Healthy Life Ad
International

ဒစ်ဂျစ်တယ်မျက်နှာပြင် ကြည့်ရှုမှု့များခြင်းသည် ကလေးများ၏ လူကဲခတ်နိုင်စွမ်းကို လျော့ကျစေနိုင်

၊ မိုးမင်းထွန်း ၊

လူလူချင်း ဆက်ဆံရေးလုံလောက်စွာမရှိဘဲ ဒစ်ဂျစ်တယ်မျက်နှာပြင် ကြည့်ရှုမှု့များခြင်းသည် ကလေးများ၏ လူကဲခတ်နိုင်စွမ်းကို လျော့ကျစေနိုင်သည်ဟု လေ့လာမှှုု့ အသစ်တစ်ရပ်က ဆိုပါသည်။ UCLA မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် ခြောက်တန်းကျောင်းသားအုပ်စု တစ်စုကို ငါးရက်ကြာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာမသုံးစေဘဲ အခြားအုပ်စုတစ်စုကို ပုံမှန်အသုံးပြုနေကျ အချိန်ပမာဏအတိုင်း အသုံးပြုစေခဲ့ရာ ပထမကျောင်းသားအဖွဲ့သည် ဒုတိယကျောင်းသားအဖွဲ့ထက် လူများ၏ စိတ်ခံစားမှု့ကို အကဲခတ်ရာတွင် ပိုမိုသာလွန်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

“လူတွေက ပညာရေးမှာ ဒစ်ဂျစ်တယ်မီဒီယာရဲ့ အကျိုးကျေးဇူးကိုပဲမြင်ပြီး ဆိုးကျိုးတွေကိုတော့ မမြင်ကြပါဘူး။ လက်တွေ့လူ့လောကနဲ့ ထိတွေ့မှု့နည်းပြီး လူတစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်စွမ်း လျော့နည်းလာတာဟာ ဆိုးကျိုးထဲက တစ်ခုပါပဲ”ဟု သုတေသနအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ စိတ်ပညာ ပါမောက္ခလည်းဖြစ်သည့် ပတ်ထရစ်ရှာဖီးလ်က ပြောသည်။ သုတေသနပြုသူတို့က တစ်နေ ့ပျမ်းမျှလေးနာရီခွဲခန့် ဒစ်ဂျစ်တယ်မျက်နှာပြင်ရှေ့တွင် အချိန်သုံးစွဲလေ့ရှိသော ကယ်လီဖိုးနီးယား ကျောင်းတစ်ကျောင်းမှ ကလေး ၁၀၅ ဦးနှင့် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် တစ်ဝက်ကို သဘာဝနှင့် သိပ္ပံစခန်းတစ်ခုကို ခေါ်သွားခဲ့ပြီး ဖုန်း၊ တီဗီ၊ ကွန်ပျူတာတို့ကို ငါးရက်ကြာ သုံးခွင့်မပေးခဲ့ဘဲ အခြားတစ်ဝက်ကို ပုံမှန်ကျောင်းတက်စေပြီး ပုံမှန် အလေ့အကျင့်အတိုင်း နေစေခဲ့သည်။

သူတို့က ကလေးတစ်ယောက်ချင်းစီကို ဝမ်းနည်း၊ ပျော်ရွှင်၊ ဒေါသထွက်၊ ထိတ်လန့်စသော အမူအရာအမျိုးမျိုး ပြုလုပ် ပြထားသည့် လူပုံများကိုပြသပြီး ပုံတစ်ပုံချင်းစီ၏ အမူအရာကို ခွဲခြားခိုင်းခဲ့သည်။ ထို့ပြင် ဗီဒီယိုဇာတ်ဝင်ခန်းများကို ပြသပြီး သရုပ်ဆောင်တို့၏ အမူအရာတို့ကိုလည်း အကဲဖြတ်စေခဲ့သည်။ ထိုစမ်းသပ်ချက်မျိုး နှစ်ကြိမ်ကို စခန်းသို့မသွားရောက်မီ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ပြန်ရောက်ချိန်တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၅ ရက်ကြာ လျှပ်စစ်ကိရိယာများကို မသုံးဘဲ စခန်းသို့ သွားရောက်ခဲ့သော ပထမအဖွဲ့သည် ဒုတိယအဖွဲ့ထက် လူကဲခတ်ရလဒ် ပိုကောင်းခဲ့ကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှုက အချိန်တိုတောင်းသော်လည်း ဒစ်ဂျစ်တယ် မျက်နှာပြင်ရှေ့တွင် အချိန်များစွာ ကုန်လွန်ခြင်းသည် ဆိုးကျိုးကို ဖြစ်စေနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။

“ဒီရှာဖွေတွေ့ရှိမှုဟာ တကယ်ပဲ အကျိုးရှိပါတယ်။ မိဘတွေနဲ့ ပညာရေးတာဝန်ရှိသူတွေကို ဒီလို ဒစ်ဂျစ်တယ်မျက်နှာပြင် အခြေခံမီဒီယာတွေရဲ့ သက်ရောက်မှု့တွေကို ရှင်းရှင်းလင်းလင်း ပညာပေးနိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ သုတေသနတွေလုပ်ဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် မျက်နှာပြင်ရှေ့မှာ သုံးလိုက်တဲ့အချိန်ဟာ လူလူချင်း ဆက်ဆံရာမှာ သုံးတဲ့အချိန်မဟုတ်ပါဘူး။ စိတ်ဓာတ်ဖွံ့ဖြိုးမှု့ဟာ လက်တွေ့ အလေ့အကျင့်အပေါ်မှာ မူတည်ပြီး ဦးနှောက်ဟာလည်း တကယ့် အပြန်အလှန်ဆက်ဆံမှုက တစ်ဆင့်ပဲ ဖွံ့ဖြိုးပါတယ်”ဟု ဆန်ဖရန်စစ္စကို တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဂျင်(မ)တေလာက ပြောကြားခဲ့ပါသည်။

(Ref;FoxNews)

Most Popular

Healthy Life Ad
To Top