Healthy Life Ad
Life Style

လေ့ကျင့်ခန်းကို လုပ်လေ့လုပ်ထမရှိဘဲ ပြင်းထန်စွာလုပ်ခြင်းကြောင့် ကြွက်တက်စေနိုင်

အရိုးခွဲစိတ်ဆရာဝန်ကြီး
ပါမောက္ခဦးနေဝင်း

ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှု ( Vigorous Activity ) လုပ်နေစဉ် ကြွက်တက်နိုင်သည့်အပြင် လေ့ကျင့်ခန်းကို လုပ်လေ့လုပ်ထမရှိဘဲ ပြင်းထန်စွာလုပ်ပါက ကြွက်တက်နိုင်ခြေရှိကြောင်း အရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးနေဝင်းက ဆိုသည်။

“ တစ်ခါတလေ အားကစားလုပ်လို့မဟုတ်ဘဲ လမ်းအများကြီး လျှောက်မိတာ၊ လုပ်လေ့လုပ်ထမရှိဘဲနဲ့ အားကစားတွေ ထလုပ်တာကြောင့်လည်း ကြွက်တက်တတ်ပါတယ်။ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေလုပ်နေတုန်း ကြွက်တက်တာက ထဖြစ်တတ်သလို အနားယူနေတဲ့အချိန်မှာလည်း ဖြစ်တတ်ပါတယ်။ ထိုင်တာတွေ၊ လှဲတာတွေ ပုံစံမမှန်ဖြစ်နေတာ ကြာရင်လည်း ကြွက်တက်တတ်ပါတယ်။ အလုပ်ကို ပုံစံတစ်မျိုးတည်း အချိန်ကြာကြာလုပ်မိရင်လည်း ကြွက်တက်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်” ဟု ပါမောက္ခဦးနေဝင်းက ဆိုသည်။

ကြွက်တက်ခြင်းမှာ အင်မတန်အဖြစ်များပြီး ကြွက်မတက်ဖူးသူဆိုသည်မှာ အလွန်ရှားပါးကြောင်း၊ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့် ကြွက်တက်ဖူးကြကြောင်း၊ များသောအားဖြင့် အရွယ်ရောက်ပြီးသူများတွင် ကြွက်တက်ခြင်း ပိုဖြစ်တတ်ပြီး ကလေးငယ်များတွင်လည်း ကြွက်တက်တတ်ကြောင်း သိရသည်။

“ကြွက်တက်တာမှာ အဖြစ်အများဆုံးက ခြေသလုံးကြွက်သားပဲ ဖြစ်ပါတယ်။ ကြွက်တက်ရတဲ့ အကြောင်းရင်းက ကြွက်သားတွေကိုခိုင်းတဲ့ အာရုံကြောတွေက တုံ့ပြန်မှုအရမ်းများသွားလို့ ဖြစ်တတ်တာပါ။ အများဆုံးဖြစ်တာက နားနေတဲ့အချိန်မှာ ကြွက်တက်တာ (Rest Carmp) ဖြစ်ပြီး ဒါမျိုးက အသက်ကြီးလာရင် အဖြစ်များတတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တော့ဖြစ်တတ် ပါတယ်။ ညအချိန်တွေမှာ ဖြစ်တတ်ပါတယ်။ အိပ်ရာနိုးခါနီးမှာ ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ နာကျင်ပါတယ်။ အိပ်ရေးပျက်တတ်ပါတယ်။ တစ်ပတ်မှာ သုံး – လေးရက်လောက် ဖြစ်တတ်ပါတယ်။ ညအချိန်မှာဖြစ်ရတဲ့ အကြောင်းရင်းက သေသေချာချာ မရှိဘူး။ အိပ်နေရင်းနဲ့ ခြေချောင်းလေးတွေကို ကုပ်လိုက်ရင် မတော်တဆ ခြေသလုံး ကြွက်သားတွေတောင့်ပြီး ကြွက်တက်သွားတတ် ပါတယ်” ဟု ပါမောက္ခဦးနေဝင်းက ဆိုသည်။

အမြဲလိုလို ကြွက်တက်နေတတ်လျှင် ညစဉ်ညတိုင်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ကြောင်း၊ လိုအပ်သော အာဟာရဓာတ်များ စားပေးသင့်ကြောင်း၊ အားကစားလေ့ကျင့်ခန်းများ လုပ်မည်ဆိုလျှင် မလုပ်မီနှင့် လုပ်ပြီးချိန်တို့တွင် သွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်သင့်ပြီး ရေဓာတ်လည်း အလုံအလောက် ရှိနေသင့်ကြောင်း ပါမောက္ခဦးနေဝင်းက သတိပေးထားသည်။

Most Popular

Healthy Life Ad
To Top