———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———
ဘယ်အသက်အရွယ်မဆို အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာကြောင့် သက်ရှည်ကျန်းမာတာ၊ စိတ်ခံစားမှုကောင်းတာနဲ့ ကိုယ်အလေးချိန်ထိန်းနိုင်တာ စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေကြောင်း သိပြီးဖြစ်မှာပါ။ အခုအခါ သိပ္ပံပညာရှင်တွေရဲ့ လတ်တလောလေ့လာအတည်ပြုထားတဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) အိပ်မောကျစေပါတယ်
အိပ်မပျော်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ နွားနို့သောက်တာကြောင့် နွားနို့ထဲမှာပါတဲ့ ပရိုတင်းဓာတ်ရရှိကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေရုံသာမက နောက်တစ်နေ့မှာ လန်းဆန်းနေစေပါတယ်။ ဒါ့အပြင် နွားနို့ထဲက ထရစ်ပတိုဖန်ဟာ ဆီရိုတိုနင်နဲ့ မယ်လတိုနင်အဆင့်ကို မြင့်တက်စေပြီး အိပ်ရေးဝ၀အိပ်ပျော်စေပါတယ်။ နွားနို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေမှာ ကယ်လ်စီယမ်ပါဝင်တဲ့အတွက် ထရစ်ပတိုဖန်ကို စိတ်တည်ငြိမ်စေတဲ့ မယ်လတိုနင်အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။
(၂) အရိုးအဆစ် သန်စွမ်းစေပါတယ်
နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတာတွေမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဟာ အရိုး၊ အဆစ်တွေကို သန်စွမ်းစေပါတယ်။
(၃) နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်းဖြစ်နှုန်း လျော့ကျစေပါတယ်
တစ်နေ့မှာ နို့တစ်ခွက်မှန်မှန် သောက်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာတွေနဲ့ လေဖြတ်တာတို့ ဖြစ်နှုန်းကို ၁၅-၂၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
(၄) ဝမ်းမှန်စေပါတယ်
တစ်နေ့နို့တစ်ဖန်ခွက် မှန်မှန်သောက်ပေးတာကြောင့် ဝမ်းမှန်မှန်သွားစေပါတယ်။
(၅) ပူစပ်မှုကို လျော့ကျစေပါတယ်
ပူစပ်တဲ့ အစားအသောက်စားပြီးချိန်မှာ နွားနို့သောက်လိုက်တာကြောင့် ပူစပ်တဲ့ခံစားမှုကို လျော့ကျစေပါတယ်။
နို့တွင်ပါဝင်သည့် အဓိကအာဟာရဓာတ် ၉ မျိုး
(၁) ကယ်လ်ဆီယမ်-အရိုးနဲ့ သွားတွေကျန်းမာစေပြီး အရိုးထုထည် အားကောင်းစေပါတယ်။
(၂) ပရိုတင်း-စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းဓာတ်က ကြွက်သားတစ်သျှူးတွေကို တည်ဆောက်/ပြုပြင်ပေးပါတယ်။
(၃) ပိုတက်ဆီယမ်-သွေးဖိအားကို ကောင်းမွန်အောင် ထိန်းပေးပါတယ်။
(၄) ဖော့စ်ဖရပ်စ်-အရိုးသန်စွမ်းစေပြီး စွမ်းအင်ထုတ်ပေးပါတယ်။
(၅) ဗီတာမင်ဒီ-အရိုးတွေကို သန်စွမ်းစေပါတယ်။
(၆) ဗီတာမင် B12-သွေးနီဥကို တည်ဆောက်ပေးပြီး အာရုံကြောတစ်သျှူးတွေကို အားကောင်းစေပါတယ်။
(၇) ဗီတာမင်အေ-ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အမြင်အာရုံနဲ့ အရေပြားကို ကျန်းမာစေပါတယ်။
(၈) ရိုင်ဘိုဖလေဗင်- စားသမျှအစားအသောက်ကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။
(၉) နိုင်ယာစင်-သကြားနဲ့ ဖက်တီးအက်စစ်ကို တည်ဆောက်ပြုပြင်ပေးပါတယ်။