Healthy Life Ad
Q & A

အဖြစ်များသော ကင်ဆာရောဂါများ(၄)

ယခင်တစ်ပတ်မှ အဆက်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)
(အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

(၈) အရေပြားကင်ဆာ

Q. အရေပြားကင်ဆာက ဘာကြောင့် အဓိကဖြစ်ရပါသလဲ ဆရာ။

A. အရေပြားကင်ဆာကို အဓိကသုံးမျိုးခွဲခြားထားပြီး အဓိကက နေရောင်ခြည်နဲ့ထိတွေ့မှုများသူတွေ၊ နေ ပူထဲအလုပ်လုပ်သူတွေ၊ တမင်နေရောင်ခြည်ဓာတ်ခံယူသူတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ထို့ပြင် အသားဖြူသူ၊ အသက်ကြီးသူ၊ ဓာတ်ရောင်ခြည်ကုသမှုခံယူရသူ၊ အဏုမြူဓာတ်ရောင်ခြည်သင့်သူတွေမှာလည်း အရေပြားကင်ဆာ ဖြစ်ပွားမှုများတာကို တွေ့ရပါတယ်။ Aresenic ၊hydorcarbon စတဲ့ ဓာတ်တွေနဲ့ ထိတွေ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

Q. အရေပြားကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။

A. အရေပြားကင်ဆာရဲ့ လက္ခဏာတွေကတော့ အရေပြားပေါ်မှာ နေပူလောင်ကွက်တွေလိုဖြစ်လာပြီး အနီရောင်ပြင်ဖုလိုဖြစ်နေတတ်ပါတယ်။ အရေပြား အနာဖြစ်သလိုဖြစ်ပြီး တော်တော်နဲ့ မပျောက်ရင် အရေပြားကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ဦးရေပြား၊ မျက်နှာ၊ နားရွက်နဲ့ လက်ခုံတွေမှာ တွေ့ရများပါ တယ်။ တချို့ကင်ဆာက အရောင်ညိုပြီး အချို့က မည်းပါတယ်။ တချို့က အသားရောင်အတိုင်းဖြစ်ပြီး အဖုလေးလို ဖြစ်နေတတ်ပါတယ်။

Q. အရေပြားကင်ဆာကို သံသယရှိပါက ဘာလုပ်သင့်ပါသလဲ ဆရာ။

A. သံသယရှိရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်စစ်ဆေးရပါမယ်။

Q. အရေပြားကင်ဆာအတွက် ဘယ်လိုစမ်းသပ် စစ်ဆေးမှုတွေကို ခံယူဖို့လိုအပ်ပါသလဲ ဆရာ။ A.တချို့အရေပြားကင်ဆာအမျိုးအစားကို အရေပြားကိုခြစ်ယူပြီး အသားစစ်ဆေးလို့ရသလို တချို့အရေပြားကင်ဆာအမျိုးအစားတွေကိုတော့ လှီးထုတ်ပြီး အသားစ စစ်ဆေးရပါတယ်။

(၉) သားအိမ်ခေါင်းကင်ဆာ

Q. သားအိမ်ခေါင်းကင်ဆာက ဘာကြောင့် အဓိက ဖြစ်ရပါသလဲ ဆရာ။

A. သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့ အကြောင်းရင်းအားလုံးကို မသိနိုင်သေးပေမယ့် ၈၀ ရာခိုင်နှုန်းကျော်ဟာ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်တဲ့သူအားလုံးနီးနီးမှာ အဲဒီပိုးကို တွေ့ရှိရနိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းတွေကတော့ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုပြုတာ၊ လိင်ဆက်ဆံဖက်များတာ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါရှိသူနဲ့ လိင်ဆက်ဆံမိတာ၊ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းတွေမှာ <ကက်နို့(Viral Warts)ပေါက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းတာ၊ သားသမီး များများမွေးတာနဲ့ ဆေးလိပ်သောက်တာ စတာတွေပဲဖြစ်ပါတယ်။

Q. သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။

A. သားအိမ်ခေါင်းကင်ဆာဟာ အစောပိုင်းအဆင့်

“လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ပါ။ အသက်ငယ်ငယ်နဲ့ လိင်မဆက်ဆံသင့်ပါ။ အိမ်ထောင်ပြုပြီးချိန်မှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးသင့်ပါတယ်။ တစ်လင်တစ်မယား စနစ်မဟုတ်ရင် ကွန်ဒုံးကို အသုံးပြုရပါမယ်” . . .

မှာ လုံးဝရောဂါလက္ခဏာမပြပါဘူး။ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ လိင်ဆက်ဆံမှုပြုစဉ် သွေးဆင်းတာနဲ့ နာကျင်တာ၊ အဖြူဆင်းတာတို့ဟာ သားအိမ်ခေါင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ရောဂါရင့်လာပြီဆိုရင်တော့ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်လျော့ကျတာ၊ နုံးတာ၊ တင်ပဆုံအ တွင်းနာကျင်တာ၊ ခါးနာတာ၊ ခြေထောက်ရောင်တာ၊ သွေးဆင်းများတာနဲ့ အရိုးကျိုးတာတို့ ဖြစ်တတ်ပါတယ်။

