Healthy Life Ad
Q & A

သွေးတွင်းအဆီများ၊ မများတိုင်းတာနည်း

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. သွေးတွင်းအဆီများ၊ မများသိဖို့ ဘယ်လိုတိုင်းတာနည်းတွေကို လုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. သွေးတွင်းအဆီများတာကို သိဖို့က သွေးဖောက်စစ်မှ သိနိုင်ပါတယ်။ သွေးဖောက်စစ်တဲ့နေရာမှာ Fasting ကို စစ်မှရပါတယ်။ Fasting ဆိုတာ ညဆယ်နာရီနောက်ပိုင်း ဘာမှမစားရဘူး။ ဗိုက်ဆာရင် ရေသောက်လို့ရပါတယ်။ အဲဒီလိုနေပြီး မနက် ၆ နာရီ-၇ နာရီလောက်မှာ သွေးဖောက်စစ်ပါတယ်။ သွေးဖောက်စစ်လိုက်တဲ့အခါမှာ Fasting Lipid Profile ဆိုတဲ့ရလဒ် ထွက်လာပါတယ်။ အဲဒီထဲမှာ မကောင်းတဲ့ ကိုလက်စထရော LDL ဆိုတာပါတယ်။ ကောင်းတဲ့ကိုလက်စထရော HDL ဆိုတာပါတယ်၊ Total Cholesterol ဆိုတာပါတယ်၊ TG (Triglyceride) ဆိုတဲ့ ထရိုင်ဂလစ်စရိုက်ဆိုတာလည်းပါတယ်။ ဒီထဲမှာ HDL က ကောင်းတဲ့ကိုလက်စထရောပါ၊ ကျန်တဲ့သုံးမျိုးကတော့ မကောင်းတဲ့ ကိုလက်စထရောတွေပါ။

အကြမ်းအားဖြင့်တော့ ကျန်းမာဖို့အတွက် ကောင်းတဲ့ကိုလက်စထရော HDL က ၅၀ ကျော်နေရပါမယ်။ မကောင်းတဲ့ ကိုလက်စထရောတွေဖြစ်တဲ့ LDL က ၁၀ဝ အောက်ဖြစ်ရမယ်၊ TG က ၁၅၀ အောက်ဖြစ်ရပါမယ်၊ Total ကိုလက်စထရောက ၂၀ဝ အောက်ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလိုမဟုတ်ဘဲ မကောင်းတဲ့အဆီတွေ များနေရင် သွေးတွင်းအဆီများတယ်လို့ သတ်မှတ်ပါတယ်။

တကယ်တော့ မကောင်းတဲ့ ကိုလက်စထရော များနေတာကိုလည်း ရောဂါလို့ သတ်မှတ်သလို ကောင်းတဲ့အဆီ ကိုလက်စထရော နည်းနေတာကိုလည်း ရောဂါလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီဓာတ်ကို ဖောက်စစ်တော့မယ်ဆိုရင်တော့ Fasting Lipid Profile က အကောင်းဆုံးလို့ ပြောချင်ပါတယ်။ Total ကိုလက်စထရော တစ်ခုတည်းကိုပဲ စစ်မယ်ဆိုရင် HDL ကျနေလား၊ တက်နေလား၊ LDL, TG ကျနေလား၊ တက်နေလားဆိုတာတွေ မသိနိုင်တော့ပါဘူး။ သွေးတွင်းအဆီကို ဖောက်စစ်ပြီး ခုနက သတ်မှတ်ထားတာတွေထက် နည်းနေတာ၊ များနေတာဆိုရင် သွေးတွင်းအဆီများတဲ့ ရောဂါလို့ သတ်မှတ်ပါတယ်။

“သွေးတွင်းအဆီဓာတ် မများဖို့အတွက် ရှောင်ရမယ့် အစားအသောက်မှာတော့ အဓိကက ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီကို ရှောင်ရပါမယ်။ တခြားအဆီအအိမ့်များတဲ့ အစားအစာ(Saturated Fat)တွေလည်း ရှောင်သင့်ပါတယ်။ တစ်နည်းအားဖြင့်တော့ အခန်းအပူချိန်မှာ” . . .

