Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်း၊ အရည်ကြည်ဆင်းရင် ဘာလုပ်သင့်ပါသလဲ

—၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာ၊ အရည်ကြည်ဆင်းတာတွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။ အဲဒီလို သွေးဆင်း/အရည်ကြည်ဆင်းရင် ဘာလုပ်သင့်ပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းရင် ကြောက်တာပေါ့။ သွေးဆိုတာ အသက်ပဲလေ။ သွေးတွေထွက်သွားပြီဆို နောက်က အသက်ပါပါသွားတတ်တာကိုး။ ဟိုးကိုယ်ဝန်အစမှာ သွေးဆင်းရင် ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး ကလေးလေး ဆုံးရှုံးသွားမယ့်အန္တရာယ်က သွေးစဆင်းတာနဲ့ စပါတယ်။ နောက်ပြီး တဖြည်းဖြည်းနဲ့ ကိုယ်ဝန်လရင့်လာတဲ့အခါမှာလည်း သွေးဆင်းတတ်ပါတယ်။ သွေးဆင်းတာကလည်း အရေးကြီးပါတယ်။

ဘာကြောင့် သွေးဆင်းရတာလဲဆိုတဲ့ အကြောင်းရင်းကို ရအောင်လိုက်ရှာရပါတယ်။ တစ်ခါတလေကျရင် အချင်းကရှေ့မှာ ပိတ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း သွေးဆင်းတတ်ပါတယ်။ တစ်ခါတလေကျရင် အကြောင်းတစ်ခုခုကြောင့် အချင်းက ကွာကျသွားရင်လည်း ကိုယ်ဝန်ဆောင်မိခင်မှာ သွေးဆင်းတတ်ပါတယ်။ ဆရာတို့နိုင်ငံမှာ နောက်ထပ်အကြောင်းတစ်ခု ရှိသေးတယ်။ သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်တာ၊ သားအိမ်ခေါင်းမှာ အနာဖြစ်တာ၊ သားအိမ်ခေါင်းမှာ အသားပိုဖြစ်ပြီး သွေးတွေဆင်းတာတွေလည်း ဖြစ်တတ်ပါတယ်။ မျိုးစုံပါပဲ။ ဒါကြောင့် သွေးဆင်းပြီဆိုရင် မပေါ့ဆရပါဘူး။ ဆရာဝန်နဲ့ သေချာပြပြီး ဘာကြောင့် သွေးဆင်းတာလဲဆိုတာကို ရအောင်ရှာပြီး သေချာကုသဖို့ လိုပါတယ်။

“ဟိုးကိုယ်ဝန်အစမှာ သွေးဆင်းရင် ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး ကလေးလေး ဆုံးရှုံးသွားမယ့်အန္တရာယ်က သွေးစဆင်းတာနဲ့ စပါတယ်။ နောက်ပြီး တဖြည်းဖြည်းနဲ့ ကိုယ်ဝန်လရင့်လာတဲ့ အခါမှာလည်း သွေးဆင်းတတ်ပါတယ်။ သွေးဆင်းတာကလည်း အရေးကြီးပါတယ်”. . .

နောက်တစ်ခုကကျတော့ ရေဆင်းတာ၊ အရည်ကြည်ဆင်းတာပါ။ ကိုယ်ဝန်ဆောင်မိခင်က အရည်ကြည်ကြည်ဆင်းရင် ဖြစ်နိုင်တာ သုံးခုရှိပါတယ်။ တစ်ခုက ဘာလဲဆိုရင် ရေမြွှာပေါက်သွားတာပါ။ ကလေးလေးက မိခင်ရဲ့ သားအိမ်ထဲ ရေမြွှာအိတ်လေးထဲမှာ နေတာ။ ဘေးမှာ ရေမြွှာရည်တွေ ရှိတယ်။ ဘေးက အိတ်အကာလေးဟာ အကြောင်းတစ်ခုခုကြောင့် ပေါက်ထွက်သွားရင် အရမ်းအရေးကြီးပါတယ်။ ရေပေါင်တယ်၊ ရေမြွှာပေါက်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို ရေတွေ အများကြီးထွက်သွားရင် ကလေးအတွက် အန္တရာယ်ရှိတယ်၊ ရောဂါပိုးတွေ ဝင်တတ်တယ်။

ဒါပေမဲ့ ရေဆင်းတိုင်း ရေမြွှာပေါက်တယ်လို့ ပြောလို့မရပြန်ဘူး။ တစ်ခါတလေကျရင် ကိုယ်ဝန်ဆောင်မိခင်တွေက ရှူရှူးထွက်ကျတတ်တယ်။ ရှူရှူးပေါက်တဲ့အခါ ထိန်းပေးတဲ့ ကြွက်သားတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အားနည်းသွားတယ်။ ကြွက်သားအားလျော့သွားအောင် လုပ်ပေးတဲ့ အရာတွေရှိတယ်။ အဲဒါမှလည်း ကလေးမွေးတဲ့အခါ လွယ်လွယ်ကူကူ မွေးနိုင်မှာလေ။ အဲဒီလို ကြွက်သားအားလျော့အောင် လုပ်ထားတော့ ကိုယ်ဝန်ဆောင်မိခင်က ဘာကြောင့်မှန်းမသိဘဲ ရွှတ်ဆို ရှူးထွက်သွားတတ်ပါတယ်။ အဲဒီထွက်နေတဲ့ အရည်က ရှူရှူးလည်း ဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်က အဖြူဆင်းတာလည်း ရှိပါတယ်။ အဖြူဆိုတာက သားအိမ်ရဲ့ခေါင်းမှာရှိတဲ့ အချွဲလေးတွေ၊ မွေးလမ်းကြောင်း နံရံမှာရှိတဲ့ အရည်တွေက တစ်ခါတလေကျရင် အများကြီး ဖြစ်နေတတ်ပါတယ်။ ဟော်မုန်းတွေကလည်း အများကြီးထွက်တာကိုး။ အဲဒီအဖြူဆင်းတာကလည်း တစ်ခါတလေ ရေနဲ့တောင် မှားတတ်ပါတယ်။ အဲဒါကြောင့်မို့ အရည်ကြည်တွေ ဆင်းလာပြီဆို ရေမြွှာပေါက်သွားတာလား၊ ရှူရှူးလား၊ အဖြူလားဆိုတာ သေချာခွဲခြားရပါတယ်။ အဖြူဆင်းတာ၊ ရှူရှူးထွက်တာဆိုရင် သိပ်ပြဿနာမရှိပေမယ့် ရေမြွှာပေါက်တာဆိုရင်တော့ အရေးကြီးပါတယ်။

ဒါကြောင့် အရည်ဆင်းပြီဆိုရင်လည်း ကိုယ်ဝန်ဆောင်မိခင်က မပေါ့ဆရပါဘူး။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြပြီး သင့်တော်တဲ့ကုသမှု ခံယူရပါမယ်။

Most Popular

Healthy Life Ad
To Top