Q. သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးလို့ ရပါသလား ဆရာ။

A.သားအိမ်ခေါင်းကင်ဆာကို ကြိုတင်စစ်ဆေးလို့ ရပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်က သားအိမ်ခေါင်းမှ အမြှေးပါးကိုခြစ်ယူပြီး မှန်ပြားပေါ်တင်ကာ ကြည့်ရှုစစ်ဆေးရပါတယ်။ Pap smear လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို ပြုလုပ်တာကြောင့် သားအိမ်ခေါင်းကင်ဆာရဲ့ ကနဦးအဆင့်တွေကို တွေ့ရှိနိုင်လို့ အဲဒီအချိန်မှာ ခွဲစိတ်ကုသလိုက်ရင် ပျောက်ကင်းပါတယ်။ အသက် ၂၀ နဲ့ ၆၀နှစ်ကြား လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်း တစ်နှစ်တစ်ကြိမ်နဲ့ သုံးနှစ်ဆက်တိုက် Pap smear စစ်ဆေးသင့်ပါတယ်။ အဲဒီနောက် ဆရာဝန်ရဲ့အကြံပြုချက်အတိုင်း ဆက်လက်စစ်ဆေး သွားသင့်ပါတယ်။

Q.သားအိမ်ခေါင်းကင်ဆာအတွက် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေကို ခံယူဖို့ လိုအပ်ပါသလဲ ဆရာ။

A.ရောဂါလက္ခဏာရှိသူတွေနဲ့ Pap smear စစ်လို့ သံသယရှိသူတွေကို Colposcopy ခေါ်တဲ့ မိန်းမကိုယ်ပိုက်ထည့်ပြီး ကြည့်ရှူစစ်ဆေးကာ အသားစယူပြီး စစ်ဆေးတဲ့နည်းနဲ့ သားအိမ်ခေါင်းကင်ဆာကို ရောဂါဖော်ထုတ်နိုင်ပါတယ်။ တကယ်လို့ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင်တော့ အဆင့်သတ်မှတ်ဖို့အတွက် Ultrasound ရင်ဘတ်ဓာတ်မှန်၊CT Scan Bone Scan တွေ ထပ်မံစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

Q.ကင်ဆာရောဂါတွေမဖြစ်အောင် လူတွေဂရုစိုက်သင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြောပြပေးပါဆရာ။

A.ကင်ဆာရောဂါအများစုဟာ ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါမဖြစ်အောင် ကင်ဆာဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီး မိမိရဲ့အမူအကျင့်တွေကို ပြင်ဆင်ဖို့ လိုအပ်နိုင်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေထဲမှာ လုပ်ငန်းခွင်မှ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ရပါမယ်။ ဓာတ်ငွေ့စက်ရုံအပါအဝင် စက်ရုံတွေမှာ အကာအကွယ်အဖြစ်ထားတဲ့ ဝတ်စုံ၊ နှာခေါင်းစည်း၊ လက်အိတ်၊ မျက်မှန်စတာတွေကို အသုံးပြုပြီး ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာရပါမယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနည်းအောင် စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ကားတွေကနေ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျအောင် ပြုလုပ်ရပါမယ်။ အိမ်တွေနဲ့ စားသောက်ဆိုင်တွေကထွက်တဲ့ မီးခိုးငွေ့၊ ခြင်ဆေးငွေ့တွေကိုလည်း ရှောင်ကြဉ်ရပါမယ်။

မိမိရဲ့ အမူအကျင့်နဲ့ပတ်သက်လို့ ဆေးလိပ်သောက်တာကို လုံးဝရှောင်ကြဉ်ပြီး အရက်ကိုအလွန်အကျွံမသောက်ရပါ။ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာတို့ကိုလည်း ရှောင်ကြဉ်ရပါမယ်။ အစားအသောက်စားသောက်တဲ့ အမူအကျင့်အတွက် အဆီများတဲ့အစာ၊ တိရစ္ဆာန်အသားတွေ၊ ကြော်ထားတဲ့အစာ၊ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေ၊ ကျပ်တင်ထားတဲ့အစာ၊ မီးကင်ထားတဲ့အစာ၊ ငရုတ်သီးခြောက်မှိုတွေ၊ ဆိုးဆေးပါတဲ့အစာတွေ၊ ပိုးသတ်ဆေးဖျန်းထားတဲ့ အသီးအရွက်တွေကို ရှောင်ကြဉ်ရပါမယ်။ ကယ်လိုရီများတဲ့အစာတွေကို ရှောင်ကြဉ်သင့်ပြီး ပိုးသတ်ဆေးကင်းတဲ့ အသီးအရွက်၊ အသီးအနှံနဲ့ ငါးတွေကို များများစားပေးရပါမယ်။
လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုသင့်ပါ။ အသက်ငယ်ငယ်နဲ့ လိင်မဆက်ဆံသင့်ပါ။ အိမ်ထောင်ပြုပြီးချိန်မှာ တစ်လင်တစ်မယားစနစ် ကျင့်သုံးသင့်ပါတယ်။ တစ်လင်တစ်မယားစနစ်မဟုတ်ရင် ကွန်ဒုံးကို အသုံးပြုရပါမယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြုလုပ်ရမှာဖြစ်ပြီး ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရပါမယ်။ အနည်းဆုံးတစ်နေ့နာရီဝက်ခန့် လမ်းသွက်သွက်လျှောက်ပေးဖို့ လိုအပ်ပါတယ်။ နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်အကာအကွယ်ယူသင့်ပြီး နေပူခံဆေး(Sun Block)လိမ်းဖို့ လိုအပ်နိုင်ပါတယ်။
လူတိုင်း အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးသင့်ပြီး အမျိုးသမီးတွေအနေနဲ့ အသက် ၁၂ နှစ်ကျော်ကစပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။

အထက်ပါအတိုင်း ဂရုစိုက်နေထိုင်စားသောက်မယ်ဆိုရင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှု ကျဆင်းသွားမယ်လို့ အကြံပြုပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top