Healthy Life Ad
Child

အစာနင်ခြင်း၏ နောက်ကွယ်မှာ . . .

(Dysphagia)

ပါမောက္ခဦးအေးမွန် ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အစာနင်တဲ့ ပုံစံကို သိပါရစေ ဆရာ။

ဖြေ. အဓိကကတော့  အစာနင်တယ်ဆိုတာ အစာစားပြီး မျိုချလိုက်တဲ့အခါ အစာအိမ်ကို မရောက်ခင်မှာ  လည်ချောင်းကနေ အစာရေမျိုပြွန်မှာ ဆို့နင့်နေသလို ခံစားရတာကို ဆိုလိုပါတယ်။
သာမန်လူကောင်းတွေ အစာစားတယ်၊ ရေသောက်ပြီး မျိုချလိုက်တယ်ဆိုရင် သူ့ဘာသာသူ ဝင်သွားမှာပဲလေ . . ။ ဒါပေမဲ့အစာနင်တဲ့ သူတွေမှာတော့ အလိုလိုမဝင်ဘဲ တစ်နေရာရာမှာ ဆို့သလို၊ တစ်နေသလိုလို ခံစားနေရတတ်ပါတယ်။ ရေသောက်လည်း ဆို့နင်နေမှာပါပဲ။

မေး. ဘာကြောင့် အစာက ဆို့နင်နေရတာပါလဲ ဆရာ။

ဖြေ. အစာတွေ ဆို့နင်နေရတဲ့ အဓိက အကြောင်းရင်းကတော့ အစာရေမျိုပြွန်ကျဉ်းလို့၊ ပိတ်လို့ ဖြစ်နိုင်ပါတယ်။ ဒီလိုအစာရေမျိုပြွန်ကျဉ်းရ၊ ပိတ်ရတဲ့ အဓိက အကြောင်းရင်းကလည်း အစာရေမျိုပြွန် ကင်ဆာကြောင့် ဖြစ်တတ်ပါတယ်။ အစာနင်တဲ့သူ ၁၀ ယောက်မှာ ၉ ယောက်က အစာရေမျိုပြွန်ကင်ဆာ (Oesophagus Cancer) ကြောင့်ပါပဲ။
ရှားရှားပါးပါးအနေနဲ့ ကင်ဆာကြောင့် မဟုတ်ဘဲ အပြင်ကနေ အကျိတ်ပိတာမျိုး၊ အက်ဆစ်၊ အယ်လ်ကာလီကို မတော်တဆမှားသောက်ရာက အဆိပ်ဖြစ်ပြီး အစာရေမျိုပြွန်ကျဉ်းသွားတာမျိုး၊ စားချဉ်ပြန်ရောဂါ(GERD) ကြောင့် အစာအိမ်အက်ဆစ်တွေက အစာအိမ်ပေါ်ကို ဆန်တက်နေရင် ကြာတဲ့အခါ အစာရေမျိုပြွန်အောက်ပိုင်း ကျဉ်းသွားတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။

မေး. အစာရေမျိုပြွန်ကင်ဆာကြောင့် အစာနင်တဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. အစပိုင်းမှာတော့ အဖတ်စားရင် နင်တတ်ပါတယ်။ အစာမာမာတွေစားလို့ နင်တာကို ရေနွေးလေးသောက် လိုက်၊ ရေသောက်လိုက်နဲ့ ရသွားပါလိမ့်မယ်။ အဲဒီလိုနေရင်း စားလို့မဝင်တော့တဲ့အခါ ဆန်ပြုတ်လေး ပြောင်းစားရမယ်၊ သိပ်ဆိုးလာရင် ဆန်ပြုတ်တို့၊ မြူစွမ်တို့လို အစာပျော့ပျော့ကိုတောင် စားလို့မရလောက် အောင် နင်လာတတ်ပါတယ်။ အဲဒီ့ထက် ပိုဆိုးတဲ့အဆင့်မှာဆိုရင် ရေကိုတောင် သောက်လို့ မရတော့ပါဘူး။ အစာရေမျိုပြွန်ထဲမှာ ဘယ်လောက် ပိတ်နေသလဲဆိုတာပေါ် မူတည်ပြီးတော့ အစာနင်တာက ပိုဆိုးလာပါတယ်။

