Healthy Life Ad
Health Tips

ခူနာ ခေါ်သော ပြည်တည်နာ (Abscess)

———၊ ဒေါက်တာတင့်ဆွေ ၊———

Q. ဆရာခင်ဗျာ ကျနော့်အမျိုးသမီးမှာ ခူနာရောဂါကို ခံစားနေရပါတယ်။ ဟိုအရင် သူငယ်စဉ်အချိန်မှာလဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျနော်သိချင်တာက အဲဒီရောဂါက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေလဲဆိုတာရယ်၊ ဘာ့ကြောင့် ဖြစ်စေတယ်ဆိုတာရယ်၊ ဘယ်လိုကုသပျောက်ကင်းနိုင်သလဲဆိုတာလေး ပြောပြပေးပါ။ နောက်ထပ် အဒီရောဂါကို အမြစ်ပြတ်အောင် ကုသလို့ရသလားဆိုတာရယ်၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာရယ်ကိုပါ ရှင်းပြပေးပါ ဆရာခင်ဗျာ။

A. ခူနာရောဂါဆိုတာကို အတိအကျ သိချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေး အလွန်ကောင်းသလို အတော်လဲ လွယ်လွယ်ပေးတပ်ကြတယ်။ တခြားဟာတွေက ပြဿနာသိပ်မရှိပေမဲ့ ရောဂါနာမည်က တလွဲရောက်စေတတ်တယ်။ ဝမ်းကိုက်တယ်ပြောတာနဲ့ ဝမ်းချုပ်တယ်ပြောတာကို ထပ်မမေးရင် လွဲရော။ ဒါ့ကြောင့် ခူနာရောဂါဆိုတဲ့ အနာအကြောင်းလေး ပြောပြပါဦး။ ဘယ်နေရာမှာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်ပုံပန်းလဲ၊ (နီ-နာ-ရောင်-ယား)၊ ဘယ်အချိန်-အခါမျိုးမှာပိုဆိုးသလဲ-သက်သာသလဲ။ ကြည့်ရတာ အဲ့ကြည့်တော့ မကြည့်ရသေးဘူးပေါ့လေ။ နှင်းခူနာဖြစ်ဖို့များတယ်။ Eczema လို့ခေါ်တာပေါ့။

Q. ဆရာခင်ဗျာ ဆရာပြောသလိုပါပဲ။ ကျနော်က အဲဒီအနာကိုလဲ သေသေချာချာ မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးနဲ့က တနေရာဆီမှာမလို့ပါဆရာ။ ကျနော်သူ့ကို သေသေချာချာ မေးကြည့်တော့ ဖြစ်တဲ့နေရာကတော့ လက်မမှာပါဆရာ။ အဲ… ဒါပေမဲ့ အရေပြားပေါ်မှာတော့ ဘာလက္ခဏာမှ မပြဘူးတဲ့ဆရာ။ အတွင်းထဲမှာပဲ ပူပြီးတော့ ကိုက်နေသလိုဘဲတဲ့ဆရာ။

A. ပိုတောင်ခက်လာတယ်ဗျို့။ “သိုက်စာဘာသာပြန်ရသလို” ဖြစ်တော့မှာဘဲ။ ခင်ဗျားလဲ မှန်းသိ၊ ကျွန်တော်လဲ မှန်းကု ဖြစ်ကြပြီပေါ့။ ဘာပဲဖြစ်ဖြစ် မှန်းလိုက်ပါမယ်။ အပေါ်ယံမှာ ဘာမှမမြင်ရရင်တော့ “နှင်းခူနာ” မဟုတ်နိုင်တော့ပါ။ “ခူနာ” ရောဂါနာမည်က ဗမာဆေးပညာအရခေါ်တာဖြစ်နေလို့၊ ကျွန်တော်ကလည်း တိုင်းရင်းဆေးကို စနစ်တကျ မသိတာမို့ စွယ်စုံကျမ်းကို လှန်ရတယ်။ ဒီလိုဆိုပါတယ်။

