သီးမှာ အရေပြားဆဲလ်တွေကို ပြန်လည် ထိန်းသိမ်းပေးနိုင်ဖို ့လိုအပ်တဲ့ ဗီတာမင် ၈၀ ရာခိုင်နှုန်းကျော် ပါရှိပါတယ်။
(၆) မှို
– မှိုမှာ ဗီတာမင် B 12 ပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ တစ်သျှူးတွေကို သိသိသာသာ ပြန်လည် ပြုပြင် ပေးနိုင်ပါတယ်။
(၇) ဗီတာမင်စီ ပါဝင်မှုများသည့် အစာများ
– ဗီတာမင်စီက အအေးမိဝေဒနာကို တွန်းလှန် ပေးနိုင်ရုံသာမက အင်တီအောက်ဆီးဒင် ့ဖြစ်တဲ့အတွက် ဖရီးရယ်ဒီကယ်လ်ကြောင့် ထိခိုက်မှုကို နှေးစေပါတယ်။ လေ့လာမှု အသစ်အရ ဗီတာမင်စီက ဖရီးရယ်ဒီကယ်လ်ကို ဓာတ်ပြယ်စေရုံသာမက ဒီအင်န်အေ ထိခိုက်မှုကို တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးနဲ့ မာလကာသီးတွေမှာ ဗီတာမင်စီ ပါဝင်မှုများပါတယ်။
(၈) ကမာကောင်
– ကမာကောင်မှာ ဇင့်(သွပ်)ဓာတ် ပါဝင်တဲ့အတွက် အရေပြားလျော့တွဲမှု မဖြစ်အောင် တွန်းလှန် ပေးနိုင်ပြီး အသားအရေကို ဆွဲဆန့်နိုင်စွမ်း ကောင်းစေပါတယ်။
(၉) အနီရောင်နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
– ခန္ဓာကိုယ်က ဘီတာကယ်ရိုတင်းကနေ ဗီတာမင်အေ အဖြစ် ကူးပြောင်းတဲ့အတွက် ဆဲလ်ထိခိုက်မှု နဲ့ အရွယ်မတိုင်မီ အိုမင်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဘီတာကယ်ရိုတင်းပါဝင်တဲ့ အနီရောင် ငရုတ်ပွသီးနဲ့ အစိမ်းရောင် ဟင်းနုနယ်ရွက်တို့ကို စားပေးပါ။
(၁၀) ဝိုင်နီ
– ပိုလီဖီနောဓာတ် အပြည့်အဝပါတဲ့ ဝိုင်နီဟာ ဆဲလ်ဓာတ်တိုးမှု မဖြစ်စေတဲ့အတွက် အသားအရေ ကို နုပျိုစေတာ ဖြစ်ပါတယ်။
(၁၁) ကန်စွန်းဥ
– ကန်စွန်းဥမှာ ဗီတာမင်အေများများ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဆဲလ်အသစ် ဖြစ်နှုန်းကို မြန်စေပါတယ်။
(၁၂) ကောက်နှံတစ်ခုလုံးစာ
-ပြုပြင်ထားတဲ့ ကောက်နှံစာတွေ စားရင် အင်ဆူလင်မြင့်တက်စေပြီး ဝက်ခြံဖြစ်စေပါတယ်။ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်အစား ကောက်နှံတစ်ခုလုံး အစာ (ဥပမာ ဆန်လုံးညို၊ ခေါက်ဆွဲညို) စတာတွေ ကို ပြောင်းစားတာကြောင့် ကျန်းမာစေရုံသာမက အသားအရေကိုပါ ကြည့်ကောင်းစေပါတယ်။