မေး. အစာနင်တဲ့ လူနာတွေက ဘယ်လိုအခြေအနေမှာ လာပြလေ့ရှိပါသလဲ ဆရာ။

ဖြေ. အစာမာမာစားလို့ နင်တယ်၊ မျိုချလို့ မရဘူးဆိုတာမျိုး ဖြစ်တဲ့အခါ နှစ်ပတ် – သုံးပတ်အတွင်း ဆရာဝန်ဆီ လာပြလိုက်တာနဲ့ ရောဂါကိုစောစောစီးစီး တွေ့နိုင်ပါတယ်။ အခုလူနာအများစုမှာ တွေ့နေရတဲ့အချက်က အစာမာမာနင်တယ်၊ ဆရာဝန်ဆီမပြဘူး၊ စွပ်ပြုတ်သောက်တယ်၊ တဖြည်းဖြည်း နင်လာတယ်၊ နောက်ဆုံး ရေတောင်သောက်လို့ မရတော့တဲ့အခြေအနေကျမှ ဆရာဝန်ဆီ ရောက်လာကြပါတယ်။ အဲဒီအခါ စမ်းသပ်စစ်ဆေးကြည့်လိုက်ရင် အစာရေမျိုပြွန်က ပိတ်တောင်ပိတ်တဲ့အဆင့် ရောက်သွားပါပြီ။ အဲဒီ အခြေအနေမှာဆိုရင် ခွဲစိတ်ကုသရတာ သိပ်ခက်ခဲသွားပါတယ်။ ရင်ခေါင်းက ခွဲရတာဖြစ်လို့ အတော်နောက်ကျသွားတဲ့ အဆင့်ဆိုရင် ခွဲစိတ်ကုသဖို့ ခက်ခဲသွားပါတယ်။ အဲဒါကြောင့် အစာနင်တယ်ဆိုရင် စောစောစီးစီးလာပြမှသာ ရောဂါကို စောစောတွေ့ရှိပြီး ခွဲစိတ်ကုသလို့ အဆင်ပြေမှာဖြစ်ပါတယ်။

မေး. အစာရေမျိုပြွန် ကင်ဆာဖြစ်ရင် အစာနင်တဲ့လက္ခဏာတစ်ခုပဲ ပြလေ့ရှိတာလား၊ တခြားတွဲဖြစ်တတ်တဲ့ လက္ခဏာတွေကော ရှိပါသလား ဆရာ။

ဖြေ. အစာရေမျိုပြွန်ကင်ဆာမှာ အဓိကဖြစ်တတ်တဲ့ လက္ခဏာကတော့ အစာနင်တာပါပဲ။ ဒီလက္ခဏာက စောစောစီးစီး ပြတတ်ပါတယ်။ တခြားလက္ခဏာတွေက ရောဂါရင့်မှပဲ ပေါ်တတ်ပါတယ်။ နောက်ပိုင်း အသည်းကြီးတာ၊ အဆုတ်ခဲတာ၊ လည်ပင်းအကျိတ်တွေ ကြီးတာတွေဖြစ်တာက ရောဂါရင့်တဲ့အဆင့် ဖြစ်လာပါပြီ။

အစာမာမာစားလို့ နင်တယ်၊ မျိုချလို့မရဘူး ဆိုတာမျိုးဖြစ်တဲ့အခါ နှစ်ပတ် – သုံးပတ်အတွင်း ဆရာဝန်ဆီ လာပြလိုက်တာနဲ့      ရောဂါကို စောစောစီးစီး တွေ့နိုင်ပါတယ်။ အခုလူနာအများစုမှာ တွေ့နေရတဲ့အချက်က  . . .

အစာနင်တာက တစ်ခါတလေဖြစ်တာမဟုတ်ဘဲ နှစ်ပတ်လောက်ရှိနေပြီဆိုရင်၊ တဖြည်းဖြည်းချင်း ပိုဆိုးလာပြီဆိုရင် ဆရာဝန်ဆီ လာပြသင့်ပါတယ်။ အခုတွေ့နေရတာက လူနာတွေလာပြလိုက်ရင် အစာနင်နေတာက သုံးလရှိပြီ၊ ခြောက်ရှိပြီဆိုတော့ ရောဂါက ရင့်သွားတတ်ပါတယ်။

