Healthy Life Ad
Q & A

ကျောက်ကပ်ကျန်းမာရေး သိလိုရာမေး (၄)

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ကျောက်ကပ်မှာ ရေအိတ်တည်တာကို မစုပ်ထုတ်ဘဲ ရေအိတ်ချပ်သွားတဲ့ ကုသနည်း (သို့) ဆေးနည်း ရှိ၊ မရှိ သိပါရစေ။ ကျောက်ကပ်မှာ ရေအိတ်တည်လို့ စုပ်ထုတ်ထားပြီး အခုပြန်ပြည့်လာပါတယ်။ စုပ်မထုတ်ချင်လို့ FAME CLINIC ကို on line ကနေ မေးကြည့်တော့ Nephrotec (ကျောက်ကပ်ဆေး)၊ Woundhealer (အနာကျက်သောက်ဆေး)၊ Biocrush (တပင်တိုင်မြနန်းဆေးတို့ကို တနေ့ ၂ ကြိမ် အစာစားပြီး ၁ နာရီခန့်အကြာတွင် သောက်ခိုင်းပါသည်။ Nerphrotec က ကျောက်ကပ်ရောဂါကို ကုသရာတွင် အသုံးပြုသည်ဟု ဆိုပါသည်။ ထို့အပြင် ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ်ခြင်း လုပ်ငန်းကို ကောင်းမွန်စေရန် ထိန်းသိမ်းပေးနိုင်သည်ဟု ဆိုပါသည်။ Woundhealer ကတော့ အနာကျက်စေသည်ဟု ဆိုပါသည်။ Biocrus ကတော့ ရေအိတ်ကို ချပ်စေပြီး မြစ်ပွားနာအမျိုးမျိုး ကုသရာမှာ သုံးသည်ဟု ဆိုပါသည်။ သို့ပါ၍ ဖော်ပြပါဆေးများ အာနိသင်အရ ကျောက်ကပ်တွင် ရေအိတ်တည်မှုကို အထောက်အကူပြုနိုင်၊ မပြုနိုင်သည်ကို အကြောင်းပြန်ကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
Myat Thura(FB)

A. ကျောက်ကပ်ရေအိတ်က စုပ်ထုတ်တဲ့နည်းပဲ ရှိပါတယ်။ ဒီ့ထက်မကြီးအောင် လုပ်ဖို့ကတော့ ကျောက်ကပ်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသင့်ပါတယ်။ အခုပေးထားတဲ့ Nerphrotec က ကျောက်ကပ်အားဆေးလို့ သိရပါတယ်၊ တပင်တိုင်မြနန်းကတော့ ကင်ဆာမြစ်ပွားနာအတွက် သုံးတယ်လို့ ကြားဖူးပါတယ်။ ဒီဆေးတွေက ရေအိတ်တည်တဲ့သူတွေကို စနစ်တကျစမ်းသပ်ပြီး ဒီဆေးသောက်ရင် ကောင်းတယ်ဆိုတဲ့ အထောက်အထားမျိုး အခုအထိ ဆရာဖတ်ရှုသိရှိမှုမျိုး မရှိသေးပါဘူး။ ဆရာ့အတွေ့အကြုံအရ အနောက်တိုင်းဆေးပညာမှာတော့ ကျောက်ကပ်ရှိ ရေအိတ်ကို ဆေးနဲ့ပျောက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ဖူးသေးပါဘူး။

Q. ဆရာဝန်ကိုပြတာ ကျောက်ကပ်ရောင်တယ် ပြောတယ်ဆရာ။ ဆီးစစ်ကြည့်တော့ ဆီးထဲမှာ ပရိုတင်းပါတယ်ဆရာ။ ကျောက်ကပ်ရောင်တဲ့ လူနာတစ်ယောက် ဘယ်လိုနေထိုင်ရမလဲ။ ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမယ်ဆိုတာလေး ပြောပြပေးပါ။ ဆက်မကုဘဲ ဒီတိုင်းထားရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲဆရာ။ ငွေကြေးမတတ်နိုင်တာလည်း ပါတယ်ဆရာ။
Lwann Lunn(FB)

