Healthy Life Ad
Q & A

နာမည်ကျော်အဆိုတော် ချမ်းချမ်း မေးချင်တဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

မေး။ အရမ်းပင်ပန်းလာရင်၊ ခရီးပမ်းလာရင် ခေါင်းတစ်ခြမ်း အရမ်းကိုက်တယ်။ ပြီးတော့ အရမ်းခင်တဲ့သူတွေ တောင် မေ့တတ်တယ်။ တစ်ခုခုလုပ်ပြီးသွားရင် အဲဒီလိုလုပ်ပြီးသွားတာကို ပြန်မမှတ်မိတတ်ဘူး။ အဲဒီလို မေ့တတ်တာက ပင်ပန်းမှုနဲ့ဆိုင်သလား၊ မျိုးရိုးနဲ့ဆိုင်တာလား၊ ပင်ပန်းမှုကြောင့် တဒင်္ဂရောဂါလား သိချင်ပါတယ် ဆရာ။

ဖြေ။ တစ်ချက်တစ်ချက်မှ ထိုးထိုးပြီး ခေါင်းကိုက်တာမျိုး ဆိုရင်တော့ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ ခေါ်တဲ့ ရောဂါတစ်ခုတော့ရှိတယ်။ အဲဒီရောဂါကတော့ ခေါင်းကိုက်ရင် တစ်ခြမ်းတည်းလည်းကိုက်တယ်၊ သွေးခုန်နှုန်းအတိုင်း တဒုတ်ဒုတ်နဲ့ လာထိုးနေတတ်တယ်၊ အဲဒီအခါ မျက်စိကျိန်းတာ၊ မျက်ရည်ပူကျတာ၊ တစ်ခါတလေ ပျို့ချင်အန်ချင်တာ အဲဒီလိုလက္ခဏာလေးတွေနဲ့ တွဲဖြစ်ရင်တော့ Migraine လို့ခေါ်တဲ့နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ် တယ်လို့ ယူဆရပါတယ်။ ဒီဝေဒနာဖြစ်ရင် မှတ်ဉာဏ် ထိခိုက်တာမျိုးတော့ ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာပေါ်မှာ အာရုံကရောက်နေတဲ့အတွက် မှတ်ဉာဏ်မေ့လျော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အဓိကကတော့ ချမ်းချမ်းဖြစ်တာက ပင်ပန်းလို့ဖြစ်တာနဲ့ ပိုပြီးတူပါတယ်။အသက်ကြီးလာမှ မှတ်ဉာဏ်အားနည်းတဲ့ ရောဂါမျိုးတွေကသာ မျိုးရိုးလိုက်တတ်ပါတယ်။ အခု ချမ်းချမ်းဖြစ်တာက ပင်ပန်းလို့ဖြစ်တာလို့ပဲ ဖြေရပါလိမ့်မယ်။ ပင်ပန်းလို့ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက နေပူထဲသိပ်မထွက်ရဘူး၊ အိပ်ရေးဝ၀ အိပ်ရမယ်၊ စိတ်ဖိစီးမှုများတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပိုပြီး ဖြစ်တတ်လို့ စိတ်ရှုပ်သိပ်မခံရဘူး၊ ချောကလက်၊ စတော်ဘယ်ရီစတဲ့ အစာတွေစားမိရင် တချို့လူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တတ်တယ်၊ တချို့ မိန်းကလေးတွေမှာ လစဉ်ရာသီသွေးပေါ်တဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ရင် ခေါင်းတစ်ခြမ်း
ကိုက်တတ်တယ်။

ဒီလို ခေါင်းတစ်ခြမ်းကိုက်တာက မကြာမကြာဖြစ်နေရင် နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ရောဂါဟုတ်၊ မဟုတ် ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီး အကြံဉာဏ်ရယူရင် ပိုကောင်းပါတယ်။

Most Popular

Healthy Life Ad
To Top