“ခူနာသည် လက်ချောင်းတွင် ပေါက်လေ့ရှိသည့် အနာတမျိုးဖြစ်သည်။ ထိုအနာမျိုးပေါက်လျှင် သတိမမူမိလျှင် လက်ဆစ်များကိုပင် ဖြတ်ပစ်ရတတ်သည်။ ထိုအနာ ဖြစ်ပေါ်သည့် အကြောင်းရင်းမှာ အစဉ်ပွတ်တိုက်မှုကြောင့် ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် (စတြက်တိုကောကပ်)ခေါ် ဗက်တီးရီးယားကြောင့်လည်း ဖြစ်တတ်သေးသည်ဟုဆိုသည်။ ထိုအနာမျိုးသည် လက်ချောင်းရှိ တစ်ရှူး (အသားမျှင်) များတွင် သွေးသွားစုရာမှ စတင်ဖြစ်ပေါ်တတ်သည်။ ထိုသို့ သွေးသွားစုခြင်းကြောင့် လက်ချောင်း၏ အရေပြားသည် တင်းမာပြီး ရောင်လာလေသည်။

ထိုအနာ ဖြစ်ပေါ်စ၌ အလွန်ကိုက်ခဲနာကျင်၍ နောက်မကြာမီ အနာတွင် ပြည်တည်လာတတ်၏။ ကုသပုံနည်းမှာ လက်ချောင်းရောင်လာသည်ကို သိသည်နှင့်တပြိုင်နက် ၂ နာရီခြားတခါမျှ အဝတ်ပိုင်းကို ရေနွေးတွင်စိမ်၍ ကျပ်ပူထိုးပေးရ၏။ အနာဖြစ်နေသော အစိတ်အပိုင်းကို ငြိမ်ငြိမ်ထားရသည်။ (အန်တီဖလိုဂျစ်စတင်)ကိုလည်း အပေါ်မှအုံပေးရ၏။ အကိုက်အခဲကို (အက်စပီရင်)ဆေးပြားများ မှီဝဲခြင်းဖြင့် သက်သာစေနိုင်သည်။

“အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ “ပြည်ရှိရင်-ခွဲထုတ်”ဆိုတာ ဖော်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသဲ၊ ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ “ပြည်ပေါက်-ပျောက်ပြီ”ဆိုတာအမှန်ပါ။ ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။”

ရောင်ခါစ၌ လက်ချောင်းသည် ပြောင်၍နီလာပြီးနောက် တဖြည်းဖြည်း အဝါပုပ်ရောင်ဖြစ်သွားသည်။ ထိုအခြေအနေ၌ အနာတွင်းရှိ ပြည်များကို ခွဲထုတ်ပစ်ရသည်။ အနာခွဲကရိယာများကို အသုံးမပြုမီ ရေနှင့်ပြုတ်၍ ပိုးများကို သေစေရသည်။ ပိုး သတ်မထားသော ကိရိယာများဖြင့် မဖေါက်ခွဲသင့် ပေ။ ပိုးများကြောင့် အနာတွင် အဆိပ်ဖြစ်စေတတ်သည်။ ခွဲစိတ်သောအခါ၌ အနာကို သင့်ရုံလောက်ခွဲ၍ ပြည်ကိုထုတ်ပြီးလျှင် အနာပေါက်ထဲသို့ ဆေးရည်စိမ်ထားသော ဂွမ်းဖတ်များကို ထည့်ပေးရသည်။ လူနာကိုလည်း(ပင်နီဆီလင်) ဆေးထိုးပေးလေ့ရှိသည်” အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့မပေါ်ဘူး။ ဥပမာ- တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာကကျဉ်းတော့ အာရုံကြောနဲ့ မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

