Healthy Life Ad
Life Style

ဘေးစကား . . .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်

ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

ဒေါ်တင်မာ အခုတလော ဘယ်လိုမှနေလို့၊ ထိုင်လို့ မကောင်း။ အသက်ကလည်း ကြီးလာပြီကိုးလို့ ဆိုရလောက်အောင်လည်း အသက်က ၄၇ နှစ်၊ အသက် ၇၀-၈၀ အရွယ်တွေတောင် ဖျတ်ဖျတ်လတ်လတ် သွားလာနိုင်နေတဲ့ ဒီခေတ်ကြီးထဲမှာ ၅၀ တောင်မပြည့်သေးတဲ့ ဒေါ်တင်မာမှာ ပေါင်ကနေစပြီး အောက်အထိ အကြောတွေက ဆိုင်းနေလို့ သွားရ၊ လာရတာ အဆင်မပြေ။ ဒီကြားထဲ ခါးကလည်းနာပြီး ကျောက်ကပ်နေရာနဲ့ အသည်းနေရာတွေကလည်း အောင့်အောင့်နေတယ်။ တစ်ခါတစ်ခါ ခေါင်းမူးတာ၊ ခေါင်းကိုက်တာလည်း ရှိတယ်။ အဲဒီတော့ ဝေဒနာတွေ သက်သာမလားလို့ တရားထိုင်ကြည့်တယ်။ နောက်ပိုင်းကျတော့ တရားထိုင်တာမဟုတ်ဘဲ ငြိမ်ငြိမ်နေရင်လည်း တရားမှတ်တဲ့အကျင့်အတိုင်း ထွက်သက်ဝင်သက် မှတ်နေမိသွားရော၊ အဲဒီလို တရားမှတ်နေမိတဲ့အချိန်မှာပဲ ရင်တွေတလှပ်လှပ် တုန်လာတယ်။ ပြီးတော့ ခေါင်းတွေ ထိုးကိုက်လာတော့တယ်။ ဇက်ကြောလည်း တင်းလာပြန်တယ်။ ဒီလိုဝေဒနာတွေမျိုးစုံ ခံစားနေရတော့ အပျိုကြီး တစ်ကိုယ်တည်းနေတဲ့ ဒေါ်တင်မာဟာ “အိမ်မှာ တစ်ယောက်တည်းနေရင်း ငါတစ်ခုခုဖြစ်နေရင် ဒုက္ခ၊ အိပ်နေရင်း သေသွားမလား”စတဲ့ အတွေးတွေနဲ့ ယောက်ယက်ခတ်ပြီး တစ်ညလုံး အိပ်လို့မပျော်တော့ပါဘူး။

ဒီလိုနဲ့ မျက်ကွင်းတွေညို၊ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး နွမ်းလျနေတဲ့ ဒေါ်တင်မာကို အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေက ဝိုင်းအကြံပေးကြတယ်။

“ပေါင်အကြောတွေ ဆိုင်းနေတာက အရိုးအကြောအဆစ် အထူးကုဆရာဝန်နဲ့ ဆိုင်တယ် . . သွားပြပါ့လား”

“ရင်တုန်တာက နှလုံးအထူးကုနဲ့ ဆိုင်တယ်၊ သွားပြကြည့်ဦး”

ဒါနဲ့ ဒေါ်တင်မာလည်း ပေါင်တွေ အကြောဆိုင်းတာ၊ ခေါင်းတွေ ကိုက်တာ၊ ဇက်ကြောတွေ တက်တာ စတဲ့ ဝေဒနာတွေအတွက် သမားတော်ကြီးတစ်ဦးနဲ့ ပြတယ်။ ပြီးတော့ တရားမှတ်ရင်း ရင်တွေတလှပ်လှပ် တုန်လာတဲ့အတွက် တခြားဆရာဝန်ကြီးတစ်ဦးနဲ့ ပြတယ်။ ဝေဒနာတစ်ခုခုပေါ်လာတိုင်း အိမ်နားမှာရှိတဲ့ ဆရာဝန်ကြီးနဲ့လည်း ပြတတ်ပါတယ်။ ဆရာဝန်ကြီးတစ်ဦးပြီး တစ်ဦး ပြတာလည်း စုံသလောက် ဖြစ်နေပြီ။ အဲဒီဆရာဝန်တွေကလည်း ရင်တုန်တာ သက်သာစေမယ့် ဆေးတွေ၊ အိပ်ပျော်စေမယ့် ဆေးတွေပေးလိုက်ပေမယ့် အဲဒီဆေးတွေကို သူမသောက်ရဲလို့ အသိမိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေကို ပြကြည့်လိုက်တဲ့အခါ-

“ဒီဆေးတွေက ပြင်းတယ်၊ ပိုဒုက္ခရောက်သွားမယ် မသောက်နဲ့” ဆိုပြီး ပြောတဲ့သူရှိသလို. . .

