Healthy Life Ad
Q & A

နာတာရှည် ရင်ခေါင်းအောင့်နေတဲ့ လူနာအကြောင်း . . .

—–၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ဆရာ့အတွေ့အကြုံအရ ရင်ခေါင်းအောင့်တဲ့ ဝေဒနာကို နာတာရှည်ခံစားနေရတဲ့ လူနာရှိရင် သိပါရစေ။

A. ရင်ခေါင်းအောင့်တဲ့ ဝေဒနာကို အကြာကြီး ခံစားနေရတဲ့ လူနာတစ်ဦး အကြောင်း ပြောပြချင်ပါတယ်။ သူက ဘားအံဘက်က အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ။ သူခံစားရတဲ့ လက္ခဏာက ရင်ခေါင်းအောင့်နေလို့ ဘာကိုမှ စားလို့မရတာပါ။ ဒါနဲ့ ဆရာဝန်ဆီသွားပြတော့ ရိုးရိုးအစာကြေဆေးပဲ ပေးလိုက်တယ်လို့ ပြောပြပါတယ်။ အစာကြေဆေးသောက်တော့လည်း မသက်သာခဲ့ပါဘူး။ မသက်သာတော့ ဆေးရုံမှာလာပြပါတယ်။ အဲဒီမှာ တာဝန်ရှိအထူးကု ဆရာဝန်ကြီးတွေက မသင်္ကာတာနဲ့ အစာအိမ်မှန်ပြောင်းကြည့်ပြီး စစ်ဆေးပေးလိုက်ပါတယ်။ အဲဒီအခါ အစာရေမျိုပြွန်က အတော်လေးရောင်နေတာကို တွေ့ရပါတယ်။ သူဖြစ်နေတာက စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတဲ့ စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန်ရောင်ရမ်းတဲ့ ဝေဒနာပါ။ ဒီရောဂါက အသက်ကြီးမှ ဖြစ်တတ်ပေမယ့် ဒီလူနာကောင်မလေးက အသက်ငယ်ငယ်နဲ့ ဖြစ်နေပါတယ်။

အစာအိမ်မှန်ပြောင်းနဲ့ကြည့်ရင် ကောင်းတာတစ်ခုက ရိုးရိုးအစာအိမ်ရောင်တာလား၊ ကင်ဆာလားဆိုတာ သိနိုင်ပါတယ်။ ဒီလူနာကောင်မလေး ဖြစ်နေတဲ့ အစာရေမျိုပြွန်ရောင်တာက ရိုးရိုးရောင်တာဖြစ်ပြီး စားချဉ့်ပြန်တာကြောင့် ဖြစ်တယ်ဆိုတာ မှန်ပြောင်း စစ်ဆေးမှုအရ သိသွားပါတယ်။ အဲဒီအခါ သေချာအောင် အသားစယူစစ်ဆေးလိုက်ပြီး အစာရေမျိုပြွန်ကျဉ်းနေပြီလား၊ ရိုးရိုးပဲရောင်တာလား၊ ကင်ဆာလားဆိုတာ ရှာပါတယ်။ ရိုးရိုးအစာရေမျိုပြွန်ရောင်တယ်ဆိုတာ သိလိုက်တော့ အရင်ဆုံး ဆေးဝါးနဲ့ ကုသမှုပေးပါတယ်။ ဆေးနဲ့ကုသလို့ တစ်ပတ်လောက်ကြာတဲ့အခါ မသက်သာမှ ဆရာက ခွဲစိတ်ကုသပေးလိုက်ရပါတယ်။ Fundopligation နည်းနဲ့ ကုသပေးလိုက်တော့ ကောင်းသွားပါတယ်။ တကယ်လို့ အစာရေမျိုပြွန်ရောင်တာကို ကုသမှုမခံယူဘဲ အချိန်ကြာကြာဖြစ်နေရင် ကင်ဆာအဖြစ် ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် အစာမျိုလို့မရဘူးဆိုရင် မပေါ့ဆဘဲ စနစ်တကျ နားလည်တတ်ကျွမ်းတဲ့သူနဲ့ ပြသပါ၊ စနစ်တကျကုသရင် ပျောက်သွားပါတယ်။

“အစာရေမျိုပြွန် ရောင်ရမ်းစေတဲ့ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲက ဆရာတို့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆိုင်တဲ့အပိုင်းက စားချဉ့်ပြန်တာကြောင့်ဖြစ်တဲ့ အစာရေမျိုပြွန် ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ စားချဉ့်ပြန်တာကြောင့်” . . .

