Healthy Life Ad
Life Style

၀က်ခြံထွက်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော် ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး မြောက်ဥက္ကလာပဆေးရုံကြီး။

မေး. ဝက်ခြံအကြောင်း သိပါရစေ ဆရာမ။
ဖြေ. အရေပြားရှိ အဆီကျိတ် လမ်းကြောင်းလေးတွေ (Pilosebaceous Units)နဲ့ မွေးညင်းပေါက် လေးတွေ (Hair Follicles)ရဲ့ ပိတ်ဆို့ ရောင်ရမ်းတာ ဖြစ်ပါတယ်။

မေး. ဝက်ခြံက ဘယ်နေရာတွေမှာ ထွက်လေ့ ရှိပါသလဲ ဆရာမ။
ဖြေ. မျက်နှာ၊ လည်ပင်း၊ ပခုံး၊ လက်မောင်း အပေါ်ပိုင်း၊ ရင်ဘတ်၊ ကျောနဲ့ တင်ပါးတွေမှာ ဝက်ခြံထွက်လေ့ ရှိပါတယ်။

မေး. ဘယ်အချိန်တွေမှာ ဝက်ခြံအထွက် များပါသလဲ ဆရာမ။
ဖြေ. အရွယ်ရောက်ချိန်မှာ ဝက်ခြံအထွက် များပါတယ်။ အသက် ၁၈ နှစ်တွင် ဝက်ခြံအထွက်များဆုံး ဖြစ်ပြီး ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ဝက်ခြံပိုထွက် တတ်ပါတယ်။

မေး. ဝက်ခြံပေါက်ရင် ဘယ်လို လက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံဖုလေးတွက နာတတ်ပါတယ်။ Comedones လို့ခေါ်တဲ့ အဖြူဆံ၊ အမည်းဆံတွေပါတဲ့ အဖုလေးတွေ ဖြစ်ပါတယ်။ အနီဖုလေးတွေ (Papules)၊ ပြည်ဖုလေးတွေ (Pustules) အနေနဲ့ တွေ့ရတတ် ပါတယ်။ ပြည်တည်နာ (Abscess) လည်း တွေ့ရတတ်ပါတယ်။ ဝက်ခြံဖုလေးတွေ ဆက်ပြီး လမ်းကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။

မေး. ဝက်ခြံက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာမ။
ဖြေ. အရွယ်ရောက်ချိန်မှာ အင်ဒရိုဂျင်ဟော်မုန်း အထွက်များလာပြီး မျက်နှာပေါ်က အဆီကျိတ်လေးတွေကို အဆီပိုထွက် လာစေပါမယ်။ အဆီကျိတ်နဲ့ ဆက်နေတဲ့ မွေးညင်းပေါက်တွေကို ပိတ်ဆို့သွားစေပါတယ်။ ဘက်တီးရီးယားပိုး (Propionibacterium) ဝင်ရောက် လာပါတယ်။ ဒါကြောင့် အရေပြား ရောင်ရမ်းလာပြီး ဝက်ခြံထွက်လာရတာပါ။

မေး. ဝက်ခြံပေါက်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံပေါက်ရင် ပြည်တည်နာကြီးတွေ ဖြစ်တာ၊ ဖျားတာ၊ အဆစ်နာတာ၊ တစ်ကိုယ်လုံး ပိုးဝင်တာ၊ အချိုင့်အမာရွတ်၊ ဖုတက်အမာရွတ် ဖြစ်တာတွေဖြစ်ကာ စိတ်ဓာတ်ကျလာတတ်ပါတယ်။

မေး. ဝက်ခြံကို ဘယ်လို ကုသသင့်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံအမာရွတ် မကျန်ချင်ရင် စောစောကုသ သင့်ပါတယ်။ လိမ်းဆေး၊ စားဆေး၊ ထိုးဆေးတွေနဲ့ စနစ်တကျကုသရပါမယ်။
ပြည်တည်နာကြီးရင် ခွဲစိတ်ကုသရပါမယ်။ ပြန်မဖြစ်အောင် အရေပြားကို ပုံမှန်ထိန်းသိမ်း ရပါမယ်။

မေး. ဝက်ခြံက ဘယ်လောက်ကြာကြာ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံကို စနစ်တကျ ကုသရင်တောင် သက်သာဖို့ လနဲ့ချီပြီး ကြာတတ်ပါတယ်။ အသက် ၂၀ အရွယ် မှာ ဝက်ခြံကအလိုလို
ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ တချို့လူတွေဟာ အသက် ၄၀ အရွယ်အထိ ဝက်ခြံပေါက်တတ်ပါတယ်။

မေး. ဝက်ခြံက ဘယ်အရာတွေကြောင့် ပိုဆိုးစေ တတ်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံ ပိုဆိုးစေတဲ့ အရာတွေ ရှိပါတယ်။