ခူနာဆိုတာ ပြည်ရှိလာရင် Abscess ခေါ်ပါတယ်။ ပြည်တည်နာက ချိုင်း(ဂျိုင်း)မှာ ပေါက်ရင် ကိန္နရာနာခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကိုကိုယ်မှာမကပ်နိုင်တော့ ကိန္နာရာကသလို နေရတာမို့ပါ။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါး ဖြစ်လာတယ်။ ဖြစ်တဲ့နေရာ(တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူဆိုတာအပြင် သူလုပ်ရမယ့်အလုပ်ကို မလုပ်နိုင်ဖြစ်လာတယ်။ ဒီအဆင့် မှာ Infection “ရောင်ခြင်း” ဆိုတာသာရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ “-itis” ပါရင် ဒါဖြစ်တာလို့မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသဲရောင် စတာတွေပေါ့။

ဒီအဆင့်မှာ လုပ်ပေးဖို့က “ပိုးကိုနိုင်တဲ့ဆေး” တွေ ပေးရမှာပါ။ နောက်မှာ ပိုးဝင်လာတတ်တာမို့ပါ။ ပိုးကိုနိုင်တဲ့ဆေး အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေးလို့ ဆေးစာကိုခန့်အောင် ပါဠိစာသုံးထားတာပေါ့။ ဗမာတွေသာမဟုတ်ပါဘူး။ သူများတွေလဲ ရှေးကျတဲ့ ဂရိစာကို အတော်သုံးကြတာ။ ဆေးပညာအထိမ်းအမှတ်ကိုတောင် ဘီစီ ၂၀ဝ၀ က (ဆူမေရီယန်း) ဘုရား Ningishzida နဲ့ မြွေနှစ်ကောင် Gryphons ကို ခုထိသုံးကြတယ်။

ပိုးကိုနိုင်တဲ့ ပဋ္ဋိဇီဝဆေးတွေကို အုပ်စု(၁၃) ခုတောင်ခွဲထားတာ။ အစောဆုံးပေါ်ခဲ့တာက Sulfonamides(ဆာလ်ဖိုနမိုက်)အုပ်စုပါ။ အတော်များများလည်း သုံးတတ်ကြတယ်။ Sulfacetamide မျက်စဉ်း၊ Trimethoprim-Sulfamethoxazole ကို Septrin လို့ ပိုသိကြတယ်။

နောက်ပေါ်ကတော့ Cephalosporins (ကက်ဖလိုစပိုရင်)ဖြစ်တယ်။ နောက်ပေါ်ထဲမှာ နောက်ပေါက်တွေရှိတယ်။ မျိုးဆက်တွေ ထပ်ထပ်တိုးလာလို့ အခုဆို မျိုးဆက်လေးခုတောင်ရှိနေပြီ။ ဒီအုပ်စုဆေးတွေက “ဃန်”နဲ့စတယ်။ ပဌမမျိုးဆက် Cefadroxil, Cephalexin, Cephaloridine, Cephalothin, Cephapirin, Cefazolin, Cephradine ဒုတိယမျိုးဆက် Cefaclor, Cefoxi-tin, Cefprozil, Cefuroxime တတိယမျိုးဆက် Cefdinir, Cefi­xime, Cefpodoxime, Ceftibuten, Ceftriaxone,Cefotaxime စတုတ္ထမျိုးဆက် Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေပါ။

Tetracyclines (တက်ထရွာ-ဆိုက်ကလင်း) အုပ်စုကိုလဲ လူအတော်များများ သိကြတယ်။ ဆေးတောင့်အနေနဲ့ လာတာများပြီး၊ အရင် BPI ကနေထုတ်တော့ အတောင့်အရောင်က နီပြီး၊ အလည်မှာ အပြာရောင်စဉ်းလေး လုပ်ထားတော့ ကိုယ့်ဗမာတွေက “ခါးပတ်ကြားဆေး” လို့ခေါ်ကြတယ်။ အဝါရောင်ကို အပြာပတ်ထားတာက Chloramphenicol ဖြစ်တယ်။ ဒီခါးပတ်ကြားများက စွမ်းသလားမမေးနဲ့၊ ဒါပေမဲ့ မကောင်းတဲ့ အာနိသင်တွေရှိတာမို့ “သတိထားပါ၊ သတိထားပါ” နဲ့ ဆရာဝန်တွေက ခဏခဏ သတိပေးကြတယ်။

