Healthy Life Ad
International

ကမ္ဘာ့ပထမဆုံး ဗီဇဆဲလ်ကုထုံးဖြင့် ကျန်းမာလာနေသော သွေးကင်ဆာဝေဒနာရှင် ကလေးငယ်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ လေလာရစ်ချတ်ဆိုတဲ့ ကလေးငယ်ဟာ သွေးကင်ဆာဝေဒနာရဲ့ အဆိုးဆုံး အမျိုးအစားတစ်ခုကို ခံစားနေရပြီး ကုသမှုမျိုးစုံ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အဆိုးဆုံးကို ပြင်ဆင်ထားဖို့ ဆရာဝန်တွေက သူ့ရဲ့မိဘတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မိဘတွေက လက်လျော့ဖို့ ငြင်းဆန်ခဲ့ပြီး လန်ဒန် ဂရိတ်အော်မွန်စထရိ ဆေးရုံက ဆရာဝန်တွေကို ကြွက်တွေမှာသာ စမ်းသပ်ရသေးတဲ့ ကုထုံးတစ်ခုနဲ့ ကုသမှုပြုလုပ်ဖို့ ခွင့်ပြုချက် ပေးခဲ့ပါတယ်။ ကင်ဆာကို ရှာဖွေတိုက်ခိုက်ဖို့ မျိုးဗီဇအရပြုပြင်ထားတဲ့ ဆဲလ်သန်း၅၀ ဆေးသွင်းခြင်းရဲ့ ရလဒ်အဖြစ် လေလာဟာ ပုံမှန်ကလေးငယ် တစ်ယောက်လို ကျန်းမာလာနေတယ်လို့ သိရပါတယ်။

သူရဲ့အံ့သြဖွယ် နာလန်ထမှုဟာ ကင်ဆာကုထုံးရဲ့ တော်လှန်တဲ့ လမ်းသစ်တစ်ခုဆီကို ဦးတည်သွားစေခဲ့ပါတယ်။ လေလာရဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ပါမောက္ခ ဝါစင်းကာဇင်က-“ဒါဟာ မျိုးဗီဇပြုပြင်တဲ့ နည်းပညာ အသုံးပြုမှုမှာ မှတ်တိုင် တစ်ခုပါပဲ။ ကလေးအပေါ် အကျိုးသက်ရောက်မှုဟာ အံ့သြစရာပါ။ သွေးကင်ဆာနဲ့ တခြားကင်ဆာတွေကို ကုသမှုအတွက် ရှေ့ကိုကြီးမားတဲ့ ခြေတစ်လှမ်း လှမ်းလိုက်တာပါပဲ”လို့ ဆိုပါတယ်။ အရွယ်ရောက် ကင်ဆာဝေဒနာရှင်တွေနဲ့ တခြား မျိုးဗီဇဖောက်ပြန်တဲ့ ရောဂါဝေဒနာရှင်တွေကို ကုသဖို့ လမ်းပွင့်သွားပြီလို့လည်း သူကပြောပါတယ်။

cancer2

လေလာဟာ မွေးဖွားပြီး သုံးလအကြာမှာ စတင် ဖျားနာလာပြီး ဆရာဝန်တွေရဲ့ သွေးစစ်ဆေးမှုအရ ကလေးတွေမှာ ကုသဖို့ခက်ခဲတဲ့ သွေးဖြူဥတွေကို တိုက်ခိုက်တဲ့ သွေးကင်ဆာ ရောဂါတစ်မျိုးကို ရရှိနေတယ်လို့ တွေ့ရှိရပါတယ်။ ကင်ဆာဆေးသွင်းကုသမှုနဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုတွေ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လေလာရဲ့အခြေအနေဟာ မျှော်လင့်ချက် မဲ့ခဲ့ပါတယ်။ သုံးလအတွင်းမှာ သေဆုံးမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ မိဘတွေက လက်မလျော့ခဲ့ကြဘဲ ပြင်သစ်ဇီဝ နည်းပညာ ကုမ္ပဏီရဲ့ လူတွေအပေါ်မှာ မစမ်းသပ်ရသေးတဲ့ ဆဲလ်ကုထုံးနဲ့ ကုသမယ်လို့ သဘောတူခဲ့ကြပါတယ်။

ဒီကုထုံးအတွင်းမှာ ကျန်းမာသန်စွမ်းပြီး ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ မျိုးဗီဇရှိတဲ့ အလှူရှင်တစ်ယောက်ဆီက ရရှိတဲ့ သွေးဆဲလ်တွေ ပါဝင်ပါတယ်။ လေလာ့ကို လက်ဖက်ရည်ဇွန်းရဲ့ ထိပ်ဖျား ပမာဏလောက်သာရှိတဲ့ ဆဲလ်သွင်းကုသမှုကို ဆယ်မိနစ်ကြာ ပြုလုပ်ခဲ့ပါတယ်။ အစပိုင်းမှာ ကုသမှုက ထိရောက်ခဲ့သလား ဆိုတာ မသဲကွဲပါဘူး။ ဒါပေမဲ့ သီတင်းပတ်တွေ ကုန်လွန်ခဲ့ပြီးနောက်မှာ လေလာဟာ သက်သာတဲ့ အရိပ်အယောင်ကို စတင်ပြသလာပါတယ်။ ရောဂါ တိုက်ထုတ် ခံရသလားဆိုတာ သေချာဖို့ ရိုးတွင်းခြင်ဆီအစားထိုးမှု ဆက်လက် လုပ်ဆောင်ခဲ့ရပါတယ်။ နောက်ထပ် စမ်းသပ်မှုတွေအရ လေလာ့မှာ ကင်ဆာရောဂါ ကင်းရှင်းသွားပြီလို့ တွေ့ရပါတယ်။

အခုအခါ လေလာဟာ အိမ်မှာ မိဘတွေနဲ့ ကျန်းမာစွာနေထိုင်နေတယ်လို့ သိရပါတယ်။ လေလာကို ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ပေးနေပြီး တစ်နှစ်အတွင်း ကင်ဆာရောဂါ ပြန်မဖြစ်ပါက လုံးဝ ပျောက်ကင်းကြောင်း ကြေညာနိုင်ပြီလို့ ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top