Healthy Life Ad
Health Tips

တစ်နေ့ရှစ်နာရီနီးပါး အရေပြား ကုတ်ခြစ်ခြင်းကိုစွဲလမ်းနေသောအမျိုးသမီး စိတ်ပညာ ကုထုံးကြောင့် သက်သာလာ

၊ မိုးမင်းထွန်း ၊

ခန္ဓာကိုယ်တစ်ခုလုံး အမာရွတ်တွေနဲ့ ပြည့်နှက်နေအောင် အရေပြားကုတ်ခြစ်ရတာကို စွဲလမ်းနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ စိတ်ပညာကုထုံးကြောင့် သက်သာလာတယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံမှ အန်ဂျလာဟာ့ဒ်လင်းက သူရဲ့မျက်နှာ၊ လက်တွေနဲ့ ရင်ဘတ်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တစ်ရက်ရှစ်နာရီနီးပါးကြာကြာကုတ်ခြစ်လေ့ရှိပါတယ်။

ဆရာဝန်တွေဟာ သူရဲ့ရောဂါအခြေအနေကြောင့် ဦးနှောက်ခြောက်ခဲ့ကြပြီး ကုသလို့မရနိုင်ဘူး လို့ပြောခဲ့ကြပါတယ်။ ရလဒ်အဖြစ် သူဟာ စိတ်ဓာတ် ကျဆင်းခဲ့ပြီး မိမိကိုယ်ကိုယ် သတ်သေဖို့ကိုတောင် ကြိုးစားခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးမှာ သူဟာ တက္ကသိုလ်က ထွက်ခဲ့ပြီး လူမြင်ကွင်းကို မထွက်တော့ဘဲ အိမ်ထဲမှာ အကျဉ်းသားတစ်ယောက်လို နေထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်အစပိုင်းမှာ သူ့ဘဝကို ပြောင်းလဲပေးတဲ့ ကုထုံးတစ်ခုကြောင့် အံ့သြရလောက်အောင် ကျန်းမာလာပြီး သူရဲ့အရေပြားဒဏ်ရာတွေဟာလည်း သက်သာလာနေပြီလို့ သိရပါတယ်။

ဟာ့ဒ်လင်းက- “ကျွန်မ တစ်နေ့ကို ရှစ်နာရီနီးပါးကုတ်ခြစ်နေရပါတယ်။ ဒီအပြုအမူကို မုန်းတီးပါတယ်။ ဒါပေမဲ့ အဲဒီလိုကုတ်ခြစ်လိုက်မှပဲ စိတ်သက်သာရာရပါတယ်။ ဒါဟာအလိုအလျောက် ဖြစ်ပေါ်နေတာပါ။ ဆယ်ကျော်သက် အရွယ်တုန်းက ဒီအပြုအမူ ကို ဘယ်သူကိုမှမပြောပြခဲ့ပါဘူး။ အမာရွတ်တွေဟာ ဝက်ခြံကြောင့်ဖြစ်တယ်ဆိုပြီး ဟန်ဆောင်ခဲ့ပါတယ်။ အားကစားသင်တန်းမှာလည်း အဝတ်အစားလဲတဲ့ အခါမျိုးမှာ ရေချိုးခန်းထဲမှာ လဲခဲ့ပါတယ်။ ကျွန်မရဲ့ ခြေထောက်တွေကို လူတွေမမြင်အောင် ဖုံးကွယ် ထားခဲ့ပါတယ်”လို့ ပြောပြပါတယ်။

စိတ်ပျက်နေတဲ့ ဟာ့ဒ်လင်းဟာ ရောဂါကုသနိုင်မယ့် ကုထုံးကို ရှာဖွေနေရင်း ၂၀၁၄ခုနှစ်မှာ သူရဲ့အရေပြားကုတ်ခြစ်ခြင်းဆိုင်ရာ စိတ်စွဲလမ်းမှုအကြောင်း မှတ်တမ်းတင်ဇာတ်လမ်းကို ဖန်တီးခဲ့ပါတယ်။

အဲဒီဇာတ်လမ်းကို ကြည့်ရှူရတဲ့ စိတ်ကုထုံး ပညာရှင်တစ်ယောက်ဟာ သူ့ကိုဆက်သွယ်ခဲ့ပါတယ်။၁၂ပတ်အကြာ ဆွေးနွေးလမ်းညွှန်မှု ပြုလုပ်အပြီးမှာ သူရဲ့ကုတ်ခြစ်လိုမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ ကုထုံးပညာ ရှင်ဟာ သူရဲ့အလေ့အကျင့်ကို ဟန့်တားဖို့ မိမိကိုယ်ကိုတိုက်တွန်းစကား ပြောဆိုစေတာ၊ ကုတ်ခြစ်လိုမှုဖြစ်ပေါ်စေတဲ့ စိတ်ကို ခွဲခြမ်းစိစစ်စေတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။

“ဒီနည်းစနစ်တွေကို လိုက်နာကျင့်သုံးရင်း ဟာ့ဒ်လင်းဟာ သူရဲ့ဖိနှိပ်ထားတဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်ဖို့ ကြိုးစားတာကြောင့် အရေပြားကုတ်ခြစ် စွဲလမ်းမှုဖြစ်ပေါ်တယ်ဆိုတာကို နားလည်လာတယ်” လို့ ဆိုပါတယ်။

ဟာ့ဒ်လင်း ၁၀နှစ်သမီးအရွယ်မှာ သူဖခင်ဟာ ဦးနှောက်သွေးလွှတ်ကြောဖောင်းကားမှုရောဂါကို ခံစားခဲ့ရပါတယ်။ အသက်ရှင်သန်ခဲ့ပေမယ့်လည်း ရောဂါကြောင့် ဖခင်ဟာ မသန်စွမ်းဖြစ်သွားခဲ့ပါတယ်။ ဒီအကြောင်းအရာကြောင့် သူဟာ စိတ်ထိခိုက်ခဲ့ပြီး ဖခင်ရှေ့မှာ ကြေကွဲမှုကို မပြသခဲ့ဘဲ ခံစားချက်ကို ဖိနှိပ်မိခဲ့တယ်လို့ဆိုပါတယ်။ စိတ်ကုထုံးပညာရှင်ရဲ့ကုထုံးတွေကို လိုက်နာကျင့်သုံးရင်း ရောဂါမှသက်သာလာတဲ့ ဟာ့ဒ်လင်းဟာ မကြာသေးခင်က အိမ်ထောင်ပြုခဲ့ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပြီလို့သိရပါတယ်။
( Ref;DM )

Most Popular

Healthy Life Ad
To Top