Q. သွေးတွင်းအဆီမများအောင် ဘယ်လိုအစားအသောက်တွေကို အဓိက ရှောင်သင့်ပါသလဲ ဆရာ။

A. သွေးတွင်းအဆီဓာတ် မများဖို့အတွက် ရှောင်ရမယ့် အစားအသောက်မှာတော့ အဓိကက ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီကို ရှောင်ရပါမယ်။ တခြားအဆီအအိမ့်များတဲ့ အစားအစာ (Saturated Fat) တွေလည်း ရှောင်သင့်ပါတယ်။ တစ်နည်းအားဖြင့်တော့ အခန်းအပူချိန်မှာ ခဲသွားတဲ့အဆီကို မကောင်းတဲ့အဆီလို့ သတ်မှတ်ပါတယ်။ ချိစ်(Cheese)တို့၊ ထောပတ်တို့ကိုလည်း လျော့စားရပါမယ်။ နေထိုင်မူပုံစံကတော့ ချိုလွန်း၊ ငန်လွန်း၊ စိမ့်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို စားသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနည်းပါးတာတွေကြောင့် သွေးတွင်းအဆီ များစေပါတယ်။

Q. သွေးတွင်းအဆီများတာကို ဘယ်လိုနည်းတွေနဲ့ ကာကွယ်သင့်ပါသလဲ ဆရာ။

A. သွေးတွင်းအဆီများတာကို ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံ (Lifestyle)နဲ့ပဲ ကာကွယ်လို့ရပါတယ်။ အပေါ်ကပြောတဲ့ အစားအသောက် ဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေနဲ့ ကာကွယ်လို့ရပါတယ်။ နောက်တစ်ခုကတော့ ထပ်ပြန်ကြော်ဆီတွေကို ရှောင်ပါ။ ထပ်ပြန်ကြော်ဆီဆိုတာ ဥပမာ-အကြော်ကြော်ဖို့ ဆီတွေအများကြီး ထည့်ပြီးကြော်တယ်။ ပြီးတော့ အဲဒီဆီတွေနဲ့ပဲ ထပ်ခါတလဲလဲ ကြော်နေရင်းနဲ့ ဓာတ်တွေက ထပ်တိုးသွားပြီး မကောင်းတဲ့ဆီတွေ ဖြစ်သွားတာကို ဆိုလိုတာပါ။ အဲဒီ မကောင်းတဲ့ဆီကိုတော့ တတ်နိုင်သမျှရှောင်ပါ။ နောက်လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်လောက် လုပ်သင့်ပါတယ်။

ကိုယ်ခန္ဓာကို အဝမလွန်အောင်နဲ့ ခါးမတုတ်အောင် ဂရုစိုက်ပါ။ အစားအသောက် ရှောင်ရုံတစ်ခုနဲ့တင် မလုံလောက်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ရင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွေးတွင်းအဆီဓာတ်က များလာလေ့ရှိပါတယ်။ များလာတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုတွေလည်း အဝမလွန်အောင်နဲ့ သွေးတွင်းအဆီမများအောင် ထိန်းသိမ်းကြပါ။ စိတ်ဖိစီးမှုကို လျှော့ချပြီး သွက်လက်လှုပ်ရှားတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ပါ။ ရေများများသောက်ပါ၊ ဟင်းသီးဟင်းရွက် များများစားပါ။ နောက်တစ်ခုကတော့ သွက်လက်လှုပ်ရှားတဲ့ လူနေမှုပုံစံ (Active Life Style) ဖြစ်အောင် နေထိုင်ပါ။ ပြုံးပြုံးလေးနေပါ။ စိတ်ဖိစီးမှု(Stress) ကို တတ်နိုင်သမျှ လျှော့ချပါလို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top