Healthy Life Ad
Health Tips

ဂွေးသီးစားခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးကောင်းကျိုးမျာ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သရက်သီးနဲ့ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည်ရွှမ်းသလို ကယ်လိုရီပါဝင်မှု ပိုလျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်…

(၁) ကယ်လိုရီပါဝင်မှု လျော့နည်းခြင်း

ဂွေးသီးဟာ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ၁၀ဝ ဂရမ် အလေးချိန်ရှိတဲ့ ဂွေးသီးတွေမှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သရက်သီး ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါဝင်တာကြောင့် ကယ်လိုရီနှစ်ဆနီးပါး လျော့နည်းမှုရှိပါတယ်။ ဒါကြောင့် ကယ်လိုရီများများ မရရှိဘဲ အစာစားချင်စိတ်ကို ကျေနပ်မှုရရှိစေကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်စေပါတယ်။

(၂) အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်း

ဂွေးသီးမှာ အမျှင်ဓာတ်များများ ပါဝင်ပါတယ်။ ဂွေးသီး ၁၀ဝ ဂရမ်ပမာဏမှာ အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ် ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ ့ ၂၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန်သွားစေတာ၊ အူမကြီးရဲ ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်းကင်းစေတာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အစာကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ ဂွေးသီးစားတာကြောင့် ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

(၃) သံဓာတ်ပါဝင်မှု များခြင်း

ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မားပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ်မှာ သံဓာတ်ချို ့တဲ့တဲ့ သွေးအားနည်းရောဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ် ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိစေပါတယ်။

(၄) ဗီတာမင်စီ ပါဝင်မှုများခြင်း

ဂွေးသီးတစ်ခွက်စာပမာဏမှာ ဗီတာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်းအတာရဲ ့ တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်ပါတယ်။ ကော်လာဂျင် တည်ဆောက်မှုအတွက် လိုအပ်သလို အနာကျက်စေပါတယ်။ ဗီတာမင်စီက အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာရေးအတွက် အရေးပါသလို ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပါတယ်။

(၅) ကယ်လ်စီယမ် ပါဝင်ခြင်း

ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီယမ် ၃၂ မီလီဂရမ် ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ ့ သုံးရာခိုင်နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သားလုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေးအတွက် ကယ်လ်စီယမ်အလုံအလောက် မှီဝဲဖို့ လိုအပ်နေပါတယ်။

လတ်တလောလေ့လာမှု

နိုင်ဂျီးရီးယားရဲ ့ လတ်တလော လေ့လာမှုအရ ဂွေးသီးမှာ Ampicillin နဲ့ Gentomycin တို့လို ပိုးသတ်အာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဂွေးသီးမှာ ရောင်ရမ်းမှုနဲ့ ကိုက်ခဲမှု လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် ရာသီလာစဉ် ဝေဒနာတွေမဖြစ်အောင် တွန်းလှန်နိုင်စွမ်း ရှိတယ်လို့လည်း လေ့လာမှုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

Most Popular

Healthy Life Ad
To Top