———၊ ကိုထက် ၊———
ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးအခြေအနေကြောင့် ရောဂါဝေဒနာတွေကို ကာကွယ်တွန်းလှန်နိုင်တာ၊ နာကျင်မှုကို လျော့ကျစေတာ၊ ငယ်ရွယ်နုပျိုစေတာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပြီး သက်ရှည်ကျန်းမာစေပါတယ်။ အကြောင်းကတော့ Sex ကြောင့် သင်ထင်မှတ်မထားတဲ့ အောက်ပါအကျိုးကျေးဇူးတွေကို ရရှိလို့ပါ။
(၁) အသက်ရှူရလွယ်စေပါတယ်
အိမ်ထောင်မှုသုခ အပြည့်အဝရရှိတာကြောင့် ဟစ္စတာမင်းတားတဲ့ သဘာဝဓာတ်ကို ထွက်ရှိစေကာ ပန်းနာရင်ကျပ်နဲ့ ရာသီကြောင့်ဖြစ်တဲ့ နာမကျန်းမှုလက္ခဏာတွေကို တွန်းလှန်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူရလွယ်ကူစေတာ ဖြစ်ပါတယ်။
(၂) ငယ်ရွယ်နုပျိုတယ်လို့ ထင်ရပါတယ်
အိမ်ထောင်မှုသုခပြည့်ဝတဲ့ ဘဝရရှိတာက ငယ်ရွယ်နုပျိုတဲ့ အသွင်ပုံစံရရှိနိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ စကော့တလန်ရှိ တော်ဝင်အီဒင်ဘာ့ဂ်ဆေးရုံက အသက် ၁၈ နှစ်မှ ၁၀၂ နှစ်အရွယ်ကြား လူဦးရေ ၃၅၀ဝ ကို လေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုလျော့ကျကာ အိပ်ရေးဝ၀ အိပ်မောကျစေပြီး ကျေနပ်ရောင့်ရဲမှု ရှိကြတာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၃) ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်
တစ်ပတ်မှာ တစ်ကြိမ်-နှစ်ကြိမ်ခန့် Sex ကိစ္စပြုလုပ်တဲ့ အိမ်ထောင်သည်တွေမှာ အင်မြူနိုဂလိုဗျူလင်အေ ပမာဏ ၃၀ ရာခိုင်နှုန်းခန့် ပိုမိုထွက်ရှိပါတယ်။ Immunoglobulin A ဟာ ခန္ဓာကိုယ်ရဲ ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတို့ရဲ ့ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း သိပ္ပံပညာရှင်တွေက ရှင်းပြထားပါတယ်။ ဒါ့အပြင် အအေးမိဝေဒနာနဲ့ တုပ်ကွေးတာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။
(၄) ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်
အားကစားလုပ်သလို အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။
(၅) နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ကျစေပါတယ်
ပျော်ရွှင်တဲ့ အိမ်ထောင်မှုသုခရရှိတာက အကိုက်အခဲပျောက်စေတဲ့ သဘာဝအာနိသင်ကို တိုးစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ သာယာတဲ့အိမ်ထောင်ရေးကြောင့် ဇနီးသည်တွေဟာ ရာသီလာစဉ် ကိုက်ခဲနာကျင်မှု၊ အဆစ်ရောင်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ တခြားဝေဒနာတွေကြောင့် နာကျင်မှုတွေကို သက်သာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၆) အသက်ရှည်ရှည် နေရစေပါတယ်
ဝက်ရှ်လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးမှာ ပျော်မွေ့တဲ့အကြိမ်ရေနဲ့ အသက်ရှင်နှုန်းအကြား ဆက်စပ်မှုကို လေ့လာကြည့်ခဲ့ပါတယ်။ လေ့လာမှုအရ တစ်ပတ်မှာ Sex နှစ်ကြိမ်နဲ့ အထက်ရှိသူအမျိုးသားတွေက တစ်လမှာ Sex တစ်ကြိမ်အောက်နည်းသူအမျိုးသားတွေထက် တစ်နှစ်စောပြီး သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာသူတွေက ဆိုပါတယ်။
(၇) စိတ်ချမ်းသာစေပါတယ်
လူဦးရေ ၁၈၀ဝ ကျော်ကို လေ့လာတဲ့ အမေရိကန်လေ့လာမှုတစ်ရပ်အရ အိမ်ထောင်မှုသုခ အပြည့်အဝရရှိတာကြောင့် အောက်ဆီတိုစင်နဲ့ အန်ဒေါ်ဖင်ဟော်မုန်းတို့ အထွက်တိုးကာ စိတ်ချမ်းသာမှုရရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကြကြောင်း သိရပါတယ်။