A. ကျောက်ကပ်ရောင်တယ်၊ ဆီးထဲမှာ ပရိုတင်းဓာတ်တွေပါတယ် . . ဒီရောဂါကို Nephritis လို့ ခေါ်ပါတယ်။ လူတိုင်း အရွယ်တိုင်းမှာ ဖြစ်နိုင်တဲ့ ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဒီရောဂါက ကျောက်ကပ်ရောင်တဲ့အတွက် ကျောက်ကပ်ထဲက အသားဓာတ်တွေ ထွက်သွားပြီးတော့ ခန္ဓာကိုယ်ထဲမှာ အယ်လ်ဗြူမင်အသားဓာတ်နည်းပြီး ခြေထောက်ရောင်ခြင်း၊ ဖောခြင်း၊ မောခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ကုသမှုအနေနဲ့ ဒီရောဂါကို ကျောက်ကပ်အရောင်ကျစေတဲ့ ဆေးပေးတာနဲ့ သွေးထဲမှာ အသားဓာတ်တွေ မထွက်အောင် ကုသပေးပါတယ်။ ကုသမှုမခံယူဘူးဆိုရင် ခြေထောက်ရောင်တာ၊ ဖောတာ၊ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ခြေထောက်ရောင်နေတဲ့ အချိန်မှာတော့ ရေကိုလျှော့သောက်ရပါမယ်၊ အငန်ကို လျှော့ရပါမယ်၊ အသားဓာတ်ကို သင့်ရုံပဲ စားရပါမယ်(အများကြီးစားလို့ မရပါဘူး)၊ နောက်တစ်ခုက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသမှုခံယူရပါမယ်။ ခြေထောက်ကလည်း ဖောနေတယ်၊ မျက်နှာကလည်းအမ်းပြီး မျက်စိဖွင့်လို့ မရဘူးဆိုရင် ပေနေလို့မရဘူး။ ဆရာဝန်ဆီပြပြီး ကုသမှု ခံယူရပါမယ်။

Q. ကျောက်ကပ်မပျက်စီးဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျောက်ကပ်အားကောင်းဖို့ အစားအစာ၊ ဆေးဝါးတွေ သိပါရစေ။
U Kyaw Thu Ya (FB)

A. ကျောက်ကပ်ကတော့ ခန္ဓာကိုယ်ထဲဝင်လာတဲ့ အစားအစာ၊ ဆေးဝါးနဲ့ ဓာတုပစ္စည်းအားလုံးကို ဖြေရှင်းပြီး အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးရတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ ဆေးမြီးတိုတွေသောက်တာ၊ သစ်ဥသစ်ဖုတွေ ပြုတ်သောက်တာတွေ ဆင်ခြင်ဖို့၊ အရောင်ပါတဲ့ ဆိုးဆေးပါဝင်မှုများတာတွေ ဆင်ခြင်ဖို့၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အငန်ကလည်း ကျောက်ကပ်ကို ထိခိုက်စေတဲ့အတွက် ဆားကို သင့်ရုံပဲ စားသင့်ပါတယ်။ ကျောက်ကပ်က သွေးကြောထုံးလေးတွေနဲ့ တည်ဆောက်ထားတာကြောင့် စစ်ထုတ်တာကို ပြုလုပ်တဲ့အတွက် ကျောက်ကပ်အားကောင်းစေတဲ့ ကျောက်ကပ်အားဆေးဆိုပြီး သတ်သတ်မှတ်မှတ် မရှိပါဘူး။ ကျောက်ကပ်ကို ထိခိုက်မယ့်အရာတွေဖြစ်တဲ့ အထက်ကပြောထားတဲ့ အချက်တွေ ဆင်ခြင်ရမယ်၊ ပြီးရင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတာတွေရှိရင် သေချာထိန်းချုပ်ကုသဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ကျောက်ကပ်ထိခိုက်မှု နည်းပါးစေမှာပါ။

