Healthy Life Ad
Q & A

သွန်းဆက်မေးသော ကျန်းမာရေး မေးခွန်း….

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

Q .သွန်းဆက်က နှာအရမ်းစီးတတ်တယ်၊ အေးလို့ပဲဖြစ်ဖြစ်၊ ပူလို့ပဲဖြစ်ဖြစ် နှာစီးလွယ်တယ်၊ အဲ့ဒါဘာကြောင့် ဖြစ်တာလဲဆိုတာ သိချင်ပါတယ်၊ စကားပြောရင် နှာသံပါလာတတ်တယ်၊ ထိပ်ကပ်နာရှိလားဆိုပြီး ဆရာဝန်နဲ့ ပြဖူးတာမရှိဘူးလို့ သိရပါတယ်၊ ပြီးတော့ ဆံပင်ပါးတာနဲ့ဆိုင်လား သိချင်ပါတယ်။

A .နှာစေးတယ်ဆိုတာ အကြမ်းဖျဉ်းအားဖြင့် နှာရည်ယိုတယ် (Runny Nose)လို့ သတ်မှတ်လေ့ရှိ ကြ ပါတယ်။ အများအားဖြင့် အအေးမိတဲ့အခါ နှာစေးတတ်ပါတယ်။ တချို့ကျတော့ ပူရင်လည်း နှာစေး တယ်ဆိုတာက အမှုန်အမွှားအမှိုက်လေးတွေက နှာခေါင်းထဲဝင်ရင် နှာခေါင်းအတွင်းမှာရှိတဲ့ နှာခေါင်း အမြှေးပါးက ထိခိုက်လွယ်တဲ့အတွက် ဓာတ်မတည့်တာကြောင့် နှာစေးတတ်ပါတယ်။ နောက်တစ်ခုက အေးမြတဲ့ လေတွေ၊ အေးတဲ့ ရေစတာတွေနဲ့ ထိတွေ့မိရင် နှာခေါင်းအမြှေးပါးက အရည် (Secretion) တွေကို ပိုထုတ်လေ့ရှိပါတယ်။ အခုဖြစ်နေတာက အကြမ်းအားဖြင့် (Allergic Rhinitis)လို့ ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာရည်ယိုတာနဲ့တူနေပါတယ်။ ပူတဲ့ရာသီမှာ တစ်အိမ်သားလုံး ဘာမှမဖြစ်ဘဲ ကိုယ်တစ်ယောက်တည်း နှာရည်ယိုနေတာလား၊ အေးတဲ့အချိန်မှာလည်း တခြားသူတွေ ဘာမှမဖြစ်ဘဲ ကိုယ်က နှာရည်ယိုနေတာလား . .အဲဒီလိုသာ ဟုတ်တယ်ဆိုရင် ဒါ(Allergic Rhinitis)လို့ပဲ အကြမ်းမျဉ်းပြောနိုင်ပါတယ်။

ကိုယ့်အခန်းထဲမှာ စာအုပ်ပုံတွေရှင်းတဲ့အခါ တခြားသူတွေက ဘာမှမဖြစ်ပေမယ့်(Allergic Rhinitis)ရှိတဲ့ သူက နှာရည်ယိုတယ်၊ နှာချေတယ်၊ ဒါက တခြားသူတွေ အမှုန်အမွှားဝင်ရင် ဘာပြဿနာမှ မရှိပေမယ့် သူ့အတွက်ကတော့ အဲဒီအမှုန်အမွှားနဲ့ ဓာတ်မတည့်တဲ့အတွက် နှာရည်ယိုရတာ ဖြစ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းတရားကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။ ဒီလိုအမြဲဖြစ်နေရင်တော့ သက်သာအောင် နှာခေါင်းထဲကို ဖျန်းတဲ့ ဆေးရှိသလို သောက်ဆေးအနေနဲ့ ဘာမီတွန် ဒါမှမဟုတ် စီထရီဇင်းလို ဆေးမျိုးကို တစ်ညတစ်ပြားနှုန်း ရံဖန်ရံခါသောက်ပေးရင် ဓာတ်မတည့်တာကို သက်သာစေပြီး နှာရည်ယိုတာကို လျော့ကျစေပါတယ်။ တစ်ပတ် လောက်အတွင်းမှာ မပျောက်ရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ နှာရည်ယို တာက ဆံပင်ပါးတာနဲ့တော့ မဆိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top