Healthy Life Ad
Health Tips

သင့်လက်က ခန့်မှန်းနိုင်သော ရောဂါ ၆ မျိုး

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

သင့်လက်ကိုကြည့်လိုက်ပါ. . သင့် လက်ချောင်းအတိုင်းအတာ၊ လက်ရဲ့ ဖမ်းဆုပ်နိုင်စွမ်းအား စတာတွေက အံ့အားသင့်ဖွယ်ရာကောင်းတဲ့ အောက်ပါ အခြေအနေတွေကို ဖော်ပြပေးနေပါတယ်။

လက်တုန်နေပါက

ပါကင်ဆန်ရောဂါကို ခန့်မှန်းပြောပြနိုင်

လက်တုန်တာက ကဖင်းဓာတ်မှီဝဲမှုများလို့ ဒါမှမဟုတ် ပန်းနာရင်ကျပ် ကုသဆေးနဲ့ စိတ်ကျရောဂါ ကုသဆေးတွေလို တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တုန်တာက ပါကင်ဆန်ရောဂါရဲ့ ပထမဆုံး လက္ခဏာတစ်ရပ်ဖြစ်လို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

လက်သည်းအရောင်က

ကျောက်ကပ်ရောဂါကို ခန့်မှန်းပြောပြနိုင်

အိန္ဒိယ သုတေသီတွေက နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူ လူနာ ၁၀ဝ ဦးကို လေ့လာခဲ့တဲ့အခါ ၃၆ ရာခိုင်နှုန်းမှာ လက်သည်းအောက်ခြေက ဖြူပြီး အပေါ်က ညိုနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါက တချို့ဟော်မုန်းတွေ များလွန်းတာနဲ့ နာတာရှည် သွေးအားနည်း ရောဂါ ဖြစ်တာတို့ကြောင့် ဖြစ်နိုင်သလို ဒီအခြေအနေက ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် လက်သည်းအရောင်က ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေရင် ဆရာဝန်နဲ့ပြသဖို့ မနှောင့်နှေးသင့်ပါဘူး။

လက်၏ ဖမ်းဆုပ်နိုင်စွမ်းက

နှလုံးကျန်းမာရေးကို ခန့်မှန်းပြောပြနိုင်

လက်ရဲ့ ဖမ်းဆုပ်နိုင်စွမ်း အားနည်းလွန်းတာက လေဖြတ်တဲ့ဝေဒနာ ဒါမှမဟုတ် နှလုံးရောဂါထခြင်း(Heart Attack) ဖြစ်နှုန်းမြင့်မားပြီး အသက်ရှင်နိုင်ခြေ လျော့နည်းတယ်လို့ နိုင်ငံ ၁၇ နိုင်ငံက လူဦးရေ တစ်သိန်းလေးသောင်းနီးပါးကို လေ့လာအပြီးမှာ လန်းဆက်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရဲ့ ဖမ်းဆုပ်နိုင်စွမ်း ကောင်းမွန်တယ်ဆိုတာက တစ်ကိုယ်လုံးကြွက်သားတွေ သန်စွမ်းကြောင်းပြသတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။

လက်ချွေးစေး ထွက်နေပါက

ချွေးဂလင်း အလုပ်လုပ်လွန်းပုံကို ခန့်မှန်းပြောပြနိုင်

လက်မှာ ချွေးတွေနဲ့ စေးထန်းထန်း ဖစ်နေတာက သွေးဆုံးတဲ့ လက္ခဏာ ဒါမှမဟုတ် သိုင်းရွိုက်ရောဂါ ဝေဒနာလက္ခဏာ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ချွေးဂလင်းတွေ အတက်ကြွလွန်ပြီးလိုအပ်တာထက် ပိုချွေးပြန်နေလို့ပါ။ ဒီလို အခြေအနေမှာ ဆရာဝန်တွေက ချွေးတိတ်ဆေး ခပ်ပြင်းပြင်းလေး ပေးလေ့ရှိပါတယ်။

လက်ဗွေရာက

သွေးတိုးခြင်းကို ခန့်မှန်းပြောပြနိုင်

ဗြိတိန်သုတေသီတွေက လက်ဗွေရာ ၁၃၉ ခုကို လေ့လာခဲ့တဲ့အခါ ဝက်အူရစ်ပုံ လက်ဗွေရာရှိသူတွေက မုဂ်ခုံးပုံ လက်ဗွေရာရှိသူထက် သွေးတိုးနိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသား ဖွံ့ဖြိုးမှုရှိခဲ့တဲ့အတွက် အရွယ်ရောက် ကြီးပြင်းလာချိန်မှာ သွေးတိုးနိုင်ခြေ ရှိရတာလို့ သုတေသီတွေက သုံးသပ်ထားပါတယ်။

လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်ပါက

ဒူးအဆစ်ရောင်ရမ်းနာကို ခန့်မှန်းပြောပြနိုင်

လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်တဲ့ အမျိုးသမီးတွေဟာ ပိုမရှည်သူတွေထက် ဒူးဆစ်ရောင်ရမ်းနာ ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ အဆစ်ရောင်ရမ်းမှုဆိုင်ရာ လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ အီစထရိုဂျင်ဟော်မုန်း လျော့နည်းလို့ပါ။

အမျိုးသားတွေမှာ လက်ညှိုးထက် လက်သူကြွယ်က ပိုရှည်ရင် သားသမီးများများရပြီး အိမ်ထောင်ဖက်နဲ့ ပိုအဆင်ပြေတတ်တယ်လို့ သိရပါတယ်။ အကြောင်းကတော့ သူသန္ဓေသားဘဝတုန်းက မိခင်ဝမ်းဗိုက်ထဲမှာ ကိုယ်ဝန် ဒုတိယသုံးလပတ်အတွင်း တက်စတိုစတီရုန်းဟော်မုန်းနဲ့ ထိတွေ့မှု ပိုများခဲ့ရလို့ပါတဲ့။ ဒါပေမဲ့ သတိပြုရမယ့် အချက်ကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများတာပဲဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top