အများဆုံးသိကြတာကတော့ (ပနယ်စလင်) တွေပေါ့။ ခူနာအတွက်လဲ သူ့ကိုသုံးတာများတယ်။ ဒီအုပ်စုဆေးတွေထဲမှာ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေးနဲ့ စားဆေးတွေပါတယ်။ အနာကပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးကို နှစ်မျိုးတွဲတပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅၀ အားက ၆ နာရီခြား၊ ၅၀ဝ အားက ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက်အနည်းဆုံးသောက်မှ ကောင်းတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။

အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ “ပြည်ရှိရင်-ခွဲထုတ်” ဆိုတာ ဖော်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသဲ၊ ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ “ပြည်ပေါက်-ပျောက်ပြီ” ဆိုတာ အမှန်ပါ။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ Painkillers လို့ ခေါ်တာတွေပေါ့။ အိမ်တိုင်းမှာ ခေါင်းကိုက်၊ ကိုယ်ပူ၊ အနာ-ဒဏ်ရာမှန်သမျှ ဖြစ်တာနဲ့ အသောက်ခိုင်းတဲ့ ဆေးတွေပေါ့။ “ဆေးကို ပဲလှော်ဝါးသလိုစားတယ်” ဆိုပြီး၊ နောက်ပြောင် ပြောကြတာရှိတယ်မဟုတ်လား။ ကလေးရှိတဲ့အိမ်တိုင်း (ပါရာစီတမော) ရှိတယ်။ ခြေဆစ်လက်ဆစ်နာသူများ (အက်စ်ပရင်) ဆောင်ထားကြတယ်။ နဲနဲပိုဆိုးတဲ့ ခါးနာ၊ ဇက်ကြောတက်သူများ (အနာဂျက်ဆင်) စတာမျိုး သုံးကြတယ်။ ဒီဆေးအုပ်စုက အစွမ်းသုံးပါးထက်တယ်။ အဖျားကျ၊ အနာသက်သာပြီး အရောင်လျှော့စေတယ်။

ဆေးတွေအပြင် တခြားအထောက်အကူ လုပ်ပေးနိုင်တာလေးတွေ ရှိပါသေးတယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက်မြန်စေတယ်။ အရိုးကျိုးရင် မလှုပ်နိုင်အောင် ကျပ်စည်း၊ ကျောက်ပတ်တီးစည်းရတယ်မဟုတ်လား။ အနာရှိရင် ငြိမ်ငြိမ်ထား၊ အလုပ်နားပေါ့။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း၊ ဆိုတာမျိုး။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။

အပူပေးတာဟာ သွေးကို ပိုလျှောက်စေတာမို့၊ အနာကို မြန်မြန်ပျောက်စေတဲ့သဘော ရှိတယ်။ ရေနွေးအိတ်တင်တာ၊ ရေနွေးပုလင်းကပ်တာ။ နောက်ပြီး၊ ပရုတ်ဆီလိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက်ဖြစ်မယ်ထင်တယ်။

နို့စို့အရွယ် (အဇာတသတ်) ရဲ့လက်မှာ ပေါက်တဲ့အနာကို ခူနာလို့ ပြော-ဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် (ဗိမ္ဗိသာရ) မင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက်ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော် ဇီဝကရဲ ့ Prescription ဆေးညွှန်းအရ လုပ်တာတော့ ဟုတ်မယ်မထင်ဘူး။ နှစ်နှစ်ကာကာ ချစ်လာရင် “ဆီးဖြူ-ဖန်ခါး ငုံထားသလို” ဆိုပြီး ပြောလေ့ရှိတာကြောင့်နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီရှိလို့ အပြင်လေထက်ပိုပူမယ်။ ဒါက ပုံမှန်ဆိုရင်သာပြောရတာ။ “ခူနာရှိသူ နေပူ မထွက်စေနဲ့” နော်။

မိဘမေတ္တာကိုညွှန်းရင် အထိမိဆုံး ဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာပုံပြင်သစ်ကလေးတခု တိုးလာပါမှာပေါ့ဗျာ။

Most Popular

Healthy Life Ad
To Top