– ဟော်မုန်းပြောင်းလဲခြင်း
ဆယ်ကျော်သက် အရွယ်ရောက်ချိန်၊ ဓမ္မတာလာကာ နီးချိန်တွေမှာ ဝက်ခြံပိုဆိုး တတ်ပါတယ်။ တချို့သန္ဓေ တားဆေးတွေက ဝက်ခြံကို ပိုဆိုးစေပါတယ်။

– မျိုးရိုးဗီဇ
မိဘတွေက ဝက်ခြံများများ ထွက်ခဲ့ရင် သားသမီးတွေမှာ ဝက်ခြံပိုထွက် နိုင်ပါတယ်။

– ပူပြင်းသော ရာသီဥတု
ရာသီဥတု ပူတဲ့အခါ ဆံပင်ဖုံးထားတဲ့ အရေပြားနေရာတွေက ဝက်ခြံပိုဆိုး တတ်ပါတယ်။ အဝတ်ထူထူ ကျပ်ကျပ် ဝတ်မိတဲ့အခါ ကျောမှာ ဝက်ခြံထွက်ပါတယ်။

– ဖိအား
မျက်မှန်ကိုင်းကြား ကြပ်တာ၊ တယ်လီဖုန်း ကြာကြာပြောတာ၊ ဦးထုပ်ကြပ်ကြပ် ဆောင်းတာတွေပြုလုပ်တဲ့အခါ အပူချိန်နဲ့ ပွတ်တိုက်တဲ့ ဖိအားတွေကြောင့် ဝက်ခြံထွက်ပါတယ်။

– မျက်နှာအရေပြားအား ထိခိုက်စေခြင်း
ဝက်ခြံ ညှစ်တာ၊ ကုတ်ဖဲ့တာ၊ မကြာခဏ ကိုင်တွယ် တာတွေ ပြုလုပ်ရင် အရေပြား ထိခိုက်ပြီး ဝက်ခြံပိုဆိုး လာပါတယ်။ မျက်နှာကို ပွတ်တိုက်ပြီး မကြာခဏ သစ်ပေးရင် အရေပြား အပေါ်ယံလွှာ ပျက်စီးတာကြောင့် ဝက်ခြံ ပိုဆိုးစေပါတယ်။

– အဆီများသော အလှပြင်ပစ္စည်း၊ အရေပြားထိန်း ပစ္စည်းများ သုံးခြင်း
အဆီတွေက မွေးညင်းပေါက်ကို ပိတ်ဆို့စေပြီး ဝက်ခြံပိုဆိုး စေပါတယ်။

– အလုပ်အကိုင်
အဆီနဲ့ ထိတွေ့နေရ သူတွေမှာ ဝက်ခြံပိုဆိုး တတ်ပါတယ်။

– ဆေးများ
ဥပမာ တီဘီဆေး (Isoniazid)၊ Hydantoin၊ စတီးရွိုက်ဆေး (Prednisolone / dexamethasone / Topical Steroids ) တွေက ဝက်ခြံကို ပိုဆိုးစေပါတယ်။

– စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ဓာတုပစ္စည်းတွေ ထွက်လာပြီး ဝက်ခြံထွက် လာစေပါတယ်။

မေး. ဝက်ခြံအထွက် များသူတွေအနေနဲ့ ဘာတွေကို လိုက်နာသင့်ပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံအထွက် များသူတွေ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။

– အာဟာရ
ကျန်းမာစေမယ့် အာဟာရ စားရပါမယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို စားရပါမယ်။ လိုအပ်တဲ့ ဗီတာမင်တွေ စားရပါမယ်။

– ရှောင်သင့်တဲ့ အစားအသောက်
ချောကလက်နဲ့ အဆီများတဲ့ အစားအသောက်တွေက ဝက်ခြံကို ပိုဆိုးစေတယ်ဆိုတဲ့ သက်သေ အထောက်အထား မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဝက်ခြံထွက် သူတွေက အဆီ၊ အချိုနဲ့ ပင်လယ်စာကို လျှော့စားသင့်ပါတယ်။
အရက်နဲ့ ဆေးလိပ် ရှောင်သင့်ပါတယ်။

မေး. ဝက်ခြံထွက်သူတွေက တခြား ဘယ်အချိန် တွေကို လိုက်နာဖို့ လိုပါသလဲ ဆရာမ။
ဖြေ. ဝက်ခြံထွက်သူတွေက လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အရေပြားသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။ စနစ်တကျ ဆေးကုသမှု ခံယူရပါမယ်။ စိတ်ဖိစီးမှုကို ရှောင်သင့်ပါတယ်။ လုံလောက်အောင် အိပ်စက် အနားယူရပါမယ်။

Most Popular

Healthy Life Ad
To Top