Healthy Life Ad
Health Tips

အကူအညီမရတဲ့ အားပေးစကားတွေ ရှောင်တတ်ပါစေ

လရိပ်မေ

သင့်မောင်နှမတစ်ယောက်ယောက် စိတ်ဓာတ်ကျနေတဲ့အခါ ဒါမှမဟုတ် သင့်သူငယ်ချင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ စိတ်သက်သာရာရပါစေဆိုတဲ့ စေတနာနဲ့ အားပေးလိုက်မိကာမှ ငိုချင်ရက် လက်တို့ ဖြစ်သွားတာမျိုး ကြုံဖူးပါသလား။ အဲ ဒီလို မဖြစ်စေဖို့ ရှောင်သင့်တဲ့ အားပေးစကားတွေရှိပါတယ်။

စိတ်ဓာတ်ကျနေတာလား၊ ပျော်ပျော်နေစမ်းပါဟာ
မပျော်မရွှင်ဖြစ်ပြီး မှိုင်တွေနေတဲ့သူကို ပျော်ပျော်နေဖို့ ပြောတာက ပိုပြီး စိတ်ဓာတ်ကျအောင် လုပ်ရာ ရောက်ပါတယ်။ အဲဒီအချိန်မှာ လုပ်ပေးသင့်တာက သူပြောသမျှ နားထောင်ပြီး “ဟုတ်တယ်၊ နင် အရမ်း ခံစားရမှာပဲ” ဆိုတဲ့ စကားမျိုးနဲ့ သူ့ဘက်မှာ ကိုယ်ရှိကြောင်း သိသာပါစေ၊ ဒါက သူ့ အတွက် စိတ်အားတက်စေမယ့် အပြုအမူပါ။

အလုပ်ပြုတ်သွားလို့လား၊ အားလပ်ချိန်ရသွားတာပေါ့
အလုပ်ပြုတ်သွားတဲ့ သူငယ်ချင်းကို အားပေးဖေးမသင့်တဲ့ စကားက “ငါတို့ ဒီညစာ အတူစားရအောင်၊ ငါ လိုက်ကျွေးမယ်”ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒါမှသာ အလုပ်မဲ့သွားတဲ့အတွက် ခါးသက်တဲ့ ဝေဒနာကို သူခဏတာ မေ့သွားမှာပါ။

နင့်ခွေးလေး သေသွားတာလား၊ အသစ်မွေးလိုက် လေ
ခွေးချစ်သူတိုင်း၊ ခွေးပိုင်ရှင်တိုင်းအတွက် ကိုယ်မွေးထားတဲ့ ခွေးနေရာကို အလွယ်တကူ အစားမထိုးနိုင်ပါဘူး။ ဒါကြောင့် ခွေးသေသွားရင် အသစ်မွေးလိုက်၊ ဝမ်းနည်းမနေနဲ့ဆိုတဲ့ မှတ်ချက်က မစာနာရာရောက်ပါ တယ်။

ဘီးတပ်ကုလားထိုင်နဲ့ သွားနေရလည်း ဘာဖြစ်လဲ၊ ငါကူညီမှာပေါ့
လူတိုင်းက ခဏတာ ကူညီနိုင်တယ်ဆိုပေမယ့် ဘယ်သူမှ မှီခိုနေရတဲ့ ဘဝကို မလိုလားပါဘူး။ ဘီးတပ်ကုလားထိုင်နဲ့ သွားလာရတော့မယ့်သူကို ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ရင်း လုပ်နိုင်၊ စွမ်းဆောင်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ ပြောပြပေးသင့်ပါတယ်။
အစာလျှော့စားနေတာလား၊ ဒီလောက်လည်း မဝ သေးပါဘူး
တစ်ယောက်ယောက်က သူ့ကိုယ်သူ ကိုယ်အလေးချိန် လျှော့ချဖို့ လိုအပ်နေပြီလို့ ခံစားရရင် သူ့ကို လုပ်ခွင့် ပေးလိုက်ပါ။ နင် ဒီလောက် မဝသေးပါဘူး ဆိုတာ ဖြေသိမ့်ရာ ရောက်ပြီး အကူအညီမဖြစ်ပါဘူး။

Ref: RD

Most Popular

Healthy Life Ad
To Top