Healthy Life Ad
Q & A

အရေးကြောင်းသက်သာအောင် မျက်ဝန်းပတ်လည်မှာ ဘိုတော့စ်ထိုးတာက မျက်စိကို ထိခိုက်စေနိုင်ပါသလား …

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. မျက်ခုံးနှစ်ခုကြား၊ မျက်ဝန်းထောင့်မှာ အရေးကြောင်းတွေရှိလို့ ဘိုတော့စ်ထိုးချင်ပါတယ်။ အဲဒါ မျက်စိထိခိုက်နိုင်ပါသလား သိချင်ပါတယ်။
NyiLatt(FB)

A. ဘိုတော့စ် (Botox) ဆိုတာ Botulinum Toxin ဖြစ်ပါတယ်။ မျက်ခုံးနှစ်ခုကြား၊ မျက်ဝန်းထောင့်စတဲ့ နေရာတွေမှာ ဘိုတော့စ်ထိုးတဲ့အခါ ကြွက်သားကို လှုပ်ရှားမှုမရှိအောင် ခဏလုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဘိုတော့စ်ထိုးတဲ့အခါ မျက်နှာမှာရှိတဲ့ အရေးကြောင်းတွေ၊ ပါးရေတွန့်တာတွေက လျော့ကျသွားပြီး မျက်နှာအသားအရေက တင်းတင်းရင်းရင်း ဖြစ်လာပါတယ်။ ဒါက အလှအပနဲ့ ပတ်သက်ပြီး သုံးကြတာပါ။

ဘိုတော့စ်ကို ဆေးပညာကုသမှုအရ သုံးတာက အဓိကအနေနဲ့ မျက်ခွံမှာပဲ သုံးကြပါတယ်။ မျက်ခွံမှာရှိတဲ့ ကြွက်သားတွေ(Orbicularis Oculi Muscle)ကို သေသွားအောင်လုပ်ချင်တဲ့အခါ သုံးပါတယ်။ ဘယ်လိုအခြေအနေမျိုးလဲဆိုရင် မျက်ခွံကြွက်သားတွေ လှုပ်ရှားမှုသိပ်များလာပြီး မျက်ခွံက မှိတ်လိုက်၊ ဖွင့်လိုက် တစ်ချိန်လုံးဖြစ်နေတဲ့ အနေအထားမှာဆိုရင် ဘိုတော့စ်ကိုထိုးရပါတယ်။ ဘိုတော့စ်ဆေးထိုးတဲ့ ပမာဏပေါ်မူတည်ပြီး အာနိသင်က သုံးလကနေ ခြောက်လအထိ ခံပါတယ်။ ပြီးရင် ပြန်ထိုးပါတယ်။

မျက်ခွံကြွက်သား (Lavator Muscle) ထဲကို ဘိုတော့စ်ထိုးလိုက်ရင် မျက်ခွံက အောက်ကျသွားတဲ့ အခြေအနေ (Ptosis)ကို ယာယီပြောင်းသွားပါတယ်။ ဒီလိုဖြစ်အောင် ဘယ်လိုအခြေအနေတွေမှာ လုပ်သလဲဆိုရင် မျက်ခွံက ပိတ်လို့မရတဲ့ အခြေအနေ(Lago-phthalmes)မှာ ထိုးရပါတယ်။

ဘိုတော့စ်ကို မျက်ဝန်းထောင့်နဲ့ မျက်ခုံးနှစ်ခုကြား နေရာတွေမှာ ထိုးတာက မျက်စိကို ဘာမှမထိခိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိထဲကို မဝင်လို့ပါ။ မျက်လုံးပတ်လည်မှာ ရှိတဲ့နေရာတွေ (Adjacent Structure)မှာ ထိုးတာဖြစ်တဲ့အတွက် စိတ်ချလက်ချထိုးလို့ ရပါတယ်။ ဒါက ယာယီပဲ အာနိသင်ရှိတာကြောင့် အချိန်တန်ရင်တော့ ပြေသွားမှာပါ။

Most Popular

Healthy Life Ad
To Top