Healthy Life Ad
Child

အနုပညာရှင်တို့၏ အိမ်ထောင်ရေးဆိုင်ရာ ကျန်းမာရေးအမူအကျင့်

စည်သူလွင်နှင့် နွယ်မာကျော်

– တစ်ဦးမှာရှိတဲ့ ကျန်းမာရေး အကျင့်ကောင်းလေးကို နောက်တစ်ယောက်ကလိုက်လုပ်ဖြစ်တာမျိုး ရှိပါသလား။

အစ်ကိုတို့က အနုပညာသမားဆိုတော့ အရင်တုန်းက အိပ်ချိန်ကပုံမှန်မရှိဘူး၊ အိပ်ချိန်နဲ့ အိပ်ရာထတဲ့အချိန်က ပုံမှန်မရှိတဲ့အပြင် အစားအသောက်ဆိုလည်း ပုံမှန်မစားဖြစ်တာတွေရှိပါတယ်။ အိမ်ထောင်ကျပြီးမှာတော့ တစ်ယောက်နဲ့တစ်ယောက်က အတူနေတာဆိုတော့ အကျင့်က ကူးစက်တာတွေရှိပါတယ်။ အဓိက အစ်ကို့အမျိုးသမီးဆီမှာ ကောင်းမွန်တဲ့ ကျန်းမာရေးအကျင့်ကောင်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက သူ့လိုပဲ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် လိုက်လုပ်ဖြစ်သွားပါတယ်။

– အိမ်ထောင်မကျခင်နဲ့ ကျပြီးကျန်းမာရေးလိုက်စားဖြစ်ပုံ ကွာခြားသွားသလား။

အစ်ကို့အမျိုးသမီးက နေထိုင်မကောင်းဘူးဆိုတာ ရှားတယ်၊ ကျန်းမာရေးမကောင်းတာ သိပ်မဖြစ်ဘူး၊ အရင်ကတည်းက (Gym) ကစားတယ်၊ ကျန်းမာရေးအတွက် တခြားလေ့ကျင့်ခန်းတွေပါ လုပ်ဖြစ်တယ်၊ အခုက သားတာဝန်တွေရှိလာတော့ သိပ်မကစားဖြစ်တော့ဘူး၊ တစ်ခါတလေ အားတဲ့အချိန်လောက်ပဲ သွားကစားဖြစ်တယ်။ အစ်ကိုကတော့ ကျန်းမာရေးအတွက် သီးသန့်တကူးတက အားကစားလုပ်တာမျိုးမရှိပါဘူး။ ကိုယ်နေတဲ့ ဘဝနေထိုင်မှုပုံစံမှာပဲ ကျန်းမာရေးကောင်းအောင် အတတ်နိုင်ဆုံး ဂရုစိုက်ဖြစ်ပါတယ်။

– တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ပေးဖြစ်ပါသလဲ။

အစ်ကိုက နယ်ခရီးတွေ၊ ရှိုးပွဲတွေသွားရတာများတယ်၊ အစ်ကိုက အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် အသံကို ဂရုစိုက်ရတယ်၊ ပြီးတော့ လည်ချောင်းမနာအောင်နဲ့ အအေးမမိအောင် ဂရုစိုက်ရပါတယ်၊ အဲဒီလို အစ်ကို အအေးမိတာမျိုး၊ လည်ချောင်နာတာမျိုးဖြစ်ရင် အစ်ကို့အမျိုးသမီးက သေချာဂရုစိုက်ပေးပါတယ်၊ တစ်ခါတလေ ဆေးသောက်ပျင်းတာမျိုးရှိခဲ့ရင်လည်း ဆေးသောက်ဖို့ သတိပေးပါတယ်၊ အစ်ကိုနဲ့မတည့်တဲ့ အစားအစာတွေစားမယ်ဆိုရင်လည်း “မစားနဲ့၊ မတည့်ဘူး”ဆိုတဲ့ အကြံမျိုးပေးတယ်၊ အစ်ကိုကတော့ သူ့မိသားစုကိစ္စ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေရင် ဘေးကနေကြည့်မနေဘဲ ဝိုင်းကူလုပ်ပေးဖြစ်တယ်။

– တစ်ဦးနဲ့ တစ်ဦး ကျန်းမာရေးမထိခိုက်အောင ်ဘာတွေဆင်ခြင်ဖို့ သတိပေးလေ့ရှိပါသလဲ။

အစ်ကိုက ဆေးလိပ်သောက်တတ်တော့ အများကြီးမသောက်ဖို့ သတိပေးပြောတာမျိုးရှိပါတယ်။ အိပ်တာ၊ စားတာ မှန်အောင်လည်း သတိပေးပြောတာမျိုး ရှိပါတယ်။ အစ်ကို့ အမျိုးသမီးဆိုရင် အရမ်းမဝအောင်ဆိုပြီး အစားသောက် လျှော့စားတာမျိုးတွေရှိတယ်။ ဘယ်မိန်းကလေးမဆို လှချင်၊ ပိန်ချင်ကြတာပဲလေ။ ဒါပေမဲ့ အကိုကတော့ အစ်ကို့ အမျိုးသမီးကို အစားအသောက် အရမ်းလျှော့စားတာမျိုး မလုပ်ဖို့သတိပေးပြောဖြစ်တယ်။ ပိန်တာ၊ ဝတာထက် ကျန်းမာရေးကောင်းဖို့က အဓိကဖြစ်တယ်လို့ သတိပေးဖြစ်ပါတယ်။

– အစ်ကိုတို့မိသားစုမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်လာရင် ဘယ်လိုလုပ်ဖြစ်ပါသလဲ။

နေမကောင်းဖြစ်တဲ့အခါမျိုးဆိုရင် ကိုယ်နဲ့နီးစပ်ရာ ဆရာဝန်တွေဆီ အရင်ပြပါတယ်။ တစ်ခါတလေ ညအချိန်မတော်ကြီးမှာ နေမကောင်းဖြစ်တယ်ဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားပြဖို့ အဆင်မပြေတဲ့အခါ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ကျန်းမာရေး ဗဟုသုတလေးတွေ လေ့လာလိုက်စားဖြစ်တယ်။ အစ်ကိုတို့မိသားစုက ကျန်းမာရေးနဲ့ပတ်သက်ပြီး အရမ်း ဆိုးဆိုးဝါးဝါးဖြစ်တာ မရှိပေမယ့် နေမကောင်းဖြစ်တဲ့အခါမှာလည်း သေချာ ဂရုစိုက်ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top