Q. ညာဘက်ကျောက်ကပ်မှာ ရေအိတ်တည်နေတာ ဆေးနည်းလေးသိချင်ပါတယ်။
July July(FB)

A. ရေအိတ်ကတော့ အသက်ကြီးလာတဲ့သူတွေမှာ သေးသေးလေး တည်တတ်ပါတယ်။ ရေအိတ်တည်ပြီဆိုရင် ရေအိတ်ကိုပျောက်အောင် လုပ်နိုင်တဲ့ ဆေးမရှိပါဘူး။ ရေအိတ်က ကြီးထွားမှုများပြီး အရွယ်အစားကြီးလာရင် ပိုးဝင်လာနိုင်လို့ ခွဲစိတ်ဖယ်ထုတ်တဲ့နည်းနဲ့ ဖယ်ထုတ်လို့ရပါတယ်။ သောက်ဆေးနဲ့ပျောက်အောင် ကုလို့မရသေးပါဘူး။

Q. ကျွန်တော်က အသက် ၇၀ သက်ကြီးတစ်ဦး ဖြစ်ပါတယ်။ အသက်အရွယ်ရလာသူ တစ်ဦးက ကျောက်ကပ်နဲ့ပတ်သက်ပြီး ပြဿနာကြုံတွေ့ရတတ်ပါတယ်။ အဲဒါနဲ့ ယောကျာ်းမှာခြေထောက်၊ မိန်းမမှာ မျက်နှာဖောမယ်၊ ရောင်ရမ်းနေမယ်ဆိုရင် ကျောက်ကပ်မှာ ရောဂါဖြစ်နေပြီလို့ သိရသလို အခြေအနေမကောင်း၊ တစ်နည်း ကျောက်ကပ်ပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ ဟုတ်ခဲ့ရင် ဘာကြောင့် ဖြစ်ရတာပါလဲ၊ ကျောက်ကပ်ရောဂါမဖြစ်အောင် ဘယ်လိုဆင်ခြင် နေထိုင်စားသောက်ရမလဲဆိုတာ သိချင်ပါတယ်။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

A. ကျောက်ကပ်ရောင်လို့ ကျောက်ကပ်ထဲက အသားဓာတ်တွေ ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အယ်လ်ဗြူမင်အသားဓာတ်နည်းပြီး ဆီးထဲမှာ အသားဓာတ်များလာရာက ခြေထောက်ရောင်ခြင်း၊ ဖောခြင်း၊ မောခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်တာက ကျောက်ကပ်ရောဂါ စတင်ခံစားရချိန်မှာလည်း ဖြစ်နိုင်ပါတယ်၊ ဒီလိုလက္ခဏာတွေ တွေ့ရုံနဲ့ ကျောက်ကပ်ပျက်စီးထိခိုက်နေပြီလို့လည်း မပြောနိုင်ပါဘူး။ ကျောက်ကပ်ရောဂါတွေက ဖြစ်ခါစမှာဆိုရင် ကုသပျောက်ကင်းဖို့ လွယ်ပေမယ့် ထိခိုက်မှုများသွားပြီဆိုရင်တော့ ကုသရခက်ခဲတဲ့ ရောဂါအမျိုးအစား ဖြစ်ပါတယ်။ ပျက်စီးသွားရင် ပြန်ကောင်းဖို့ မလွယ်တဲ့အတွက် မြန်မြန်သိလေ၊ ကုသမှုခံယူရင်း ပြန်ကောင်းနိုင်ခြေများလေလေ ဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကတော့ ကိုယ်ဖြစ်တဲ့ ကျောက်ကပ်ရောဂါအမျိုးအစားပေါ် မူတည်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်ရပါမယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေကတော့ ရေကိုလျှော့သောက်ရပါမယ်၊ အငန်လျှော့စားရပါမယ်၊ ဆေးဝါးနဲ့ အစားအသောက်တွေကို ဆရာဝန်ညွှန်ကြားချက်မှအပ မစားသောက်သင့်ပါဘူး၊ အရက်၊ ဆေးလိပ်တွေကို ဆင်ခြင်ရပါမယ်။

Most Popular

Healthy Life Ad
To Top