မေး. အစာရေမျိုပြွန်ကင်ဆာကြောင့် အစာနင်တဲ့လူနာတွေက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. ဆရာ့အတွေ့အကြုံအရ အကြမ်းဖျဉ်းအားဖြင့်  အသက် ၄၀ နဲ့ ၇၀ ကြားမှာ အတွေ့များပါတယ်။ အခုနောက်ပိုင်းမှာ အတော်လေး အတွေ့များလာပါတယ်။

မေး. အစာရေမျိုပြွန်ကင်ဆာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျပြောလို့ မရသေးပေမယ့် အစားအသောက်စားတဲ့ပုံစံနဲ့ ဆိုင်မယ်လို့တော့ ယူဆရပါတယ်။ အစာအိမ်ကင်ဆာဆိုရင် ဂျပန်၊ ကိုရီးယားတွေမှာ အတွေ့များတယ်လေ၊ သူတို့က အသားစိမ်း၊ ငါးစိမ်းတွေ စားကြတယ်၊ အကင်တွေ အစားများတယ်၊ ပြီးတော့ အပူအစပ်စာတွေကို သောက်ကြတဲ့ တရုတ်တွေမှာလည်း အဖြစ်များကြတယ်။ အဲဒီလို သောက်ရာက အစာရေမျိုပြွန် လမ်းကြောင်းတွေ လောင်သွားပြီး အဖြစ်များပါတယ်။ ဗီတာမင်ချို့တဲ့ တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇနဲ့လည်း ဆက်စပ်နေနိုင်သလို အစာ ပူပူစပ်စပ်တွေ၊ အစာကြမ်းတွေ၊ မသန့်ရှင်းတဲ့ အစာတွေ စားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အစာရေမျိုပြွန်ကင်ဆာနဲ့ ဆက်စပ်မှု ရှိပါတယ်။

မေး. အစာနင်တဲ့လူနာကို ဘယ်လိုရောဂါ ရှာဖွေစမ်းသပ်ရပါသလဲ ဆရာ။

ဖြေ. ဒီလိုအစာနင်ပြီး အစာရေမျိုပြွန်ကင်ဆာဖြစ်တဲ့ လူနာတွေက အရင်ထက်စာရင် ပိုများလာပါတယ်။ ဒီလိုလူနာတွေ ရောက်လာပြီဆိုရင် အစာအိမ်မှန်ပြောင်း ကြည့်လိုက်ရင် ချက်ချင်း အဖြေပေါ်ပါတယ်။ ပြီးတော့ တစ်သျှူးအသားစယူ စစ်ဆေးမှု (Biopsy) လုပ်လိုက်ရင် အဖြေပေါ်ပါတယ်။ Barium အရည်မျိုချပြီး ဓာတ်မှန်ရိုက်လိုက်ရင်လည်း ရောဂါကို အလွယ်တကူ သိနိုင်ပါတယ်။ ရောဂါရှာရတာ လွယ်ပေမယ့်ရောဂါက သိပ်နောက်ကျတဲ့ အဆင့်ကျမှရောက်လာရင် ကုသဖို့သိပ်ကို ခက်ခဲသွားပါတယ်။ အစာကို ကောင်းကောင်း မမျိုနိုင်တော့တဲ့အတွက် လူနာကတဖြည်းဖြည်း ပိန်ချုံးလာတတ်ပါတယ်။  ရေဓာတ်ခမ်းခြောက်ပြီး အဟာရပြတ်တဲ့လက္ခဏာတွေလည်း ပေါ်တတ်ပါတယ်။ အဲဒီအခါခွဲဖို့လည်း လူနာက အားမရှိတော့ပါဘူး။

မေး. အစာနင်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပြောလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အစာနင်တယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် နှစ်ပတ်လောက်ကြာတဲ့အခါ ဆရာဝန်ဆီ ပြသင့်ပါတယ်။ အဲဒီအခါ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး အစာအိမ်မှန်ပြောင်းကြည့် စစ်ဆေးလိုက်လို့ ရောဂါကို စောစောစီးစီး တွေ့ရှိတယ်ဆိုရင် ခွဲစိတ်ကုသမယ်၊ ဓာတ်ရောင်ခြည်ပေး ကုသမယ်ဆိုတဲ့အခါ ရောဂါက လုံးဝကောင်းသွား နိုင်ပါတယ်။ ဒါကြောင့် အစာနင်တာကို မပေါ့ဆဖို့ သတိပေးလိုပါတယ်။

Most Popular

Healthy Life Ad
To Top