Healthy Life Ad
Life Style

အမျိုးသမီးထုကို ခြိမ်းခြောက်နေသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ . .

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ကမ္ဘာတစ်ဝန်းမှာ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်တယ်လို့ ဆေးပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါ တယ်။ သားအိမ်ခေါင်းကင်ဆာက စောစော သိရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

အမေရိကန်မှာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနှုန်းက သိသိသာသာ လျော့ကျလာပါတယ်။ အကြောင်းကတော့ ကာကွယ်တဲ့နည်းလမ်း၊ ရောဂါရှာဖွေတဲ့နည်းလမ်းနဲ့ စောစောကုသမှု ခံယူတဲ့ နည်း လမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာလာကြလို့ ဖြစ်ပါတယ်။

လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုး ( HPV-Human Papilloma Virus ) ကူးစက်ခံရတာကြောင့် အမျိုး သမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတာပါ။

မိခင်ကိုယ်ဝန်ဆောင်စဉ် DES-diethystilbestrol ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးနဲ့ ထိတွေ့ရာက ကိုယ်ခံအားစနစ် အားနည်းတာကြောင့် သမီးဖြစ်သူက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း လေ့လာမှုတချို့က ဆိုထားပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစပြီး အမျိုးသမီးတွေဟာ နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ သားအိမ် ခေါင်းအချွဲမြှေး စစ်ဆေးမှု (Pap Smear) ကို ခံယူသင့်ပါတယ်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ အပြောင်း အလဲတွေ ဖြစ်ပေါ်ရင် ဆေးကုသမှုကို ချက်ချင်း ခံယူရပါမယ်။

ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တာကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်းကို လျော့ကျသွားစေပါတယ်။ ဥပမာ ဆေးလိပ်မသောက်တာ၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ မရှူရှိုက်တာ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ၊ ပုံမှန်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားတာတို့ လိုက်နာသင့်ပါတယ်။

အထူးသဖြင့် အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အစာတွေကို စားပေးရပါမယ်။ သံပရာသီး၊ ရှောက်သီး စတဲ့ အချဉ်အရသာရှိတဲ့ အစာတွေ၊ မာလကာသီး၊ ကီဝီသီး၊ ငရုတ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ခံအားစနစ် ကို သန်စွမ်းစေပါတယ်။ အင်တီအောက်ဆီးဒင့်ဂုဏ် သတ္တိကြောင့် ကင်ဆာဆဲလ်ဖြစ်နှုန်းကို ဟန့်တားပေးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ဇင့်(သွပ်)ဓာတ် ကြွယ်ဝတဲ့ အစာတွေစားရင် ခန္ဓာကိုယ်က အင်ဇိုင်းများများ ထုတ်ပြီး ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်း ပိုရှိလာပါတယ်။ ဇင့်(သွပ်)ဓာတ် ပါဝင်မှုများတဲ့ အစာတွေက အမဲသား၊ ပင်လယ်စာ၊ ဟင်းနုနယ်ရွက်၊ ရွှေဖရုံစေ့၊ ပဲသီး၊ အခွံမာသီးနဲ့ ချောကလက်တို့ ဖြစ်ကြပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည် ( Green Tea ) သောက်ရင်လည်း အင်တီအောက်ဆီးဒင့်များများရပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းက ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

ဘီတာကယ်ရိုတင်း ပါဝင်မှုများတဲ့ အစာတွေစားတာကြောင့် မျက်စိကို ကာကွယ်နိုင်ရုံသာမက ကင်ဆာအန္တရာယ်ကိုပါ လျော့ကျစေပါတယ်။ မုန်လာ ဥနီ၊ ကန်စွန်းဥ၊ မက်မွန်သီး၊ ငရုတ်ပွသီးနဲ့ အစိမ်းရင့် ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု များပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top