Healthy Life Ad
Q & A

ဘာကြောင့် ကြို့ထိုးရတာလဲ …

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဘာကြောင့် ကြို့ထိုးရတာပါလဲ ဆရာ။

A. ခန္ဓာကိုယ်ရင်အုပ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သား (Diaphragm)က ပုံမှန်မဟုတ်ဘဲ ထိန်းချုပ်လို့မရတဲ့အခါမှာ ညှစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အသံထွက်တဲ့ Vocal Cord ကို သွားပိတ်မိသလိုဖြစ်ပြီး ကြို့ထိုးရတတ်ပါတယ်။

Q. ဘာတွေနဲ့ ဆက်စပ်ပြီး ကြို့ထိုးတတ်ပါသလဲ ဆရာ။

A. တစ်ခါတလေ အစားအသောက်တွေကို အများကြီး စားလိုက်တာနဲ့လည်း ဆက်စပ်ပြီး ကြို့ထိုးတတ်ပါတယ်။ တစ်ခါတလေကျရင် အရက်ကို အလွန်အကျွံ သောက်ပစ်လိုက်တာနဲ့လည်း ဆက်စပ်ပြီး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ သကြားလုံးတွေကို မြန်မြန်စုပ်မိသွားတဲ့အခါမှာလည်း ကြို့ထိုးတတ်ပါတယ်။ တစ်ခါတလေကျတော့ စိတ်ဖိစီးမှုများပြီး စိတ်လှုပ်ရှားသွားတဲ့အခါမှာလည်း ကြို့ထိုးတတ်ပါတယ်။ တစ်ခါတလေ အမြှုပ်ထအချိုရည် သောက်တဲ့အခါ၊ အပူချိန်ပြောင်းတဲ့အခါ၊ တချို့ရောဂါတွေ ခံစားရတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

“ကြို့ထိုးတာက ခဏအတွင်း သက်သာမသွားဘဲ ရက်လကြာရှည်စွာ ဖြစ်နေရင်တော့ တခြားရောဂါဝေဒနာ တစ်ခုခုများ ရှိနေသလားဆိုတာကို ဆန်းစစ်အဖြေရှာသင့်ပါတယ်။ ကြို့ထိုးတာက ရောဂါတွေရဲ့ လက္ခဏာအနေနဲ့လည်း တွေ့ရတတ်လို့ပါ။”

Q. ကြို့ထိုးတဲ့အခါ အကြိမ်ရေများတဲ့အထိ မပျောက်ရင် မောတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ကြို့ထိုးတဲ့အခါမှာ သက်သာအောင် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ ဆရာ။

A. ကြို့ထိုးလာရင် အလွယ်ဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်တာက ရေအများကြီးကို အဝသောက်တာပါပဲ။ တစ်ခါတလေကျရင် လီမွန်သီးတို့ဘာတို့ ကိုက်ထားတာကို လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ပလုတ်ကျင်းတာမျိုး လုပ်နိုင်ပါတယ်။ ကြို့ထိုးတဲ့အခါမှာ စိတ်ကိုလျှော့ထားသင့်ပါတယ်။ နောက်လုပ်လို့ရတာက စက္ကူအိတ်ဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းဝမှာတေ့ပြီး လေရှူပေးတာပါ။ ဒီနည်းကလည်း ကြို့ထိုးတာကို နည်းနည်း သက်သာသွားတတ်ပါတယ်။

Q. ကြို့ထိုးတာက ရုတ်တရက်မဟုတ်ဘဲ အကြာကြီး ဖြစ်နေရင်ကော ဘယ်လိုဆောင်ရွက်သင့်ပါသလဲ ဆရာ။

A. ကြို့ထိုးတာက ခဏအတွင်း သက်သာမသွားဘဲ ရက်လကြာရှည်စွာ ဖြစ်နေရင်တော့ တခြားရောဂါ ဝေဒနာတစ်ခုခုများ ရှိနေသလားဆိုတာကို ဆန်းစစ်အဖြေရှာသင့်ပါတယ်။ ကြို့ထိုးတာက ရောဂါတွေရဲ့ လက္ခဏာအနေနဲ့လည်း တွေ့ရတတ်လို့ပါ။

Q. တချို့လူတွေက မကြာခဏ ကြို့ထိုးတာ ဖြစ်တတ်တယ်ဆိုရင် မဖြစ်အောင် ဘယ်လိုဆင်ခြင် နေထိုင်သင့်ပါသလဲ ဆရာ။

A. မကြာခဏ ကြို့ထိုးတာ ဖြစ်တတ်တဲ့သူတွေအနေနဲ့ –

• ထမင်းကို အေးအေးဆေးဆေးနဲ့ ပုံမှန်ပဲ စားပေးသင့်ပါတယ်။

• စိတ်လှုပ်ရှားမှုကို လျှော့ချပေးသင့်ပါတယ်။

• အရက်သောက်တာကိုလည်း တတ်နိုင်သမျှ ဆင်ခြင်ပေးသင့်ပါတယ်။

ရက်လရှည်ကြာ ကြို့ထိုးနေရင်တော့ အခြေခံအကြောင်းတရားကို စစ်ဆေးဖို့လိုပါတယ်။ ကင်ဆာရောဂါကြောင့်လား၊ တခြားရောဂါတွေကြောင့်လား ဒါမှမဟုတ် သောက်နေတဲ့ ဆေးဝါးတွေကြောင့်လား ဆိုပြီး ကိုယ်ပြနေကျ မိသားစုဆရာဝန်နဲ့ သေချာဆန်းစစ်ဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top