Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ဖောလစ်အက်စစ် သောက်တာများရင် ကလေးအသားမည်းတယ်ဆိုတာ မှန်ပါသလား . . .

—၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ် သောက်သင့်တယ်လို့ ဆိုကြပေမယ့် ဖောလစ်အက်စစ် သောက်တာများရင် ကလေးအသားမည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကကော ဟုတ်ပါသလားဆရာ။ ဖောလစ်အက်စစ်ကို တစ်နေ့မှာ ဘယ်လောက်သောက်သင့်ပါသလဲ။

A. ဖောလစ်အက်စစ်ဆိုတဲ့ ဗီတာမင်ဘီအုပ်စုထဲမှာပါတဲ့ ဆေးပြားလေးက ကိုယ်ဝန်ဆောင်မိခင်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိပါတယ်။ ဖောလစ်အက်စစ်ဆေးပြားလေးဟာ မွေးလာတဲ့ ကလေးလေးရဲ့ ကိုယ်လက်အင်္ဂါ မချို့ယွင်းအောင် အများကြီး ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမှာ ဖြစ်တတ်တဲ့ မွေးရာပါချို့ယွင်းချက်တွေ . . တစ်ခါတလေ ဦးခေါင်းခွံကြီးမပါတာ၊ ကျောရိုးမှာ အပေါက်ကြီးဖြစ်နေတာ စတဲ့ မွေးရာပါချို့ယွင်းချက်တွေကို အများကြီး ကာကွယ်နိုင်ပါတယ်။ ကာကွယ်နိုင်တဲ့အတွက် ဖောလစ်အက်စစ်ကို သောက်ရပါမယ်။ အဲဒီမှာလည်း ကိုယ်ဝန်ဆောင်လို့ ဗိုက်လာအပ်တဲ့အချိန်မှာ စသောက်တယ်ဆိုရင် ဗိုက်အပ်တာကလည်း ကိုယ်ဝန် ၅ လလောက်မှ လာအပ်တာများတယ်။ အဲဒီအချိန်ကျမှ ဖောလစ်အက်စစ်ကို စသောက်မယ်ဆိုရင် အရမ်းနောက်ကျသွားပါပြီ။ ဗိုက်ထဲက သန္ဓေသားရဲ့ ကိုယ်လက်အင်္ဂါလေးတွေ စဖြစ်တယ်ဆိုတာ ကိုယ်ဝန်ပထမသုံးလမှာ စဖြစ်တာပါ။

“ကိုယ်ဝန်ဆောင်မိခင်တွေကစပြီး ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်ကတည်းက ဖောလစ်အက်စစ်ကို တစ်နေ့မှာ တကယ်လိုအပ်တဲ့ 400mcg ကို မှီဝဲသင့်ပါတယ်။ တချို့မိခင်တွေမှာ ဒီ့ထက်ပိုပြီး လိုအပ်ပါတယ်။ ဘယ်လိုကိုယ်ဝန်ဆောင် မိခင်မျိုးလဲဆိုတော့” . . .

အဲဒီတော့ ဖောလစ်အက်စစ်ကို ကလေးကိုယ်လက်အင်္ဂါ စဖြစ်တဲ့အချိန်ထက် နှစ်လလောက်ကြိုပြီး သောက်ရပါတယ်။ အဲဒီလို ကြိုသောက်ဖို့လည်း ဆရာတို့က ပြောလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက စပြီး ကလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်ကတည်းက ဖောလစ်အက်စစ်ကို တစ်နေ့မှာ တကယ်လိုအပ်တဲ့ 400 mcg ကို မှီဝဲသင့်ပါတယ်။ တချို့မိခင်တွေမှာ ဒီ့ထက်ပိုပြီး လိုအပ်ပါတယ်။ ဘယ်လိုကိုယ်ဝန်ဆောင် မိခင်မျိုးလဲဆိုတော့ အရင်တုန်းက ဒီလိုမျိုး ဦးနှောက်နဲ့အာရုံကြောမှာ ချို့ယွင်းချက်ပါပြီး မွေးဖူးတဲ့မိခင်၊ ဆီးချိုသွေးချိုရောဂါရှိတဲ့ မိခင်တွေက ဦးနှောက်နဲ့အာရုံကြော ချို့ယွင်းချက်ပါတဲ့ ကလေးမွေးနိုင်ခြေက သူများတွေထက် ပိုပြီးများတယ်။ အဲဒီတော့ 400 mcg နဲ့ မရဘူး။ အဲဒီရဲ့ ၁၀ဆဖြစ်တဲ့ 4 mg၊ 5mg အထိ တိုက်ရတတ်ပါတယ်။ ဘီပီအိုင်ကထုတ်တဲ့ ဖောလစ်အက်စစ်က 5mg ပါတယ်။ အဲဒီတစ်လုံးသောက်လိုက်ရင် အတော်ပါပဲ။ ဖောလစ်အက်စစ်ကို သောက်တာက တကယ်ကို အရေးကြီးပါတယ်။ ကိုယ်ဝန်မရှိခင်ကတည်းက စပြီး ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်တဲ့နေ့မှာ စသောက်ရပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အချိန်မှာ ကိုယ်ဝန်ရသွားမလဲဆိုတာ မသိလို့ပါပဲ။

ဖောလစ်အက်စစ်များသွားရင် ကလေးအသားမည်းတယ်ဆိုတာ ဘယ်သူတွေ ဘယ်လိုပြောသလဲ ဆရာလည်း မသိဘူး။ ဆေးပညာမှာတော့ မရှိပါဘူး။ ဗီတာမင်ထဲမှာ နှစ်မျိုးရှိတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်နဲ့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ဆိုပြီး နှစ်မျိုးရှိတဲ့အနက် ဖောလစ်အက်စစ်က ရေထဲမှာပျော်သွားတဲ့ ဗီတာမင်ဖြစ်တဲ့အတွက် များသွားလည်း ရှူးပေါက်တဲ့အခါ ပါသွားမှာပဲ။ အန္တရာယ်မရှိပါဘူး။ ဗီတာမင်အေလိုမျိုး အဆီမှာပျော်တဲ့ ဗီတာမင်ကျတော့ များရင် အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာ ဗီတာမင်အေကို အများကြီး မသောက်ရဘူး။ သောက်လိုက်ရင် ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ကလေးဖြစ်တတ်တယ်။ အဲဒါကြောင့် ဖောလစ်အက်စစ်နဲ့ ပတ်သက်လို့ သောက်တာများသွားရင် ကလေးအသားမည်းမယ်ဆိုတာ ဆေးပညာသုတေသနတွေမှာ မတွေ့ရပါဘူး။

Most Popular

Healthy Life Ad
To Top