Q. အစာရေမျိုပြွန်ရောင်တာက စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာလား ဆရာ။

A. အစာရေမျိုပြွန်ရောင်တာက ရုတ်တရက်ဖြစ်တာဆိုရင် မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ အစာရေမျိုပြွန်ရောင်တာက အကြာကြီးဖြစ်နေရင် အစာကိုမစားနိုင်ဘဲ အာဟာရချို့တဲ့မှု ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့အခါ ကိုယ်ခံစွမ်းအားက ကျလာတတ်ပြီး တခြားရောဂါတွေ ဝင်တတ်ပါတယ်။ စားချဉ့်ပြန်ရောဂါ ဖြစ်တာကြာသွားပြီး ကုသမှုမခံယူရင် အစာရေမျိုပြွန်ကင်ဆာ ဖြစ်သွားတတ်ပါတယ်။
အစာရေမျိုပြွန်ရောင်တာ ကြာသွားရင်လည်း လမ်းကြောင်းကျဉ်းသွားတတ်ပါတယ်။ အဲဒီအခါ အစာကို စားလို့မရတော့ဘဲ ရောဂါအခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ နောက်ပိုင်းမှာ အရည်ကိုတောင် မျိုလို့မရတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

Q. ဘယ်လိုအကြောင်းတွေကြောင့် အစာရေမျိုပြွန် ရောင်ရမ်းစေနိုင်ပါသလဲ ဆရာ။

A. အစာရေမျိုပြွန် ရောင်ရမ်းစေတဲ့ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီအထဲက ဆရာတို့ ခွဲစိတ်ဆရာဝန်တွေနဲ့ ဆိုင်တဲ့ အပိုင်းက စားချဉ့်ပြန်တာကြောင့်ဖြစ်တဲ့ အစာရေမျိုပြွန် ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ စားချဉ့်ပြန်တာကြောင့် အစာရေမျိုပြွန် ရောင်ရမ်းတာက အစားအသောက်နဲ့ ဆက်စပ်နေပါတယ်။ ခရမ်းချဉ်သီး၊ ချဉ်တဲ့အသီး၊ အရက်၊ ကဖင်းဓာတ်၊ အပူအစပ်လွန်ကဲတဲ့အစာ၊ ကြက်သွန်၊ ချောကလက် စတာတွေကို များများစားသောက်ရင် အစာရေမျိုပြွန် ရောင်စေနိုင်ပါတယ်။

နောက်ဖြစ်နိုင်ခြေများတဲ့ အချက်တွေကတော့ အဝလွန်တာ၊ ဆေးလိပ်သောက်တာ၊ ကိုယ်ဝန်ဆောင်တာတို့ ဖြစ်ကြပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့် အစာရေမျိုပြွန် ရောင်တာက မျိုးရိုးလိုက်တတ်ပါတယ်။ ဒါက လူနည်းစုပဲ ဖြစ်တတ်ပါတယ်။

ဆေးသောက်ပြီး ရေသောက်လေ့မရှိရင်၊ ဆေးသောက်ပြီး ချက်ချင်းလှဲအိပ်ရင်လည်း အစာရေမျိုပြွန် ရောင်တတ်ပါတယ်။ အစာရေမျိုပြွန်ရောင်တာ က အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အစာရေမျိုပြွန် ရောင်ရမ်းတာက ကုသမှုမခံယူဘဲ နေလို့ကြာသွားတဲ့အခါ ကင်ဆာအဖြစ် ပြောင်းတတ်တာကြောင့် စောစောကုသမှု ခံယူကြပါလို့ အကြံပြုပြောကြားလိုပါတယ်။

Most Popular

Healthy Life Ad
To Top