“ဒီအာရုံကြောဆေးတွေ သောက်နေလို့ တရားမှတ်လို့ မရတာပေါ့၊ နောက်ပိုင်း ကြောင်တောင်တောင် ဖြစ်သွားမယ် မသောက်နဲ့”လို့ ပြောတဲ့သူတွေလည်း ရှိတဲ့အတွက် သူသောက်ရဲတော့ပါဘူး။ ဘေးစကားတွေကြောင့် ဆရာဝန်ကြီးတွေ ညွှန်ကြားလိုက်တဲ့ ဆေးတွေကို မသောက်ဖြစ်တဲ့အတွက် ဘယ်လိုမှ ရောဂါဝေဒနာတွေက မသက်သာတော့ဘဲ ပိုပိုဆိုးလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျနေတဲ့ ဒေါ်တင်မာကို ပြင်ပစာပေ ဖတ်ရှုလိုက်စားတဲ့သူတစ်ဦးက ညွှန်တာနဲ့ ဆရာ့ဆီ ရောက်လာခဲ့ပါတယ်။

– – –

စိတ်ဓာတ်ကျ နွမ်းနယ်နေတဲ့ဟန်နဲ့ ဝင်လာတဲ့ ဒေါ်တင်မာက မျက်လွှာချပြီး ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေက ဟိုဟာကိုင်လိုက်၊ ဒီဟာကိုင်လိုက်၊ လက်ချောင်းတွေက တဆတ်ဆတ် လှုပ်ရှားလိုက်နဲ့ ပြာလောင်ခတ်နေခဲ့ပါတယ်။

“ကျွန်မ ထွက်သက်ဝင်သက် တရားမှတ်တဲ့အခါတိုင်း ဇက်ကြောတက်လာ၊ ခေါင်းတွေထိုးလာ၊ ရင်တွေ တလှပ်လှပ်တုန်လာတော့ တရားမှတ်ရမှာကို ကြောက်ကြောက်သွားတယ်။ ဒါပေမဲ့ တရားမမှတ်ဘဲလည်း မနေနိုင်ဘူး။ တရားမမှတ်ဘဲနဲ့ တရားမှတ်တဲ့ အခြေအနေကြီးကို ရောက်ရောက်သွားတယ် ဆရာ၊ ဒီလိုဖြစ်နေတာ တစ်နှစ်လောက်ရှိနေပြီ။ ငြိမ်နေလိုက်ရင် ထွက်သက်ဝင်သက်မှတ်တဲ့ ပုံစံကြီးဖြစ်ပြီး ကြောက်စိတ်ဝင်နေတာရယ်၊ ညဘက်အိပ်မပျော်ဘဲ ထွက်သက်ဝင်သက်မှတ်တဲ့ ပုံစံဖြစ်လို့ စိုးရိမ်စိတ်များတာရယ် ဖြစ်နေတာကြာပြီဆရာ”လို့ ဒေါ်တင်မေက ဆိုပါတယ်။

“တရားမှတ်တာ ကောင်းတာပေါ့၊ ဆရာတော်ကြီးတွေနဲ့ စနစ်တကျ ရှုမှတ်တယ်ဆိုရင် တရားမှတ်တာ ကောင်းတာပေါ့”လို့ ဆရာကပြောလိုက်တော့-

“တရားမှတ်လိုက်ရင် ခေါင်းတွေထိုးကိုက်ပြီး ရင်တွေတုန်လာလို့ ကျွန်မ မမှတ်ရဲတော့ပါဘူး။ အဲဒီအချိန်မှာ ကြောက်စိတ်တွေပါ ဝင်လာတယ်”လို့ ပြန်ဖြေပါတယ်။

တကယ်တော့ တရားကို မှန်မှန်ကန်ကန် မှတ်နိုင်တယ်ဆိုရင် ရင်တုန်တတ်တယ်ဆိုရင်တောင် တရားမှတ်လိုက်တဲ့အတွက် ရင်တုန်တာက လျော့သွားရမှာပါ။ ပြီးရင် စိတ်ဖိစီးမှုတွေလည်း လျော့ပြီး ကြောက်စိတ်တွေပါ လျော့သွားရမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီလိုမဟုတ်ဘဲ တရားမှတ်လိုက်မှ ရင်တွေတုန်တယ်၊ ခေါင်းတွေ ထိုးကိုက်လာတယ်၊ ကြောက်စိတ်တွေ ဝင်လာတယ်ဆိုတော့ တစ်ခုခုမှားနေပြီလို့ ယူဆရပါတယ်။

သွေး၊ ဆီး၊ ဝမ်းတွေ စစ်ကြည့်လိုက်တဲ့အခါမှာ အစားအသောက်တွေကို မှန်မှန်မစား၊ ညည ကောင်းကောင်းမအိပ်တဲ့အတွက် သွေးအားနည်းပြီး အာဟာရဓာတ်တွေ ချို့တဲ့နေတာကို တွေ့ရပါတယ်။

ဒေါ်တင်မေ အာရုံကြောတွေက မကောင်းဘူးလို့ထင်နေတာက အိမ်နီးနားချင်းတွေ၊ အသိမိတ်ဆွေတွေ၊ သူလေးစားရတဲ့ ဆရာသမားတွေက-

“နင် စိုးရိမ်တတ်တာ အာရုံကြောအားနည်းလို့ နေမှာ၊ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကိုက်ခဲတာက အရိုးတွေ မကောင်းတော့လို့ ထင်တယ်၊ ရင်တုန်တာကတော့ နှလုံးရောဂါပဲ . .စသဖြင့် ဝိုင်းပြောကြတော့ ဒေါ်တင်မေရဲ့ ပင်ကိုကိုယ်ရည်ကိုယ်သွေးကလည်း မမှန်တဲ့အတွက် ရောဂါကြောင့်ကြတဲ့ စိတ်ဝေဒနာကိုပါတွဲပြီး ခံစားနေရတာ ဖြစ်ပါတယ်။ ဟိုလူပြော ဒီလူပြောနဲ့ ဟိုဆရာဝန်ကြီး ကောင်းနိုးနိုး၊ ဒီဆရာဝန်ကြီး ကောင်းနိုးနိုးလှည့်ပတ်ပြတာလည်း မသက်သာဘဲ နောက်ဆုံး “ပျောက်စေဆရာ”တွေဆီလည်း ရောက်ခဲ့ရပြီးပြီ။ ဒါပေမဲ့ ဘယ်လိုမှ မသက်သာဘူး။ အဲဒီလို မသက်သာရတဲ့ အကြောင်းရင်းကလည်း ဆရာဝန်တွေပေးလိုက်တဲ့ ဆေးတွေကို မသောက်တဲ့အတွက် အနာနဲ့ဆေးမတည့်ဘူး ဖြစ်နေလို့ပါပဲ။ တကယ်တော့ ဒေါ်တင်မေဟာ ရောဂါကြောင့်ကြတဲ့ စိတ်ဝေဒနာနဲ့အတူ ယေဘုယျစိုးရိမ်စိတ်လွန်ကဲတဲ့ ဝေဒနာ (Generalised Anxiety Disorder)တွေကိုပါ တွဲပြီးခံစားနေရတာ ဖြစ်ပါတယ်။ လောလောဆယ် အချိန်မှာတော့ အဲဒီလို ခံစားခဲ့ရတာက တစ်နှစ်ကျော်ကြာလာပြီဆိုတော့ အိပ်မပျော်တာလည်း များနေပြီး –

“ငါ ခံစားနေရတဲ့ ဝေဒနာတွေက ပျောက်မှ ပျောက်ပါတော့မလား၊ ပျောက်မှာ မဟုတ်တော့ဘူး ထင်ပါတယ်။ ငါ့ကို ကုနိုင်တဲ့သူ ရှိတော့မှာ မဟုတ်ဘူးထင်ပါတယ်။ ငါ့ကို ဘယ်သူမှလည်း ကယ်နိုင်တော့မှာ မဟုတ်ပါဘူး” ဆိုတဲ့ အတွေး

နဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာလက္ခဏာတွေကိုပါ ခံစားနေရတာ ဖြစ်ပါတယ်။
နေ့စဉ် ဆေးခန်းတွေမှာ ရောဂါကြောင့်ကြတဲ့ စိတ်ဝေဒနာခံစားရသူတွေနဲ့ အထွေထွေ စိုးရိမ်စိတ်လွန်ကဲတဲ့ ဝေဒနာရှင်တွေက အတော်လေးများတာကို တွေ့ရပါတယ်။ အစပိုင်းမှာ ဝေဒနာတစ်ခုခု ခံစားရတဲ့အခါ ဘေးလူတွေက ပုံကြီးချဲ့ပြီး ရောဂါအမည်တစ်ခုခု တပ်လိုက်တဲ့အခါ ကြောက်စိတ်တွေဝင်ပြီး ရောဂါကြောင့်ကြတဲ့ စိတ်ဝေဒနာ ခံစားရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်တင်မာ ခံစားနေရတဲ့ စိုးရိမ်စိတ်ဝေဒနာတွေ လျော့ပါးသက်သာဖို့၊ အကြောအချဉ်တွေ ပြေသွားဖို့နဲ့ စိတ်ကျဝေဒနာလက္ခဏာတွေပါ သက်သာပျောက်ကင်းဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ လေ့ကျင့်ခန်းတွေ စီစဉ်ပေးလိုက်ပါတယ်။ နောက်တစ်ပတ် ဆရာ့ဆီလာပြတဲ့အခါ ကောင်းကောင်း အိပ်ပျော်ရဲ့လား၊ ရင်တွေ တုန်နေသေးသလား၊ အကြောအချဉ်တွေ ကိုက်တာရော သက်သာရဲ့လား စတဲ့ အခြေအနေတွေကို ပြန်လာပြောဖို့မှာ လိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

Most Popular

Healthy Life Ad
To Top